Saturday, May 25, 2013

♣♣ အပေါက်သေးသေးမှ မာနကို ချောင်းကြည့်ခြင်း♣♣♣


 
မာန်မလုပ်ချင်ဘု၊
မာန်လုပ်လျှင် လွယ်သည်သာပ၊
ငယ်နာမည် နငယ်သတ်ရုံပဲ၊
နေရပ်ကယ် မန်ရွှေလည်နှင့်၊
မာန်နှစ်မည် မာန်စုံ ကွန့်နိုင်ငဲ့၊
ဖူးအညွှန့် ခေါင်းကတင်။
သို့ကတဲ၊
လုပ်ဘဲ သမ္ပဇဉ်နှင့်၊
မာန်မယှဉ် ဉာဏ်ယဉ်ကို အုပ်ပါလို့၊
ထိန်းချုပ်က မာန်ကိုကင်းစေရ၊
ယင်းခုခေတ်တွင်…။ တဲ့

ဒီကဗျာလေးဟာ မန်လည်ဆရာတော်ဘုရားကြီးရဲ့ ပညာဝီမံသနကထာကျမ်း စာမျက်နှာ-၄၂၈ မှာ ဖတ်ရှုလိုက်မိတဲ့ ကဗျာကလေးပါ။ များသောအားဖြင့် ပညာဝီမံသနကထာမှာပါတဲ့ သတပဒိကပုစ္ဆာဟာ ထင်ရှားကျော်ကြားလှတယ်ပေါ့။

ဒီကဗျာလေးကို ဖတ်ရတော့ ဆရာတော်ဘုရားကြီး မာန်-အရိုဏ်းကို သမ္ပဇဉ်ဉာဏ်နှင့် ချင့်နှိုင်းပြီး ကင်းစေရမယ်လို့..သတိပေးတော်မူရင်းနဲ့ ဆရာတော်ကြီးကိုယ်တိုင် ဒီလိုနည်းနှင့် မာန်ကင်းအောင် ထိန်ချုပ်ထားကြောင်း မိန့်တော်မူလိုတယ်လို့ ယူဆမိပါတယ်။ စိတ်ထဲမှာလဲ ဆရာတော်က စိတ်ကြီးဝင်လိုက်တာလို့…တွေးမိတယ်၊

စိတ်ကြီးဝင်ဆိုလို့…မဟာဂန္ဓာရုံဆရာတော်ရဲ့ သြ၀ါဒကို သတိရမိပြန်တယ်၊ အဲဒါမပြောခင် ပြောချင်တာလေးတွေ ပြောခွင့်ပြုပါဦး…

ဟိုတစ်နေ့က ဦးဇင်းကို ရဟန်းတစ်ပါးက နောက်ကနေလိုက်ခေါ်တာ မကြားလို့ ပြန်မထူးတာကို စိတ်ကြီးဝင်လှပါလားလို့ ကြည်စယ်တဲ့ သဘောနဲ့ ပြောတာလေးကိုလည်း အမှတ်ရလိုက်မိသေးတယ်..။ သူပြောတဲ့ စိတ်ကြီးဝင်ဆိုတာ မာနကြီးတာကို ဆိုလိုတာပါ။

လူလောကမှာ သူကခေါ်လို့ ကိုယ်ကပြန်မထူးလျှင်၊ ကိုယ်နှုတ်ဆက်လို့ ပြန်နှုတ်မဆက်လျှင်၊ တွေ့လိုက်လို့ မျက်နှာထား တည်နေလျှင် မာနကြီးတယ် စိတ်ကြီးဝင်တယ်လို့ သတ်မှတ်လိုက်တတ်ကြတယ်လေ..။

တစ်ခါတစ်လေမှာ… အကြောင်းအရာတွေကို ဆွေးနွေးကြရင် မနိုင်တော့တဲ့အခါမျိုးမှာ " အင်း ..မင်းက ပညာရှိကိုး..၊ ဒို့က ဘာမှမှ မတတ်တာ" ဆိုပြီး သူ့ကိုမြှောက်ပြီး ကိုယ့်ကိုယ်ကို နှိမ့်ချရင်း အတွင်းမှာ ကြိတ်ပြီး စိတ်ကြီး(မာန)၀င်နေတတ်ကြပြန်ရော…။ ဒါကြောင့် စာပေမှာ မာနကိုးမျိုးခွဲပြတာထင်ပါရဲ့။

