နိဗ္ဗာန်ဆိုတာ
ကိုယ့်ခန္ဓာကိုယ်ထဲမှာ ရှိတယ်လို့ဆိုရင် အဲဒါကို ရှင်းကြရအောင်၊ ဘယ်လိုရှင်းကြမတုန်း
ဒီစကားကို။ ကြည့် - တခြားပုဂ္ဂိုလ်တွေ အသာထား၊ မြတ်စွာဘုရားဘဝနဲ့ ပြောကြည့်အောင်၊ ဘုရားအလောင်းတော်က
၂၉-နှစ်မှာ တောထွက်တယ်၊ ၃၅-နှစ်မှာ ဗုဒ္ဓဂယာဗောဓိပင်အောက်မှာ အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်တော်ကြီးကို
ရပြီးတော့ ဘုရားဖြစ်သွားတယ်၊ အဲဒီအချိန်မှာ မြတ်စွာဘုရားက အရဟတ္တမဂ်ဉာဏ်ရသွားတယ်ဆိုတော့
မြတ်စွာဘုရားဟာ အဲဒီအချိန်မှာ အရဟတ္တမဂ်ဉာဏ်ရဲ့ အာရုံဖြစ်တဲ့ နိဗ္ဗာန်ကိုလည်းရတယ်လို့
ပြောရတယ်။
မြတ်စွာဘုရား အဲဒီအချိန်မှာရတဲ့
နိဗ္ဗာန်ကို ဘာနိဗ္ဗာန်လို့ခေါ်တုန်းဆိုရင် ‘ကိလေသာနိဗ္ဗာန’ - ကိလေသာတွေ ငြိမ်းသွားတာ၊ ဘဝသံသရာကပါလာတဲ့
ဝါသနာနှင့်တကွသော ကိလေသာတွေကို အရဟတ္တမဂ်နဲ့ အကြွင်းမဲ့ထိအောင် ပယ်လိုက်သည့်အတွက်ကြောင့်
ကိလေသာတွေငြိမ်းသွားတာ၊ အဲဒီ “ကိလေသနိရောဓ နိဗ္ဗာန်” မြတ်စွာဘုရားသန္တာန်မှာဖြစ်တာ၊ ဗောဓိပင်ကြီးမှာ
ဖြစ်တာမဟုတ်ဘူး၊ ပတ်ဝန်းကျင်မှာဖြစ်တာ မဟုတ်ဘူး၊
ဘယ်မှာဖြစ်တုန်း၊ မြတ်စွာဘုရား သန္တာန်မှာ၊ ငြိမ်းတယ်ဆိုတာ ဘယ်မှာငြိမ်းတာလဲ၊
မငြိမ်းခင်က ကိလေသာတွေ ဖြစ်တယ်ဆိုတာကော ဘယ်သူ့သန္တာန်မှာ ဖြစ်တာလဲ၊ ဟော မြတ်စွာဘုရား
သန္တာန်မှာဖြစ်တာ၊ ငြိမ်းသွားတယ် ဆိုတာလည်း အဲဒီမှာပဲ ငြိမ်းတယ်၊ ဒီလိုပြောရတယ်ပေါ့၊
ကိုယ့်ခန္ဓာကိုယ်မှာပဲ ငြိမ်းတာ၊ အဲဒါကိုပဲ ‘ကိလေသပရိနိဗ္ဗာန’ လို့ စာပေကပြောတာ။
မြတ်စွာဘုရားမှာ ကိလေသာတွေ ငြိမ်းသွားတယ်၊
ကိလေသာတွေ ငြိမ်းသွားပေမယ့် ကိလေသာတွေနဲ့ ကံတွေနဲ့ ပူပေါင်းပြီး ထုတ်လုပ်လိုက်တဲ့ ဥပါဒါနက္ခန္ဓာဆိုတဲ့
အကျိုးဆက်ကြီးကတော့ ကျန်နေသေးတယ်လေ၊ အဲဒါကြောင့် မြတ်စွာဘုရား ဗောဓိပင်မှာရတဲ့ နိဗ္ဗာန်ကို
