Thursday, January 9, 2014
ဂိလာနဒဿန
စိတ္တသံယုတ်ရဲ့ နောက်ဆုံးသုတ်ဟာ
ဂိလာနဒဿနသုတ်ပါပဲ၊
ဂိလာနရဲ့ လမ်းညွှန်မှုကို
ဂိလာနမဟုတ်သူတွေက မှတ်းသားကြတာဖြစ်ပါတယ်။
ဒီသုတ်ဟာ စိတ္တသူကြွယ်ရဲ့ သေတမ်းစာ
သို့မဟုတ် သေတမ်းစကားလို့တောင် ပြောရင်ရနိုင်ပါတယ်။
သုတ်အကျဉ်းချုပ်ကတော့
စိတ္တသူကြွယ် အပြင်းအထန် နာမကျန်းဖြစ်နေချိန်မှာ
နတ်တချို့က လာရောက်ပြီး
နောက်ဘဝမှာ စကြဝတေးမင်းအဖြစ်ကို တောင့်တဖို့ ပြောကြပါတယ်။
အဲဒီအခါ စိတ္တသူကြွယ်က
စကြဝတေးရာထူးဆိုတာ မမြဲဘူး၊
ခိုင်ခံ့မှု မရှိဘူး၊ စွန့်ခွါသွားရမည့် အရာပဲလို့
နတ်တွေကို ပြန်ပြောလိုက်ပါတယ်။
မမြဲဘူး၊ ခိုင်ခံ့မှု မရှိဘူး၊ စွန့်ခွါသွားရမည့် အရာပဲလို့ ပြောတဲ့
စိတ္တသူကြွယ်ရဲ့ အသံကို ဘေးကလူတွေက သတိလွတ်ပြီး
ယောင်ယမ်းပြောတယ်ထင်ကြတာမို့
အကျိုးအကြောင်းပြောလိုက်တော့
သူတို့အတွက်လည်း ဆုံးမစကား ပြောကြားဖို့
တောင်းပန်ကြပါတယ်။
ဒီအခါ စိတ္တသူကြွယ်က သူ့ရဲ့ နောက်ဆုံးအချိန်မှာ
ရတနာသုံးပါးအပေါ်မှာ ရမ်းယုံကြည်တာမျိုး မဟုတ်ပဲ
အသိဉာဏ်နဲ့ ထဲထဲဝင်ဝင် သိပြီး ယုံကြည်မှသာ
ပစ္စည်း, ရာထူးစတဲ့ လိုအပ်ချက်တွေနဲ့ဆွယ်ပြီး ဆွဲနှဲ့သည်ဖြစ်စေ
ခြိမ်းခြောက်မှုမျိုးစုံနဲ့ လှုပ်ရှားအောင်ပြုသည်ဖြစ်စေ
ကိုယ့်ယုံကြည်ချက် မယိမ်းမယိုင်နိုင်တာမို့ အသိဉာဏ်ပညာနဲ့
ခိုင်ခိုင်မြဲမြဲ ယုံကြည်ဖို့ရယ်
အလှူကို သွေးမခွဲဘဲ လှူဒါန်းစွန့်လွှတ်နိုင်ဖို့(အပဋိဝိဘတ္တဖြစ်ဖို့)ရယ်
သြဝါဒပေးပြီး ကွယ်လွန်သွားပါတယ်။
ဒီသုတ်မှာ စဉ်းစားမိတာက
ဒီနတ်တွေက စကြဝတေးရာထူးစည်းစိမ်ထက်
မြင့်မြတ်တဲ့ ရာထူးစိမ်းစည်ကို
ဘာ့ကြောင့် ဆုမတောင်းခိုင်းတာလဲဆိုတာပါပဲ။
အကျိုးလိုလားပြီး လမ်းညွှန်တာတော့အမှန်ပါ။
ဒါနဲ့ ဘယ်လို နတ်မျိုးတွေပါလိမ့်ဆိုပြီးကြည့်တော့
အားလုံးဟာ သစ်ပင်ဥယျာဉ်လောက်တာ
ပိုင်ဆိုင်ကြတဲ့ နတ်တွေဖြစ်နေတယ်။
ဒီတော့ သူတို့အမြင်မှာ လူတွေကို အစိုးတရနဲ့
အုပ်ချုပ်နိုင်တဲ့ စကြဝတေးမင်းရာထူးကို
သူတို့ကိုယ်တိုင် အထင်ကြီးအားကျနေကြလို့လား?