♣♣ မာနဆိုတာနဲ့ပတ်သက်လို့…

မာန-ဆိုတဲ့ ပုဒ်နဲ့ပတ်သက်လို့ အနက်သုံးမျိုးတွေ့ရပါတယ်၊
(၁) နှစ်သက်မြတ်နိုးခြင်း
(၂) ချိန်ခြင်း။ ချင့်ခြင်း၊ တိုင်းတာခြင်း
(၃) မိမိကိုယ်ကို အမြတ်ဆုံးဟု မှတ်ထင်ခြင်း၊ မှတ်ထင်တတ်သောသဘော-ဆိုပြီး သုံးမျိုးတွေ့ရပါတယ်။ ဒီမှာတော့ နောက်ဆုံးအနက်ဖြစ်တဲ့ မှတ်ထင်ခြင်းကိုပဲ ဦးတည်ပြောချင်ပါတယ်၊ အထင်ဆိုတာ တကယ်မှမဟုတ်တာလို့ ပြောကြသလိုပါပဲ မာနဆိုတဲ့ တရားဟာလည်း ထင်တစ်လုံးနဲ့ ဘ၀င်လုံးကြွနေတဲ့ သဘောပေါ့။

♣♣ မာန(၉) မျိုး

လောကမှာ လူအုပ်စုခွဲလိုက်လျှင် (၃)မျိုးထွက်လာပါတယ်။
(၁) ကိုယ့်ထက်သာတဲ့ လူ (သေယျပုဂ္ဂိုလ်)
(၂) ကိုယ်နဲ့ တန်းတူတဲ့ လူ(သဒိသပုဂ္ဂိုလ်)
(၃) ကိုယ့်အောက် နိမ့်ကျတဲ့လူ (ဟီနပုဂ္ဂိုလ်) ဆိုပြီး သုံးမျိုးပေါ့။
အဲဒီ ပုဂ္ဂိုလ်သုံးမျိုးမှာလည်း တစ်ယောက်ယောက်မှာ မာန သုံးမျိုး ဖြစ်နိုင်ပြန်ပါတယ်။
(၁) သေယျမာန=ပစ္စည်း၊ ဥစ္စာ၊ ဂုဏ်သိရ်၊ ပညာ၊ အဆင်း စတာတွေ အဖက်ဖက်မှာ သူများထက်သာတယ်လို့ မှတ်ထင်ခြင်းမျိုး
(၂) သဒိသမာန=ပစ္စည်း ဥစ္စာ၊ ဂုဏ်သိရ် စတာတွေ သူတို့နဲ့ ဘာထူးသေးတုန်းလို့ မှတ်ထင်ခြင်းမျိုး
(၃) ဟီနမာန= ဒို့က သူ့လောက်မှ ပစ္စည်းမရှိတာ၊ ဒါပေမယ့် ဘာအရေးစိုက်ရမတုန်း၊ စသဖြင့် မှတ်ထင်တာမျိုး ဆိုပြီး သုံးမျိုးရှိတယ်ပေါ့။
ဆိုလိုတာကတော့ သေယျပုဂ္ဂိုလ်မှာ သေယျမာန၊ သဒိသမာန၊ ဟီနမာန သုံးမျိုးဖြစ်နိုင်သလို သဒိသပုဂ္ဂိုလ် ဟီနပုဂ္ဂိုလ်တွေမှာလည်း ဒီသုံးမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ၃×၃=၉ မာန ကိုးမျိုး ရှိတယ်လို့ ပြောတာပါ။

♣♣ လိုက်ဖက်တဲ့မာန မလိုက်ဖက်တဲ့မာန

သေယျပုဂ္ဂိုလ်အတွက် သေယျမာန်ဟာ လိုက်ဖက်တဲ့ မာနပေါ့၊ ပါဠိလိုတော့ ယာထာဝ=မှန်ကန်တဲ့ မာနလို့သုံးနှုန်းပါတယ်။
အဲသလိုပါပဲ သဒိသပုဂ္ဂိုလ်အတွက် သဒိသမာန၊ ဟီနပုဂ္ဂိုလ်အတွက် ဟီနမာနတွေဟာ ယာထာဝမာန-လိုက်ဖက် သင့်လျော်တဲ့ မာနတွေပေါ့။ ကိုယ့်နဲ့ တန်ရာ တန်ရာ မာနထားလို့ လိုက်ဖက်တယ် မှန်ကန်တယ်လို့ သုံးနှုန်းတာပါ။
ကိုယ်နဲ့ အဖက်မတန် မလျောကန်တဲ့ အခြားမာန်နှစ်မျိုးကိုတော့ အယာထာဝမာန=မလိုက်ဖက်တဲ့ မာနလို့ သုံးနှုန်းခေါ်ဝေါ်ပါတယ်။

