Sunday, January 26, 2014

"မြစိမ်းက ပုံပြင်တစ်ပုဒ်"


သထုံမြို့ နေမိန္ဒရတောင်အနီးက
ရွှေပါရမီမြစိမ်းသာမဏေကျော်စာသင်တိုက်မှာ
ခေတ္တရောက်နေတုန်း မိတ်ဆွေတွေနဲ့ စကားပြောဖြစ်ပါတယ်။

လတ်တလောဖြစ်နေတဲ့ အကြောင်းအရာတွေရော
ရှေးဟောင်းနှောင်းဖြစ်တွေရော အစုံပေါ့ဗျာ။

ပြောကြဆိုကြ သူ့အမြင် ကိုယ့်အတွေး
အချင်းချင်းဖလှယ်ကြရင်း
မိတ်ဆွေတစ်ဦးက
တစ်ခါတစ်လေမှာ သူ့အတွက် ရည်မှန်းရာကနေ
သူပျောက်ပြီး ငါ့အတွက် ဖြစ်သွားတတ်တယ်-ဆိုတဲ့စကားအစချီပြီး
ပုံပြင်တစ်ပုဒ်ပြောပြပါတယ်။


ဟိုတုန်းက ရွာကျောင်းတစ်ကျောင်မှာ
ဦးသူတော် တစ်ယောက်ရှိပါသတဲ့။

သူဟာ နေ့စဉ် ဘုရားဆွမ်းတော် တင်သမျှ
စွန့်ပြီးစားတာပေါ့။

နေ့စဉ်ဘုရားရှင်ကို ကပ်လှူသမျှ ဆွမ်းတော်များဟာ
ဦးသူတော်အတွက်လို ဖြစ်နေတာပေါ့လေ။

ဒီလိုနဲ့ တစ်နေ့မှာတော့ ဘုရားဆွမ်းတော်ကပ်သူက
အချဉ်ဟင်းလာကပ်ပါသတဲ့။

အဲဒါကို မြင်တဲ့ဦးသူတော်က
"အဲဒီဟင်းမတင်နဲ့ ၊ အဲဒါ ငါမကြိုက်ဘူး"လို့ တားပါသတဲ့။

ဦးသူတော်က ဘုရားဆွမ်းတော်ကပ်တာလို့ မမြင်တော့ဘူး။
ဘုရားပျောက်သွားပြီး ငါစားမယ်ဆိုတာပဲ
နေရာယူသွားတယ်တဲ့။

မိတ်ဆွေပြောပြတဲ့ ပုံပြင်ကလေးက တကယ့် သာရဏီယကထာပါပဲ။
ပုံပြင်ဆုံးသွားပေမယ့် အတွေးတွေဆက်လက်မွေးဖွားပေးခဲ့တယ်။

လက်တွေ့လောကထဲမှာလည်း
ဒီလို အဖြစ်အပျက်တွေက ဒုနဲ့ဒေးရှိနေမှာပါ။

မိသားစုအတွက် ရည်မှန်းရာက မိသားစုပျောက်ပြီး
ငါတစ်ယောက်အတွက်သာဖြစ်သွားတာမျိုး
အများအကျိုးအတွက်ဆိုပြီး သည်ပိုးဆောင်ရွက်ရာက
အများပျောက်ပြီး
ငါ့အကျိုးအတွက်သာ လုပ်မိတာမျိုး
အဖွဲ့အစည်းအတွက် ဦးတည်ရာက
ငါ့အတွက် ဦးတည်မိတာမျိုးတွေ ရေတွက်ကုန်နိုင်ပါ့မလား။

အမျိုးသားရေး နိုင်ငံတော်အရေး စတဲ့စတဲ့အရေးတွေမှာ
ရည်မှန်းရာဆီ မရောက်ပဲ
ကိုယ့်တစ်သီးပုဂ္ဂလ အကျိုးအမြတ်အတွက်
မကြိုက်ဘူးကြိုက်တယ် ဆိုတဲ့ အယူအဆမျိုးတွေ
ဘယ်လောက်များ လွှမ်းမိုးနေပြီလဲ။

ကိုယ်လည်း ဒီပုံပြင်ထဲက
ဦးသူတော်လို လုပ်ရပ်မျိုး လုပ်ဖူးတာ
ဘယ်လောက်များနေပြီလဲလို့ တွေးတောရင်း
နေမိန္ဒရတောင်ခြေရဲ့ ဆောင်းလေအဝှေ့မှာ
လေပူလေးပဲ မှုတ်ထုတ်လိုက်မိပါတယ်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