‘သဥပါဒိသေသနိဗ္ဗာန်’ လို့ခေါ်တယ်တဲ့။
ကြည့် - ရဟန္တာဖြစ်သွားပြီ ဆိုလို့ရှိရင်
အရဟတ္တမဂ် အရဟတ္တဖိုလ် ရသွားလို့ ရဟန္တာဖြစ်သွားတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ရာဂ ကုန်သွားတယ်၊
ဒေါသ ကုန်သွားတယ်၊ မောဟ ကုန်သွားတယ်၊ ကိလေသာတွေ ကုန်သွားတယ်၊ သို့သော် ကံရဲ့ အကျိုးဆက်ဖြစ်တဲ့
ရုပ်ခန္ဓာကိုယ်ကြိးနှင့် ဝိပါက်တွေ ရှိသေးတယ်၊ စိတ်တွေလည်း ရှိနေသေးတယ်၊ အာရုံ ၅-ပါးကို
ခံစားဖို့ဆိုတဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်တွေရော မရှိဘူးလား၊ ရှိတယ်။
မျက်စိကလည်း ရှိနေသည့် အတွက်ကြောင့်
ကောင်းတာလည်း မြင်တာပဲ၊ ဆိုးတာလည်း မြင်တာပဲ၊ နားရှိနေသေးသည့်အတွက်ကြောင့် ကောင်းတဲ့အသံလည်း
ကြားတာပဲ၊ မကောင်းတဲ့အသံလည်း ကြားတာပဲ၊ နှာခေါင်းရှိနေသေးသည့်အတွက်ကြောင့် ကောင်းတဲ့
မကောင်းတဲ့အနံ့ နံတာပဲ၊ လျှာ ရှိနေသေးသည့်အတွက်ကြောင့် ကောင်းတဲ့ အရသာ၊ မကောင်းတဲ့
အရသာ သိနေသေးတာပဲ။ ခန္ဓာကိုယ်ကြီးရှိနေသေးသည့် အတွက်ကြောင့် အထိအတွေ့ တွေကိုလည်း သိနေသေးတာပဲ။
မြတ်စွာဘုရား သန္တာန်မှာ ဝိပါက်စိတ်တွေတို့
ကြိယာစိတ်တွေတို့ ဒါတွေ ရှိနေသေးသည့်ကြောင့် သိစရာ အာရုံတွေကိုလည်း သိနေသေးတာပဲ၊ စက္ခုဝိညာဏ်စိတ်တွေ
ဖြစ်တယ်၊ သောတဝိညာဏ်စိတ်တွေ ဖြစ်တယ်၊ ဃာနဝိညာဏ်စိတ်တွေ ဖြစ်တယ်၊ အေး အဲဒီလိုခံစားမှုတွေကလည်း
ရှိနေသေးတာပဲ၊ မြတ်စွာဘုရားတို့ ရဟန္တာတို့ဆိုတာ သစ်တုံးကြီးလို ဖြစ်သွားတာ မဟုတ်ဘူးနော်၊
ကောင်းရင် ကောင်းတယ်လို့သိတယ်၊ မကောင်းရင် မကောင်းဘူးလို့ သိတယ်။ မသိလောက်အောင် ဖြစ်သွားတာ
မဟုတ်ဘူး။
သက္ကပဥှာသုတ် မှာ မြတ်စွာဘုရားက ဣန္ဒသာလ ဆိုတဲ့ လိုဏ်ဂူထဲမှာ သီတင်းသုံးနေတယ်၊
အဲဒီလို သီတင်းသုံးနေတဲ့ အခါ ပဉ္စသိင်္ခနတ်သား စောင်းလေးပိုက်ပြီးတော့ ရောက်လာတယ်၊ ဘုရားရဲ့