♣♣ ဘယ်မာနကို ဘယ်မဂ်ကပယ်သလဲ

ယာထာဝမာန ကို အရဟတ္တမဂ်မှ ပယ်နိုင်မှာ ဖြစ်ပြီး အယာထာဝမာန်ကိုတော့ သောတာပတ္တိမဂ်ကပဲ ပယ်ခဲ့ပြီးပါပြီလို့ တိပိအဘိဓာန်မှာ ဆိုပါတယ်။
မာနရဲ့အရင်းခံလက်သည်များ

♣♣ မာနကို မြှောက်ပေးတတ်တဲ့အရင်းခံ လက်သည်တွေကတော့

(၁) ဥစ္စာဂုဏ်
(၂) အဆင်းဂုဏ်
(၃) ပညာဂုဏ်
(၄) ရာထူးဂုဏ်
(၅) အခြွေအရံဂုဏ် စတဲ့ လောကဂုဏ်များစွာတွေ တွေ့ရမှာပါ။

တစ်ခါတစ်ခါ ဥစ္စာကိုအကြောင်းပြုပြီး မာန်တက်ကြတယ်၊ တစ်ချို့က ရုပ်ချောလို့ တစ်ချို့က ပညာတတ်လို့ တစ်ချို့ကြပြန်တော့ ရာထူးရှိလို့ တစ်ချို့မှာတော့ အသိုင်းအ၀ိုင်း အခြွေအရံတောင့်တင့်လို့ အမျိုးမျိုးပေါ့လေ…မာနလေးတွေ တက်ကြွတတ်ကြပါတယ်။

သူဌေးလဲ သူဌေးမာန၊ သူတောင်းစားလည်း သူတောင်းစားမာနဆိုတာလို သူ့မာန ကိုယ့်မာနတော့ ရှိကြမှာပါ။ လောကက မာနကြီးသူကို စိတ်ကြီးဝင်တယ်လို့ ပြောနေကြတာပါ၊ တကယ်တော့ မာနရှိရင် စိတ်သဘောထား မကြီးကျယ်နိုင်တော့ဘူး၊ စိတ်ကြီးကြီး မထားနိုင်တော့ဘူး၊ (မာနကိုအရင်းခံ၍ တိုးတက်အောင်ကြိုးစားမှုကိုမဆိုလိုပါ။)

♣♣ ဒါကြောင့် မဟာဂန္ဓာရုံဆရာတော်က…

စိတ်ကြီးဝင်ကြစမ်းပါတဲ့
စိတ်ကြီးဝင်ဆိုလို့ မျက်နှာထားတင်းပြီးတော့ ဟိုလူ့ငေါက်ချ၊
ဒီလူ့ငေါက်ချလုပ်တယ်၊
တစ်ချို့က ပိုက်ဆံရှိလို့၊ အာဏာရှိလို့
အဖက်မလုပ်ရင်လဲ
စိတ်ကြီးဝင်တယ် ပြောတတ်ကြတယ်၊
အဲဒါ စိတ်ကြီးဝင်တာမဟုတ်ဘူး၊
ဘ၀သံသရာအောက်ကျဖို့ စိတ်ကလေးဝင်တာ၊
မင်းတို့လည်း စိတ်ကလေးမ၀င်ကြနဲ့…တဲ့၊

ကဲ မာနကို အပေါက်သေးသေးကနေ ချောင်းကြည့်တာမို့ ဒီလောက်ပဲ မြင်ရပါတယ်ဗျာ..မာနနှင့် ပတ်သက်တဲ့ အခြားအကြောင်းအရာတွေကိုတော့ ပညာရှင်တွေရေးသားထားတာတွေ ရှာပြီး ဖတ်ကြပါတော့လို့......

♣♣ အမှားပါရင် ပြင်ဆင်ပေးဖို့ မျှော်လင့်ပါတယ်။ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ.....
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