သူတို့နဲ့ဆက်စပ်နေတဲ့ လူ့လောကမှာ
မင်းကောင်းမင်းမြတ် ပေါ်ထွက်လာရေးကို
ကြိတ်မှိတ်ကြံစည်ကာ အတင်းဇွတ်ခိုင်းတာများလားဆိုတာတော့
အဲဒီနတ်တွေမှသာ သိပါလိမ့်မယ်။
သူတို့ပြောတဲ့ မင်းကောင်းမင်းမြတ်ဂုဏ်ရည်က ဓမ္မိကတဲ့
ဓမ္မိကဆိုတာ ကောင်းတဲ့အရည်အချင်းတွေပြည့်စုံပြီး
အဂတိလိုက်စားမှု ကင်းရမယ်တဲ့။
(ဓမ္မိကောတိ ဒသကုသလဓမ္မသမန္နာဂတော အဂတိဂမနရဟိတော။(သံဋ္ဌ-၃၊ ၁၃၉)
အဋ္ဌကထာမှာတော့ ဓမ္မရာဇာဆိုတဲ့ပုဒ်ကို ဖွင့်ပြပါသေးတယ်၊
သို့သော် မူရင်းပါဠိတော်မှာ အဲဒီ ဓမ္မရာဇာဆိုတဲ့ပုဒ်ကို မတွေ့ရပါဘူး။
ဒါလည်း ဒီသုတ်မှာ စဉ်းစားစရာပါပဲ။
စိတ္တသူကြွယ်ကတော့ အများက ဇိမ်လို့ထင်ကြတဲ့
စကြာမင်းစည်းစိမ်ကို ဇိမ်လို့မမြင် အကောင်းလို့မမြင်ခဲ့ပါဘူး။
ဒီမင်းစည်းစိမ် အာဏာဆိုတာ မတည်မြဲဘူး။
ခိုင်မာတဲ့ ဘဝရပ်တည်မှု မဟုတ်ဘူး၊
စွန့်ခွါသွားရမည့် အရာသာဖြစ်တယ်လို့ မြင်ခဲ့တယ်။
ဒီနေရာမှာ အမှတ်ရမိတာလေး ပြောပါဦးမယ်။
အင်းဝမှာပေါ့၊ သတိုးမင်းကြီး ဘွဲ့ခံဝန်ကြီးတစ်ဦးက
လူဝတ်လဲလို့ လူ့ဘဝရောက်ရင်
အထက်တန်းရာထူးရမှာ သေချာတယ်လို့
တာင်နန်းကျောင်း ဆရာတော်ကိုလျှောက်ထားတော့
တောင်နန်းကျောင်း ဆရာတော်က
" သြော်...ဒကာကြီးရယ်၊
အဲသလို ရာထူး ဘွဲ့ထူးတွေ
စည်းစိမ်ချမ်းသာတွေကို
ဘုန်းကြီးတို့ ကုဋီတစ်ခါတက်ရသလောက် တန်ဖိုးမထားပါဘူး" လို့
တုံ့ပြန်မိန့်ဆိုခဲ့ပါသတဲ့။
ဒီခေတ် လူတွေကတော့ ရာထူးတွေ ဘွဲ့ထူးတွေကို ဘယ်လိုမြင်နေသလဲ.....
မိမိသာ ဆိုရင်ကော..........
Labels:
ဆောင်းပါးရနံ့
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