နိဗ္ဗာန် - ပရိနိဗ္ဗာန်
ပရိနိဗ္ဗာန် ၃-မျိုး
နိဗ္ဗာန်နှင့် ပရိနိဗ္ဗာန်သည် သဘောတူ၏
ထိုပရိနိဗ္ဗာန်သည် ကိလေသာတို့၏ ငြိမ်းအေးခြင်းဟူသော ကိလေသပရိနိဗ္ဗာန်၊ ရုပ်ခန္ဓာတော်၏
ငြိမ်းအေးခြင်းဟူသော ခန္ဓပရိနိဗ္ဗာန်၊ ဓာတ်တော်တို့၏ ငြိမ်းအေးခြင်းဟူသော
ဓာတုပရိနိဗ္ဗာန်အားဖြင့် ၃-ပါး အပြားရှိ၏။
ကိလေသပရိနိဗ္ဗာန်
သတ္တ၀ါတိုင်း၌ရှိသော လောဘ၊ ဒေါသ၊ မောဟ
စသော ကိလေသာတို့သည် စိတ်ကို ပူလောင်စေကြကုန်၏။ တဏှာ၊ ရာဂ၊ လောဘမီး၏
ပူလောင်မူကြောင့် ဆရာ မိဘ စသူတို့၏ စကားကိုမျှ နားမထောင်နိုင်ဘဲ လုပ်ချင်ရာ
လုပ်ကြသူတွေ၊ အလိုမကျသော ဒေါသမီးကြောင့် ကိုယ့်ကိုယ်ကိုပင် သေကြောင်းကြံကြသူတွေကို
ကြည့်လျှင် လောဘ၊ ဒေါသမီးတို့ ပူလောင်ပုံမှာ အလွန်ထင်ရှား၏။
ခန္ဓပရိနိဗ္ဗာန်
ရုပ် နာမ် ၂-ရပ် ပေါင်းစပ်၍ တည်နေသော
ဤခန္ဓာကိုယ်သည် အေးချမ်း ငြိမ်သက်ခြင်းမရှိသော အပူတုံးသာဖြစ်၏။ ဇာတိမီး ဇရာမီး
မရဏမီးစသော (ရှေး၌ ပြအပ်ခဲ့သော) မီးတစ်ဆယ့်တစ်ပါးသည် ဤ ခန္ဓာကိုယ်၌
တစ်မျိုးပြီးတစ်မျိုး လောင်လျက်ရှိ၏။ ဓမ္မစကြာ ပါဠိတော်၌လာသော ချစ်သူနှင့်
ကွေကွင်းရခြင်း၊ မုန်းသူနှင့်တွဲရခြင်း၊ အလိုရှိတာမရခြင်းကြောင့် ဖြစ်ရသော
ဒုက္ခများလည်း အပူများ ပင်ဖြစ်၏။ ထို့ကြောင့် သတ္တ၀ါတိုင်း၏ ခန္ဓာကိုယ်သည် ဒုက္ခအပူ
မီးအပူတို့ဖြင့် အမြဲပူ၍နေ၏။
အခြားသူတို့၏ ခန္ဓာကိုယ်ကိုမဆိုထားဘိ၊
ဗုဒ္ဓမြတ်စွာ၏ ခန္ဓာကိုယ်တော် သော်မှလည်း ၀မ်းတော်လားချိန်မှစ၍ အားတော်နည်းပါးရကား ၃
ဂါဝုတ်ခရီး၌ မကြာမကြာ နားတော်မူရခြင်း ရေသောက်တော်မူလိုသောကြောင့်
ရေခပ်စေတော်မူရခြင်းအားဖြင့် ခန္ဓာကိုယ်၏ အပူဒဏ်ကို ပင်ပန်းကြီးစွာ
ခံတော်မူရပါသေးသည်။ ထို့ကြောင့် ညောင်စောင်းကလေးအပေါ်မှာပင် ဈာန်ပေါင်းများစွာ
အကြိမ်ကြိမ်အခါခါ ၀င်စားတော်မူပြီး၍ စတုတ္ထဈာန်မှ ထတော်မူသောအခါ ပဋိသန္ဓေ
နေတော်မူတုန်းကဖြစ်သော မဟာဝိပါက် ပထမစိတ်နှင့်တူသော ဘ၀င်စိတ်ဖြင့် ပရိနိဗ္ဗာန်
စံတော်မူခြင်းသည် ရုပ် နာမ် ခန္ဓာဟူသော အပူတုံးကြီး၏ ငြိမ်းအေးခြင်းဟူသော
ခန္ဓပရိနိဗ္ဗာန်ပင် ဖြစ်ပါသည်။ ထို့ကြောင့် - “ခန္ဓပရိနိဗ္ဗာနံ ကုသိနာရာယံ၊ ခန္ဓ
ပရိနိဗ္ဗာန်သည် ကုသိနာရုံမြို့၌ဖြစ်ခဲ့ပြီး ” ဟု ဉာဏ်ဝိဘင်္ဂ