အနီးအပါး ခပ်လှမ်းလှမ်းက ဘုရားကြားလောက်တဲ့ နေရာမှာ သူက သီချင်းဆိုပြီး စောင်းတီးတယ်၊
သူဆိုတဲ့ သီချင်းက ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ်နဲ့ ပတ်သက်တဲ့ သီချင်းလည်း ပါတယ်၊
ကာမအာရုံတွေနဲ့ ပတ်သက်တဲ့ သီချင်းတွေလည်း ပါတယ်ပေါ့၊ ခုခေတ်လိုပြောရင် အချစ်သီချင်းလည်းပါတယ်ပေါ့၊
အဲဒါတွေကို သီဆိုပြီး စောင်းတီးတာ၊ စောင်းတီးလို့ ပြီးတဲ့အခါ မြတ်စွာဘုရားက ဘာပြောတုန်းဆို
“ပဉ္စသိင်္ခ - မင်း သီချင်းသံနဲ့ စောင်းသံက
လိုက်ဖက်ပါပေတယ်”၊ ဒါ သိလိုပေါ့၊ ခံစားတက်လို့ပေါ့၊
ခံစားနားလည်တက်တယ်၊ သို့သော် မြတ်စွာဘုရားက “ဟေ့၊ တီးစမ်းပါဦးကွာ MP3 လေးနဲ့ သွင်းထားပြီးတော့
ခဏခဏနားထောင်မယ်” ဆိုတဲ့စိတ်ရှိရဲ့လား၊ မရှိဘူး။
အဲဒီတော့ တွယ်တာမှုတော့ မရှိတော့ဘူး၊
ကောင်းတာကိုတော့ ကောင်းတယ်လို့တော့ သိလိုက်တယ်၊ ဟုတ်ကဲ့လား၊ဒါကြောင့်မို့လို့ တချို့စာအုပ်တွေ
ရေးတယ်၊ မြတ်စွာဘုရားက အလှအပကို အသိအမှတ်ပြုတယ်တဲ့၊ Buddhism and beauty ဆိုတဲ့ စာအုပ်လေးတွေ
essay လေးတွေ ရေးထားတာရှိတယ်၊ Buddhism and beauty တဲ့၊ မြတ်စွာဘုရားက အနိစ္စ ဒုက္ခ အနတ္တ
အသုဘတွေ ဟောတယ်ဆိုတော့ အလှအပကို အသိအမှတ်မပြုလို့ တချို့က ယူဆတယ်၊ ဗုဒ္ဓဘာသာဟာ အမြဲတမ်း
အဆိုးဘက်ကပဲ ကြည့်တယ်လို့ တချို့ပုဂ္ဂိုလ်တွေက အမြင်စောင်းတယ်၊ မဟုတ်ဘူး၊ လှရင် လှတယ်ပဲ၊
မလှရင် မလှဘူးပဲ၊ ဒီလိုအမှန်အတိုင်း မြင်တာကို ပြောတာနော်၊ တမင်ရှုတ်ချတာမှ မဟုတ်ဘဲ၊
လူ့ရဲ့ ခန္ဓာကိုယ်မှာ မမြဲတာကို မမြဲဘူးလို့ပြောတာ၊ အတင့်တယ်တာကို မတင့်တယ်ဘူးလို့ ပြောတာ။
တကယ် စဉ်းစားကြည့်ရင် လူ့ခန္ဓာကိုယ်
သဘာဝက တတင့်တယ်တာ ဟုတ်မှမဟုတ်ဘဲနဲ့၊ မိတ်ကပ်လိမ်းပြီးတော့ နံ့သာတွေ ခြယ်ထားလို့ မွှေးတဲ့အနံ့ထွက်တာပဲ
