သံဃာတငရဲ
အပြင်းအထန် ကြိတ်ချေ သတ်ဖြတ်ရာဖြစ်သော
ငရဲကို “သံဃာတငရဲ” ဟုခေါ်သည်။
ထိုငရဲ၏ အောက်မြေအပြင်မှာ
မီးအလျှံတွေထလျက် အထု ၉-ယူဇနာရှိသော သံမြေပြင်ကြီးတည်း။ ထိုငရဲသို့
ကျရောက်သောသူများကို ထိုသံမြေအပြင်၌ (ထန်းပင်ငုတ် ကလေးတွေကို စိုက်ထားသလို)
ခါးထိအောင် စိုက်ထားကြသည်။ ထိုအခါ အရှေ့အရပ်မှလာသော သံတောင်ကြီးက စားမည် ၀ါးမည်ဟု
ဆိုနေသလို တဒိန်းဒိန်း တခြိမ်းခြိမ်းမြည်ဟီးလျက် ကြိတ်ကာ ကြိတ်ကာ အနောက်အရပ်သို့
သွားပြီးနောက် တောင်အရပ်မှ သံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာ ကြိတ်ကာ
မြောက်အရပ်သို့သွားပြီးလျှင် အနောက်အရပ်သို့ရောက်ပြီးသော သံတောင်ကြီးကလည်း
အရှေ့အရပ်သို့ ကြိတ်ကာ ကြိတ်ကာ ပြန်၍လာလေသည်။ ဤနည်းအတိုင်းပင် အရပ်လေးမျက်နှာမှ
သံတောင်တွေ (သန်းဥတုပ်သလို) ဖိနိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံမကုန်သမျှ
ငုတ်စုစုပေါ်ထွက်လျက် ဆက်ကာ ဆက်ကာ အကြိတ်ခံရရှိလေသည်။
အယောမယ ပထဗျံ ယမှိ၊ ကဋိမတ္တံ ပဝေသိတေ။
အယောသေလာ သံဃာတေန္တိ၊ သံဃာတောတိ ပ၀ုစ္စတေ။
ယမှိနနိရယေ- ကံကြမ္မာရင်း ဖန်လာညှဉ်းက မကွင်းနိုင်အောင် အတင်းဆောင်လျက်
သွင်းလှောင်ပိတ်ဆီး အကြင်သို့သော ငရဲကြီး၌၊
အယောမယပထဗျံ၊ ၉-ယူဇနာ အလျှံဖြာသည့် သံမာအတိပြီး
မြေပြင်ကြီးဝယ်၊
ကဋိမတ္တံ-ဖ၀ါးလျှောက်တက် ခါးလောက်နက်အောင်၊
ပဝေသိတေ- ယိမ်းယိုင်ဆုတ်ခံ မလူပ်ရန်ဖို့ မြုပ်နှံသွင်းထား
ငရဲသားတို့ကို၊
အယော သေလာ- ဂျိုးတခြိမ်းခြိမ်း တဟိန်းဟိန်းနှင့် ဒိန်းဒိန်းညံအောင် အလျှံပြောင်ညီး
သံတောင်ကြီးတို့သည်၊
သံဃာတေန္တိ- ရှေ့နောက်နှစ်ဖက် လှည့်စီထွက်၍ ဆက်ဆက်နှိပ်မွှေ ကြိတ်ချေကြလေကုန်၏-
သော နိရယော- သို့ကလို ကံကုန်ပြန်လျှင် ဖန်ဖန်နှိပ်မွှေ ကြိတ်ချေကြရိုး၊
ထိုငရဲအိုးကို၊
သံဃာတောတိ-သံဃာတငရဲဟူ၍။ ပ၀ုစ္စတေ၊ ဗျုပ္ပတ်အလိုက် ရုပ်ဓာတ်ကိုက်အောင်
သမိုက်အပ်လေတော့သတည်း။