မြတ်စွာဘုရားအကြောင်း
အမျိုးနှင့် ရုပ်အဆင်း
ကလေးများ ယခုလို လက်အုပ်မိုးပြီး
ရှိခိုးရတဲ့ ဘုရားအကြောင်းကို ဆရာပြောပြမယ်၊ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်လောက်က
အိန္ဒိယတိုင်းကြီး၏ မြောက်ပိုင်းမှာ ဟိမဝန္တာတောင်နှင့် တော်တော်နီးသော
ကပိလဝတ်ပြည်ကြီးဆိုတာ ရှိတယ်၊ အဲဒီ ပြည်မှာ "သုဒ္ဓေါဒန" ခေါ်တဲ့
မဟာရာဇာ(ရှင်ဘုရင်)အုပ်စိုးတယ်၊ မိဖုရားက မာယာဒေဝီ, ဂေါတမီလို့ နှစ်ပါးရှိတယ်၊
မိဖုရားကြီး မာယာဒေဝီက ဖွားတဲ့ သားတော်ကလေးတစ်ပါးဟာ အလွန် လှတယ်၊
မျက်နှာတော်, နှုတ်ခန်းတော်,
မျက်လုံးတော်ကစပြီး ယောက်ျားထူး ယောက်ျားမြတ် ဆိုတဲ့ အထိမ်းအမှတ်တွေ တစ်ကိုယ်လုံး
စုံနေတာပဲ၊ ။နာမည်ကတော့ "သိဒ္ဓတ္ထ" မင်းသားလို့ ခေါ်တယ်။
ထီးနန်းစံစဉ် ထိတ်လန့်ခန်း
သိဒ္ဓတ္ထမင်းသားကလေးကို ခမည်းတော်
သုဒ္ဓေါဒနဘုရင်က ချစ်လွန်းလို့ တစ်ဆယ့်ခြောက်နှစ်အရွယ် ရောက်တဲ့အခါ ရှင်ဘုရင်အရာကို
ပေးတယ်၊ နှမ တစ်ဝမ်းကွဲတော်တဲ့ "ယသော်ဓရာ"
မင်းသမီးကို မိဖုရားအကြီးဆုံး
အရာမှာ ထားပြီး ဆယ့်သုံးနှစ်လောက် ခံစားပြီးတဲ့အခါ အသက်နှစ်ဆဲ့ကိုးနှစ်
ရှိသွားပြီ၊ ထိုအခါ ဥယျာဉ်တော်ထွက်ယင်း လူအိုကြီးကို မြင်ရတယ်၊ ဒီနောက်
လူနာကြီးကို မြင်ရတယ်၊ ဒီ့နောက် လူသေကြီးကို မြင်ရတယ်၊ ဒီလို မြင်ရတဲ့အခါ ငါလဲ
သူတို့လို အိုရ နာရ သေရဦးမှာပဲလို့ တွေးပြီး စိတ်ထဲမှာ လန့်နေရှာသတဲ့။
တောထွက်ခန်း
အဲဒီလို လန့် နေတုန်းမှာ
အလွန်ကြည်ညိုစရာကောင်းသော ရသေ့ တစ်ပါးကို တွေ့ရတော့ လန့်နေတာတွေပျောက်ပြီး
စိတ်ကြည်လာတယ်၊ ဥယျာဉ်တော်မှာရှိတဲ့ ကန်တော်ကြီး အနားမှာထိုင်ပြီး
"ငါလဲတရားကျင့်တဲ့ ရသေ့ရဟန်းလုပ်မှ တော်မှာပဲ" လို့ ကြံစီ နေတုန်း"ယသော်ဓရာ
မိဖုရားက သားတော်တစ်ပါးဖွားကြောင်း" သံတော်ဦးတင်လာတော့ သားတော်ကလေးကို သိပ်ချစ်သွား
သတဲ့၊ အဲဒီလို သိပ်ချစ်မှုဟာ အလောင်းတော်ကို တောမထွက် နိုင်အောင် ဖမ်းထားသလို
ဖြစ်သွားတယ်၊ ဒါကြောင့် လမင်းကို ရာဟုခေါ်သောနတ်က ဖမ်းထားသလို ငါ့ကိုဖမ်းမည့်
"ရာဟု ဖြစ်ပေါ်လာပါပကော" ဟု နှုတ်ကမြွက်တော်မူလိုက်တယ်၊ အဲဒီ
အသံတော်ကြောင့် သားတော်ကို "ရာဟုလာ" လို့ ခေါ်ကြတယ်။
အဲဒီနောက် "ဒီလိုသာ သားတော်
သမီးတော်ဖွားတိုင်း အချစ်တွေများနေရင် ရသေ့ ရဟန်း လုပ်နိုင်တော့ မဟုတ်ဘူး, ယနေ့ညပဲ
တောထဲသို့ ထွက်သွား၍ ရသေ့လုပ်မှပဲ" ဟု စိတ်ကူးပြီး
နန်းတော်သို့(စံအိမ်တော်သို့) ပြန်သွားတယ်၊ နန်းတော်ရောက်ပြီးနောက်
သန်းခေါင်လောက်အချိန်မှာ "ဆန္န" အမတ်ကို မြင်းတော်အယူခိုင်း၍
မြင်းစီးပြီး တောထဲ တိတ်တိတ် ထွက်သွားတယ်၊ တောထဲရောက်တော့ ရသေ့ ရဟန်းပြုပြီး
တရားကျင့်တဲ့အခါ လောက ကြီးထဲမှာ သိစရာတွေ အားလုံး သိတဲ့ဥာဏ်ကို ရလို့ "ဗုဒ္ဓ
ဗုဒ္ဓ" မြန်မာလိုတော့ "ဘုရား ဘုရား" လို့ အများကခေါ်ကြတယ်။
[အဲဒီ ဘုရားဟာလေ တောမထွက်လို့ရှိရင်
ခုနစ်ရက်လောက်ကြာတဲ့အခါ စကြာ ရတနာ ရောက်လာမှာတဲ့၊ စကြာရတနာရရင်တော့
ကမ္ဘာကြီးတစ်ခုလုံးမှာ အုပ်စိုးနိုင်တဲ့ စကြာမင်းဖြစ်ရမှာ၊ ဒီလိုဖြစ်မယ်ဆိုတာ
အသိသားနဲ့ဘုရားဖြစ်အောင် တောထွက်လာခဲ့တာပဲ၊ ဘုရားဖြစ်တဲ့အခါမှာ အသက်တော် သုံးဆယ် ငါးနှစ်သာ
ရှိသေးတယ်၊ သုဒ္ဓေါဒနမင်းတို့အနွယ်က "ဂေါတမ" အနွယ်ဖြစ်လို့ "ဂေါတမ
ဘုရား" လို့ ထင်ရှားတော်မူတယ်၊]
မဟာဂန္ဓာရုံဆရာတော်၏ "ဗုဒ္ဓဘာသာလက်စွဲ" စာအုပ်မှ ပူဇော်ပါသည်။
