အဲဒီတော့
ရှေးဦးစွာ မှတ်ရမှာက တို့တစ်တွေ အတွယ်အတာ ရှိနေသေးသမျှ နိဗ္ဗာန်မရောက်သေးဘူးဆိုတာ မှတ်ထားရမယ်၊
အတွယ်အတာ ကင်းပြတ်သွားပြီ ဆိုရင် တို့တစ်တွေ နိဗ္ဗာန်ရောက်ပြီလို့၊ အေး တချို့က အဲလိုကျတော့
ပြောကြလိမ့်မယ်၊ “တပည့်တော် ဘယ်သူ့မှ မတွယ်တာတော့ပါဘူး၊
သားသမီးတွေ အပေါ်လည်း မတွယ်ဘူး၊ ပစ္စည်းဥစ္စာလည်း မတွယ်တော့ဘူး၊ အားလုံး စွန့်လွှတ်ထားပြီ”
ဒီလို ပြောကောင်းပြောလိမ့်မယ်၊ တွယ်တာမှု ဆိုတာ တစ်ခုပြီးတစ်ခု လိုက်တွယ်နေတာနော်၊ လွတ်သွားတယ်ရယ်လို့
မရှိဘူး၊ သားသမီးမရှိလို့ သားသံယောဇဉ် မရှိဘူး၊
သမီး သံယောဇဉ်မရှိဘူးဆိုတဲ့ ပုဂ္ဂိုလ်က တစ်ခုခု သွားပြီးတော့ သံယောဇဉ် ရှိသေးတာပဲ၊ တစ်ခုမတွယ်ရရင်
တစ်ခုသွားတွယ် နေသေးတာပဲ၊ တဏှာရှိနေတဲ့ ပုဂ္ဂိုလ်ဟာ မတွယ်လို့ မရဘူး၊
တွယ်နေသေးတာပဲ၊
နောက်ဆုံး ဘယ်သူ့ တွယ်တုန်းဆိုရင် ကိုယ့်ကိုယ် ပြတ်တွယ်နေတယ်။
အဓိကကတော့ လူတွေဟာ အတွယ်အတာ ဘယ်အပေါ်မှာ
အားကြီးဆုံးတုန်း ဆိုလို့ရှိရင် ကိုယ့်ကိုယ်ကိုပေါ်တွယ်တာဟာ အားအကြီးဆုံးပဲတဲ့၊ အတ္တသမံ
ပေမံ နတ္တိ အဲဒါကြောင့် မြတ်စွာဘုရားကဟောတယ် ကိုယ့်ကိုယ်ပေါ်မှာ တွယ်တာတာလောက် တခြားတွယ်တာမှုက
မရှိနိုင်ဘူး တဲ့။ ကိုယ့်ကိုယ်ဟာ လောကမှာ အချစ်ဆုံးပဲ၊ သားသမီး ချစ်တယ်တို့ တခြားပစ္စည်းချစ်တယ်ဆိုတာ
ကိုယ့်အတွက် ချစ်ကြတာ၊ ထင်ကြတယ် သူ့အတွက်လို့ထင်တယ်၊ မ ဟုတ်ဘူး - ကိုယ့်အတွက်၊ ဘယ်လို
ကိုယ့်အတွက်တုန်းလို့ ဆိုတော့ ဒီသား ဒီသမီး ဒီပစ္စည်း ဒီဥစ္စာ ဒီပုဂ္ဂိုလ်နဲ့ နေရလို့ရှိရင်
စိတ်ချမ်းသာနေတယ်၊ အဲဒီ စိတ်ချမ်းသာမှုလေးကို ချစ်ခင်နေတာ၊ အဲဒီ စိတ်ချမ်းသာမှုက ဘယ်သူ့ရဲ့
စိတ်ချမ်းသာမှုလဲဆိုတော့ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုပဲ၊ သူတို့ရဲ့ စိတ်ချမ်းသာမှု မဟုတ်ဘူး။
ကိုယ့်ရဲ့စိတ်ချမ်းသာမှုကို နှောင့်ယှက်ဖျက်ဆီးလာပြီ