ဥစ္စာ၊ ခန္ဓာကိုယ်က ပကတိအနံ့က မွှေးတာမှ မဟုတ်ဘူး၊ အရှိကို ပကတိကို ဝိကတိနဲ့ ဖုံးထားတာလေ၊
ဟုတ်တယ်မဟုတ်လား၊ လူတွေ နေ့စဉ်ဖုံးနေတာ၊ နို့မို့ဆို သနပ်ခါးတွေ ဘယ်ရောင်းရမလဲ၊ အဲဒီတော့
လူတွေက ကိုယ့်အနံ့ကို အပေါ်ယံတွေနဲ့ ဖုံးပြီးတော့ ထားနေကြတာ၊ အဆင် တန်ဆာနဲ့ မလှလှအောင်
ဖုံးပြီးတော့ထားတာ။
မြတ်စွာဘုရား က ပကတိ အနေအထားကို
ပြောတာ၊ မြတ်စွာဘုရားက လှတာကို လှတယ်လို့ အသိအမှတ်ပြုတယ်၊ appreciate လုပ်တယ် ခေါ်တာပေါ့၊
ဗုဒ္ဓဘာသာက appreciate လုပ်တယ်။
ကြည့် - ဘုရားဖြစ်သွားတဲ့အခါမှာ
ကောင်းရင် ကောင်းတဲ့ အရသာမှန်းသိတယ်၊ ခံစားတယ်၊ မကောင်းတာဆိုရင် မကောင်းတဲ့ အရသာမှန်းသိတယ်၊
သို့သော် မြတ်စွာဘုရားမှာ တွယ်တာမှုဆိုတဲ့ တဏှာ မပါဘူး၊ မုန်းတီးမှုဆိုတဲ့ ဒေါသလည်း မလာတော့ဘူး၊
ဘာဖြစ်လို့တုန်းဆိုရင် အပြင်ဖက်က အာရုံတွေရဲ့ အနေအထားကို ပိုင်ပိုင်နိုင်နိုင် နားလည်သွားပြီဖြစ်လို့ပဲ။
လူတွေက နားမလည်ဘူးဆိုတာ ဘာလို့လဲဆိုရင် လှည်းစားတာကို ခံနေရလို့လေ၊ လှည့်စားထားတယ်၊
အတုအယောင် အနံ့တွေနဲ့ လှည့်စားထားတယ်၊ အဲဒါကို အဟုတ်ထင်နေတယ်၊ သဘာဝအစစ်အမှန်ဆိုတာကို
“ပရိညာတ” ပိုင်းခြားပြီးတော့ သိပြီးသား ဖြစ်ပြီ၊
အပြင်က သဘာဝတွေကို အကုန်နားလည်ထားပြီ၊ အပြင်က
နားလည်ထားရုံတင်မကဘူး၊ အတွင်း အဇ္ဈတ္တကလည်း ရှင်းနေပြီတဲ့။
တွယ်တာတဲ့ လောဆိုတာလည်း မရှိဘူး၊
မုန်းတီးတဲ့ ဒေါသလည်း မရှိဘူး၊ ကျန်တဲ့ ကိလေသာတွေလည်း မရှိဘူး၊ အတွင်းကလည်း ရှင်း၊
အပြင်ကလည်း ရိုးရှင်းနေသည့် အတွက်ကြောင့် ကောင်းရင် ကောင်းတယ်လို့ မြင်တယ်။ မကောင်းရင်
မကောင်းဘူးလို့ မြင်တယ်၊ ခံစားနားလည်မှုကတော့ ရှိတယ်တဲ့၊ သို့သော် မြတ်စွာဘုရားရဲ့ ခံစားချက်သည်
လောဘ မပါဘူး၊ ဒေါသ မပါဘူး၊ ကိလေသာမပါတဲ့ ခံစားချက်တဲ့၊ ဘယ်လောက် ငြိမ်းချမ်းမတုန်း