အဋ္ဌကထာ (နှာ - ၄၁၃ ၌) မိန့်သည်။
မီးငြိမ်းခြင်းဥပမာ
ဤ ခန္ဓပရိနိဗ္ဗာန် ဖြစ်တော်မူပုံကိုပင်
ရည်ရွယ်တော်မူ၍ “နိဗ္ဗန္တိဓီရာ ယထယံ ပဒီပေါ = ဘုရား ပစ္စေက ဗုဒ္ဓါရဟန္တာဖြစ်သော
ပညာရှိတို့သည် နောက်ဆုံး ၀ိညာဉ်ဖြစ်သော စုတိစိတ်တော်၏ ချုပ်ခြင်းအားဖြင့်
ငြိမ်းအေးတော်မူကြပြီ။ ဥပမာ - တောက်နေသော ဆီမီးသည် ဆီကုန်သောအခါ ငြိမ်းသကဲ့သို့
ဖြစ်သည်”ဟု ရတနသုတ်၌ ဗုဒ္ဓမြတ်စွာ မိန့်တော်မူ၏။ မဟာပရိနိဗ္ဗာနသုတ်
ပါဠိတော် (နှာ ၁၂၉)၌လည်း “ပဇ္ဇောတေဿဝ နိဗ္ဗာနံ ၀ိမောက္ခော စေတ သော အဟု
- ပရိနိဗ္ဗာန် စုတေစိတ်တော်၏ လွတ်မြောက်တော်မူခြင်း သည် မီးငြိမ်းပုံနှင့်တူသည်”ဟု
အရှင်အနုရုဒ္ဓါ မိန့်တော်မူသည်။
ဓာတုပရိနိဗ္ဗာန်
ဗုဒ္ဓ မြတ်စွာ၏
ဓာတ်အော်အားလုံးစုပေါင်း၍ ဓာတ်ပေါင်းကိုယ်တော်ကို ဓာတ်မီးလောင်ပြီးမှ
ငြိမ်းခြင်းကို “ဓာတုပရိနိဗ္ဗာန်”ဟုခေါ်၏။ ချဲ့ပါဦးမည်။ သာသနာတော်
ကိုးကွယ်မည့် လူတစ်ယောက်တလေမျှ မရှိလောက်အောင် သာသနာ ဆုတ်ယုတ်သောအခါ နေရာဌာန
အသီးသီး၌ တည်တော်မူသော ဓာတ်တော်များသည် ဘုရားဖြစ်ရာ ဗောဓိပင်၌ စုပေါင်းကာ
ရွှေတုံးကြီးကဲ့သို့ ဖြစ်၍ ရောင်ခြည်တော် လွှတ်လိမ့်မည်။
ထိုရောင်ခြည်တော်ကို ဖူးမြင်ရသောအခါ
နတ်ဗြဟ္မာတို့သည် ကပျာကယာ လာကြပြီးလျှင် အရိုးတော် ရွှေတုံးကြီး၌
တေဇောဓာတ်လောင်နေသည်ကို မြင်ရသောအခါ “ယခုမှ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်
စံတော်မူတာပဲ၊ ယခုမှ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူတာပဲ”ဟု ပြောကာပြောကာ
အလွန်ဝမ်းနည်းစွာ ငိုကြွေးကြလေ၏။ အနာဂါမ်၊ ရဟန္တာ နတ် ဗြဟ္မာတို့ကား “ဖြစ်သမျှ
ပျက်ရသည်သာ”ဟု တရားသဘောကိုတွေးကား သံဝေဂဉာဏ်ဖြင့် သည်းခံနိုင်ကြပေသည်။
လင်္ကာ။ ။ဓာတ်တော် မွေတော်၊
ကြွင်းပါသော်လည်း၊ ချွတ်ချော် သာသနာ၊ နောင်သောခါဝယ်၊ ဓာတ်သွယ်သွယ်လည်း၊
ကိုးကွယ်ကြမည့်၊ လူမရှိ၍၊ ဗောဓိပင်မှာ စုပေါင်းကာဖြင့်၊ ရောင်ဝါလွှင့်ပြီး၊
ရွှေတုံးကြီးသို့၊ ဓာတ်မီးလောင်တောက်၊ ကုန်ဆုံးပျောက်က၊ လာရောက်ကြရှာ၊
နတ်ဗြဟ္မာတို့၊ သာသနာဗုဒ္ဓ၊ ယခုမှပင်၊ မုချအတည်၊ ကွယ်ရပြီဟု၊ ငိုမြည်တမ်းတ၊
သံဝေဂဖြင့် မရယူကျုံး၊ ကိုယ်စိတ်ချုံးသည်၊ နောက်ဆုံး သာသာနာ့ပွဲတော်ဘုရား။