ဆိုလို့ရှိရင် ဘယ်သူ့မှ လက်မခံတော့ဘူး၊ ချစ်လှပါတယ်ဆိုတဲ့ သားလည်း အမွေပြတ်ကြောငြာတာပဲ၊
ချစ်လှပါတယ် ဆိုတဲ့သမီးလည်း အမွေပြတ် ကြောင်ငြာတော့တာ၊ ဘာဖြစ်လို့တုန်းဆို ကိုယ် တန်ဖိုးထားတဲ့
ကိုယ့်ရဲ့နှစ်သက်မှု ကျေနပ်မှု ပျော်ရွှင်မှုလေးကို ပျက်စီးအောငလုပ်လို့ မချစ်နိုင်တော့ဘူး၊
တကယ့် အနှစ်သာရကို ကြည့်မယ်ဆိုလို့ရှိရင် လူတွေဟာ ကိုယ့်ကိုယ်ကို အချစ်ဆုံးဆိုတာ ဟုတ်တယ်။
နောက်ဆုံး ဒီအတွယ်အတာကနေ ရုန်းထွက်နိုင်တယ်
ဆိုတာ သောတာပန် ဖြစ်သွားရင်တောင် သေတာပန်အလိုက် အတွယ်အတာ ရှိနေသေးတယ်၊ သို့သော် သောတာပန်ရဲ့
အတွယ်အတာသည် အပါယ်ဆွဲချလောက်အောက် မဖြစ်တော့ဘူး၊ ပစ္စည်းပေါ် တွယ်တာတို့, လူပေါ် တွယ်တာတို့
အပါယ်ဆွဲချနိုင်လောက်အောင် အကုသိုလ်မှုကို မကျူးလွန်နိုင်တော့ဘူး, မဖြစ်တော့ဘူး၊ အရှိန်လျော့သွားပြီလို့ပြောတာ။
သကဒါဂါမ် ဖြစ်သွားလို့ရှိရင်လည်း
အတွယ်အတာဟာ လျော့ကျသွားတယ်၊ သကဒါဂါမ်နဲ့ သောတာပန် ဘာထူးတုန်းလို့ ဆိုလို့ရှိရင် အတွယ်အတာ
ဖြစ်တဲ့အခါမှာ သကဒါဂါမ်ပုဂ္ဂိုလ်က ဆယ်ခါ့တစ်ခါ ဖြစ်တယ်၊ သောတာပန်က ၉-ခါလောက်ဖြစ်ရင်
သကဒါဂါမ်က ၁-ခါလောက် ၂-ခါလောက်ပဲ ဖြစ်တယ်၊ ဖြစ်တဲ့ အကြိမ် နည်းသွားတယ်၊ “ဖြစ်တဲ့အကြိမ် နည်းသွားသလို ဖြစ်တဲ့ အရှိန်လည်း နည်းသွားတယ်”
သေတာပန်ရဲ့ တဏှာရဲ့ သကဒါဂါမ်ရဲ့ တဏှာကို
ယှဉ်ကြည့်လိုက်မယ် ဆိုလို့ရှိရင် သကဒါဂါမ်ရဲ့ တဏှာ အများကြီး လျော့ကျသွားပြီ၊ သေတာပန်ရဲ့
တဏှာက အရှိန်ကလေး ရှိသေးတယ်၊ သကဒါဂါမ်ရဲ့ တဏှာကျတော့ အရှိန်ကိုမရှိတော့ဘူး၊ ဒါကြောင့်မို့
‘အဓိစ္စုပ္ပတ္တိယာ’ ဖြစ်ခဲတယ် တဲ့၊ ‘ပရိယုဋ္ဌာန မန္ဒာတာ’ ဖြစ်လာလို့ ရှိရင်လည်း အားပျော့တယ်၊ အရှိန်မရှိဘူး ၊ ဒါ
ကွဲပြားခြားနားသွားပုံ။
အနာဂါမ်ဖြစ်သွားရင် ကာမရာဂတို့
ဆိုတာ မရှိတော့ဘူး၊ ကာမရာဂ ကာမအတွယ်တွေ မရှိတော့ဘူးလို့ ဆိုရပေမယ့်လို့ အနာဂါမ်ပုဂ္ဂိုလ်က