စဉ်းစားကြည့်လိုက်။
လောဘတွေ ပါလာလို့ရှိရင် ပူလောင်တယ်၊
ဒေါသတွေ ပါလာလို့ရှိရင် ပူလောင်တယ်၊ အဲဒါတွေ မပါဘဲနဲ့ အရှိကို အရှိအတိုင်း သိတဲ့ခံစားချက်နဲ့
ခံစားတာ၊ မြတ်စွာဘုရားသန္တာန်မှာ ဗောဓိပင်အောက် အသိဉာဏ်ပေါက်လိုက်တဲ့အချိန်မှာ ရာဂတွေ
ကုန်သွားတယ်၊ ဒေါသတွေ ကုန်သွားတယ်၊ မောဟတွေ ကုန်သွားတယ်၊ အဲဒိ ရာဂ ဒေါသ မောဟတွေ ကုန်သွားနိုင်တာ
နိဗ္ဗာန်ကို အာရုံပြု ဆိုက်ရောက်သွားတဲ့အချိန်မှာ ကုန်သွားတာဖြစ်လို့ နိဗ္ဗာန်ကို အာရုံပြုလို့
ကုန်တယ်လို့ ပြောတာ။
အဲဒီကုန်သွားတဲ့ အချိန်မှာ ဒါကို
အာရုံပြုပြီး ကုန်သွားလို့ မြတ်စွာဘုရားက မျက်မှောက်ပြုတာ ကိလေသနိရောဓ ကိလေသာချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုတယ်လို့ပြောတာ၊
အဲဒီလို မျက်မှောက်ပြုနဲ့ နိဗ္ဗာန်ကိုပဲ ‘သဥပါဒိသေသနိဗ္ဗာန်’
တဲ့၊ ‘ဥပါဒိ’ လို့ဆိုတဲ့ ကံ ကိလေူသာတွေက ထုတ်လုပ်ထားတဲ့
အကျိုးတရားတွေက, ‘သေသ’ ကျန်နေသေးတယ်၊ အဲဒီကျန်နေသေးတဲ့ အချိန်မှာ
ပြောရတဲ့ နိဗ္ဗာန်မျိုးကို သဥပါဒိသေသနိဗ္ဗာန်
လို့ခေါ်တာ။
အကြမ်းဖျင်းဆိုလို့ရှိရင် ခန္ဓာကိုယ်ကြီး
ရှိနေတဲ့ အချိန်မှာ ကိလေသာတွေ ကုန်သွားလို့ ပထမရတဲ့နိဗ္ဗာန်ဟာ “သဥပါဒိသေသနိဗ္ဗာန်”
ပဲတဲ့၊ ခန္ဓာတွေကတော့ ရှိနေတုန်းပဲ၊ ကိလေသာဖြစ်တဲ့ နေရာတွေကတော့ ကျန်နေတုန်းပဲ၊ သို့သော်
ကိလေသာက မရှိတော့ဘူး - သဥပါဒိသေသနိဗ္ဗာန်၊ အဲဒီကုန်သွားတဲ့ ကိလေသာသည် ဘုရားခန္ဓာမှာကုန်တာ
ဖြစ်သောကြောင့် နိဗ္ဗာန်ကလည်း ကိုယ့်အတွင်းမှာ ရှိတယ်လို့ ပြောတာနော်၊ သို့သော် နိဗ္ဗာန်က
ဗိုက်ထဲမှာ ရှိနေတယ်လို့လည်း သွားမယူနဲ့ဦး၊ တော်ကြာ ကျတော့ နိဗ္ဗာန်ကို ဗိုက်ထဲမှာ
လိုက်ပြီးရှာနေဦးမယ်၊ အဲဒါ သဥပါဒိသေသ နိဗ္ဗာန်။
