ငရဲဒုက္ခ
အကုန်မပြနိုင်
ဤငရဲကြီးရှစ်ထပ်မှ နောက်၌ ဘင်ပုပ်ငရဲစသော ဒုဿဒငရဲများဝယ် ဆင်းရဲပုံတွေ များစွာရှိသေး၏။ ထို့ပြင် ဒု၊ သ၊ န၊ သောဟု ဟစ်အော်ကြသော သူဋ္ဌေးသား ၄ယောက်တို့၏ ကျက်ရာ “လောဟကုမ္ဘီ” သံရည်အိုးငရဲကား ရာဇဂြိုဟ်ပြည်၏အနီး အောက်မှာပင်ရှိ၏။ ရာဇဂြိုဟ်ပြည်အနီးက တပေါဒါမြစ်ခေါ်သော လောဟကုမ္ဘီငရဲ ၂-ခုစပ်ကြားမှ စီးတက်လာသော မြစ်ပင်တည်း။
(ဘိက္ခဝေ၊ ဘိက္ခုတို့။ ယာဝဉ္စိဒံ၊ ငရဲ၌
ဆင်းရဲသလောက်။ အက္ခာနေန၊ ဟောပြတော်မူသဖြင့်။ ပါပုဏိတုံ၊ အပြီးရောက်ခြင်းငှာ။ န
သုကရာ၊ မလွယ်ကုန်။ နိရယာ၊ ငရဲတို့သည်။ ယာဝ၊ အလွန်အကဲသာလျှင်။ ဒုက္ခာ၊ ဆင်းရဲစေတတ်
ဆင်းရဲရာ အရပ်ပေတည်း။)
တိုက်တွန်းချက်
ဤငရဲဒုက္ခကို အဖန်ဖန်စဉ်းစားမိသူသည်
မိမိပြုမိသော အကုသိုလ်အတွက် နောင်တတစ်ဖန် မပူပန်တော့ဘဲ အသစ် အကုသိုလ်မဖြစ်အောင်သာ
သတိထား၍ ကုသိုလ်တရားကို ပွားများအားထုတ် သင့်ပြီ။ ရှေးတုန်းက ဤ ဒေ၀ဒူတသုတ္တန်ကို
ဆရာထံသင်ယူသော ရဟန်းတော်လေးတစ်ပါးသည် “အရှင်ဘုရား... တပည့်တော်ကို စာမချသေးဘဲ
ကမ္မဋ္ဌာန်းကိုသာ ပေးတော်မူပါဘုရား”ဟု ဆရာထံ ကမ္မဋ္ဌာန်းတောင်း၍ တရားအားထုတ်လေရာ
မကြာမီ သောတာပန် ဖြစ်ပြီးနောက် ကျမ်းစာကို ထပ်၍သင်ယူသတဲ့။ ဤ ဒေ၀ဒူတသုတ္တန်၏ အဆုံး၌
တရားကိုအားထုတ်၍ ရဟန္တာဖြစ်သော ပုဂ္ဂိုလ်မြတ်တို့မှာ မရေမတွက်နိုင်အောင်
ရှိခဲ့ဖူးပြီ။ ဘုရားရှင်အဆူဆူလည်း ဤ ဒေ၀ဒူတသုတ္တန်ကို ဟောတော်မူမြဲပင်
ဖြစ်ပါလေသတဲ့။