ဘယ်သွားတွယ်နေတုန်းဆိုတော့ သူရ,ထားတဲ့ ဈာန်တရားတို့၊ သူရ,ထားတဲ့ တရားထူး တရားမြတ်တွေကို
သွားတွယ်တက်တယ်၊ ကာမဘုံကို မတွယ်ပေမယ့် ဗြဟ္မာ့ဘုံကို သွားတွယ်နေတယ်၊ ကာမဘုံကို မတွယ်ပေမယ့်
ဗြဟ္မာဘုံကို သွားတွယ်နေတယ်၊ အောက်ဘုံတွေကိုတော့ သူမတွယ်တော့ဘူး၊ လူ့ဘုံနတ်ဘုံ ဆိုတာတွေ
သူ့စိတ်ထဲကို ထည့်မစဉ်းစားတော့ဘူး၊ လုံးဝ အတွယ်အတာ မရှိတော့ဘူး၊ သို့သော် ဘယ်အပေါ်မှာ
သူသဘောကျနေတုန်းဆို ဗြဟ္မာဘုံကို သူသွားသဘောကျနေသေးတယ်၊ ဒါကို ဘဝရာဂလို့ ခေါ်တယ်၊ ရူပရာဂ၊
အရူပရာဂ အဲဒါကိုပဲ ဘဝရာဂလို့ ခေါ်တယ်။
နောက်ဆုံးမယ် တွယ်တာမှုက ဘယ်ထိအောင်သွားတုန်း
ဆိုရင် အတွယ်အတာဟာ အာရုံတွေ ကာမဂုဏ်တွေ တစ်ခုပေါ်မှ မတွယ်တော့ပါဘူး၊ ဘဝလည်း မတွယ်တော့ဘူး
ဆိုလို့ရှိရင် ဘာသွားတွယ်နေတုန်းဆိုရင် ကိုယ်ရထားတဲ့ တရားကို သွားတွယ်နေသေးတယ်၊ အဲဒါကို
“ဓမ္မရာဂ
ဓမ္မနန္ဒီ” လို့ခေါ်တယ်။
“တေနေဝ
ဓမ္မရာဂေန၊ တာယေဝ ဓမ္မန္ဒိယာ” စာထဲမှာ ဒီလိုဆိုထားတယ်၊ အဲဒီ ဓမ္မရာဂ
ကိုယ် ရ,ထားတ့ ဝိပဿနာဉာဏ်လေး - အဲဒီပေါ်မှာ အတွယ်အတာလေး ဖြစ်နေသေးသမျှ၊ နှစ်သက်ကျေနပ်မှုတွေ
ရှိနေသေးသမျှ ကာလပတ်လုံး အရဟတ္တမဂ် အရဟတ္တဖိုလ်ကို မဆိုက်ရောက်နိုင်ဘူးလို့ ဒီလိုပြောထားတယ်၊
အဲဒီပေါ်မှာ အတွယ်အတာလေး ကျန်နေသေးလို့ရှိရင် အနာဂါမ်ဘဝနဲ့ပဲ ပြီးသွားမယ်၊ ရဟန္တာထိအောင်
မဖြစ်ဘူးလို့ ပြောတယ်။
အဲဒီဓမ္မပေါ်မှာ တွယ်တဲ့အရာကိုပါ
တွယ်တာမှုအားလုံးကို လုံးဝစွန့်လွှတ်လိုက်ပြီ ဆိုတဲ့အခါကျတော့ လုံးဝလွတ်သွားပြီလို့ ပြောတာ၊
အဲဒီလို လုံးဝလွတ်သွားပြီ ဆိုတဲ့အခါကျတော့ အတွယ်အတာလွတ်ခြင်းသည်ပင် ဘဝက လွတ်မြောက်ခြင်းပဲ၊
အတွယ်အတာ ရှိနေခြင်းသည် ဘဝ၌ ရှိနေခြင်းပဲ ဒီလိုမှတ်ရမယ်၊ အဲဒီတော့ နိဗ္ဗာန်ဆိုတာ အတွယ်အတာ လုံးဝလွတ်သွားတာ ကိုခေါ်တယ်ပေါ့၊ ဒါက တစ်ခု
မှတ်စရာ။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) မှ ပူဇော်ပါသည်။
*** ဆက်လက်ပူဇော်ပါမည်။