နောက်တစ်ခုကတော့ မြတ်စွာဘုရား ၄၅-ဝါ
ကြာပြီးတဲ့နောက် သက်တော် ၈၀- ရောက်တဲ့အခါ ခုနက ကြွင်းကျန်နေတဲ့ ကံ ကိလေသာတွေက ထုတ်လုပ်ထားတဲ့
ဝိပါက်နာမက္ခန္ဓာ ကမ္မဇရုပ်ဆိုတဲ့ ရုပ်နာမ်ခန္ဓာကြီးက အဲဒီအချိန်မှာ ချုပ်ငြိမ်းသွားပြီ၊
နောက်ထပ် ပဋိသန္ဓေနဲ့ ဆက်လာတာ မရှိတော့ဘူး၊ ကံတရားရဲ့ အကြွင်းအကျန်ဖြစ်တဲ့ ဝိပါက်စိတ်တွေလည်း
ချုပ်သွားတယ်၊ ကမ္မဇရုပ်တွေ အားလုံးချုပ်သွားတယ်၊ နောက်ဆုံး မြတ်စွာဘုရားမှာ ကျန်ရစ်တာ
ဘာကျန်တုန်းဆို ဥတုဇရုပ်ပဲ ကျန်တော့တယ်။ အဲဒီ ကံနဲ့ ပတ်သက်တဲ့ ဝိပါက်နာမက္ခန္ဓာတွေ ကမ္မဇရုပ်တွေ
ချုပ်သွားတဲ့အချိန်မှာ မြတ်စွာဘုရား မျက်မှောက်ပြုသွားတဲ့ နိဗ္ဗာန်ကိုတော့ ‘အနုပါဒိသေနိဗ္ဗာန်’ လို့ ပြောတယ်။
သဥပါဒိသေသနိဗ္ဗာန်ဆိုတာ မျက်မှောက်ဘဝမှာ
သိရတာ၊ ဘဝကို ဆောင်ကြဉ်းတက်တဲ့ တဏှာ ပြတ်သွားတာကို ဆိုလိုတယ်တဲ့၊ အနုပါဒိသေသနိဗ္ဗာန်
ဆိုတာ ‘သမ္ပရာယိက’ သေသည်၏ အခြားမဲ့ လို့ ဒီလိုပြောရမှာပေါ့၊
ဒါကြောင့်မို့ ‘သမ္ပရာယိက’ လို့ ဣတိဝတ်ပါဠိတော်မှာ သုံးထားတာ၊
‘ဣတရာပန
သမ္ပရာယိကာ’၊ အနုပါဒိသေသနိဗ္ဗာန်က သမ္ပရာယိက၊ ဝိပါက်နာမက္ခန္ဓာတွေ
အကုန်ချုပ်သွားတဲ့အခါ ကဋိတ္တာရုပ်တွေ ကမ္မဇရုပ်တွေ ချုပ်သွားတဲ့အခါမှာရတဲ့ နိဗ္ဗာန်၊ အဲဒါကျတော့
ဘဝပါ ချုပ်သွားပြီလို့ ဆိုတယ်၊ ဘဝလို့ ခေါ်တာကိုက ဒီ ကံတွေရဲ့ အကျိုးဆက်တွေ ကံတွေနဲ့
အကုန်ပေါင်းပြီးတော့ ဘဝလို့ ခေါ်ထားတာလေ၊ ကမ္မဘဝ၊ ဥပပတ္တိဘဝ၊ ဘဝလို့ ခေါ်တထားတာကိုး၊ အဲဒီတော့
အဲဒါတွေ ချုပ်ငြိမ်းသွားတာ နိဗ္ဗာန်ပဲ သဥပါဒိသေသနိဗ္ဗာန်, အနုပါသိသေသနိဗ္ဗာန် လို့ နိဗ္ဗာန်နှစ်ခုရှိတယ်၊
ရှုထောင့်အားဖြင့် ပြောတာ နိဗ္ဗာန်ကို နှစ်ခုရှိတယ်။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) မှ ပူဇော်ပါသည်။
*** ဆက်လက်ပူဇော်ပါမည်။