အကြောင်းတရားက ၃-ခု
အဲလိုရှင်းပြတဲ့အခါမှာ ဘဝတစ်ခုကို
ဖန်တီးတဲ့နေရာမှာ ဘယ်သူက အရေးပါးတုန်းလို့ဆိုတော့ မြတ်စွာဘုရားက အရေးပါတဲ့ အကြောင်းတရား
၃-ခုရှိတယ်၊ “အဝိဇ္ဇာရယ်, တဏှာရယ်, ကံရယ်” အကြောင်း ၃-မျိုးရှိတယ်၊ ဘဝတစ်ခုကို ဖန်ဆင်းတဲ့ နေရာမှာ
အဘိဓမ္မာတသင်္ဂဟကျမ်းမှာ “အဝိဇ္ဇာနုသယပရိက္ခိတ္တေန၊
တဏှာနုသယမူလကေန သင်္ခါရေန ဇနိယမာနံ” လို့ ဆိုပြီးတော့ ပဋိသန္ဓေစိတ်ကလေးကို
ထုတ်လုပ်တဲ့ အကြောင်းတရားက ၃-မျိုး ထုတ်ပြတယ်၊ ဒါက main cause လို့ဆိုတဲ့ အဓိကအကြောင်းကို
ထုတ်ပြတာ၊ တခြားအကြောင်းတွေ မရှိဘူးလို့ မပြောရဘူး၊ အကြောင်းတွေထဲမှာ အရေးပါဆုံးအကြောင်းက
အဲဒါတွေပဲ။
ဓမ္မစကြာတရားတော်မှာ
မြတ်စွာဘုရားက “ဒုက္ခသမုဒယ” ဆိုတဲ့နေရာမှာ တဏှာကို အဓိကထား ဟောတယ်၊ တဏှာကို အဓိကထားပြီးတော့
ပြောတာဖြစ်လို့ “ကတမံ
စ ဘိက္ခဝေ ဒုက္ခသမုဒယော အရိယသစ္စံ” ဒုက္ခကိုဖြစ်စေတက်တဲ့ အရိယသစ္စာ ဆိုတာ
ဘာလဲလို့မေးပြီးတော့ “ယာယံ
တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂ သဟဂတာ တတြ တတြ ဘိနန္ဒိနီ”၊ မြတ်စွာဘုရားက တဏှာကို အဓိကထားပြီးဟောတယ်၊ ဒုက္ခကို ထုတ်လုပ်တဲ့နေရာမှာ
တဏှာဟာ အဓိကပဲ။
အဲဒီတော့ ဖြစ်တယ်လို့ ဆိုကတည်းက မြဲနေတဲ့အရာတစ်ခု
ဟိုကနေသွား ဒီကနေသွားတာမျိုး မဟုတ်ဘူး၊ အကြောင်းရှိလို့ ဖြစ်လာတယ်ဆိုတဲ့ သဘောကို ပြောတာနော်၊
တဏှာသည် ဘဝသစ်ကိုဖြစ်စေတက်တယ်၊ ဒါက ဓမ္မစကြာမှာ တဏှာကို အဓိကထားပြီး မြတ်စွာဘုရားဟောတာ၊
တခြား ထိုထိုသုတ္တန်တွေမှာလည်းပဲ တဏှာကို ‘ဘဝနေတိ’ လို့ ဘဝကို ဆောင်တက်တဲ့၊ ဘဝကို ဦးဆောင်ဦးရွက် လုပ်သွားတက်တဲ့ တရားအဖြစ်
မြတ်စွာဘုရားက ဟောတယ်။
အဲဒီတော့ တဏှာတစ်ခုတည်း လုပ်တာလား
ဆိုတော့ မဟုတ်ဘူးတဲ့၊ တဏှာက ဘယ်သူ့ဆီက အကူအညီတွေ ရတုန်းဆိုရင် အဝိဇ္ဇာရဲ့ အကူအညီရတယ်။
အဝိဇ္ဇာက အာရုံရဲ့ အပြစ်ကို အမြင်အောင်
ဖုံးကွယ်ပြီးတော့ ပေးထားတာ၊ ပေးထားသည့် အတွက်ကြောင့် အဝိဇ္ဇာဖုံးကွယ်ထားတဲ့ အာရုံကို
အမှန်မသိတဲ့အခါမှာ တဏှာက တွယ်တာမှုကို ဖြစ်စေတယ်၊ အဲဒီတဏှာက တွယ်တာတဲ့အခါမှာ ကံလို့ခေါ်တဲ့
သင်္ခါရတရားက တွန်းပို့လိုက်တာ၊ ဘဝသစ်တစ်ခု ရောက်လာတာ၊ ဘယ်သူ့ကို တွန်းပို့တာတုန်းလို့မေးရင်
တွန်းပို့စရာ ခုနက Reincarnation ကို, Spirit ကို, ဝိညာဉ်ကောင်ကို တွန်းပို့တာမဟုတ်ဘူး၊
သူတို့ ၃-ဦးကနေ စုပြီးတော့ ဖန်တီးလိုက်တဲ့အခါ အကျိုးတစ်ခုပေါ်လာတာကို ပြောပြတာ၊ ခုနတုန်းက
“စက္ခုံစ
ပရိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” မျက်စိနဲ့ အဆင်းအာရုံလေး ဆုံပေးလိုက်တဲ့အခါ
စက္ခုဝိညာဏ်စိတ်လေး ပေါ်တယ်လို့ ဆိုတာ လိုပဲ အကြောင်းကြောင့်ပေါ်လာတဲ့ အကျိုးတရားလေး တစ်ခုမျှသာ
ဖြစ်တယ်၊ ဘဝကူးတယ် ဆိုတာနော်။
ဆိုပါစို့ - မီးခြစ်ဘူးထဲကနေ မီးတောက်ကလေး
ပေါ်လာတယ်ဆိုတာဟာ ဘာကြောင့်ပေါ်တာတုန်းလို့ သေချာမေးကြည့်လိုက်ရင် ဂက်စ်မီးခြစ်ဘူးမှာ
ကြည့်ရင် အထဲထဲမှာ ဂက်စ်ရှိတယ်၊ ဘီးလုံးရှိတယ်၊ ဘီးလုံးအောက်က အခံအမာရှိတယ်၊ ဖိခြစ်တဲ့သူရဲ့
စွမ်းအားရှိတယ်၊ အဲဒီအကြောင်း ၄-ခု ပေါင်းဆုံလိုက်တဲ့ အခါ မီးတောက်ကလေး ပေါ်လာတာမို့လား၊
အဲဒီတော့ မီးတောက်က အကြောင်း ၄-ချက်ကနေ ပေါင်းဆုံပြီးတော့ ထုတ်လုပ်ပေးလိုက်တာ၊ ဘဝတစ်ခုကို
ဖြစ်စေတယ်ဆိုတာ အဲဒီ မီးတောက်ကလေးဟာ အတိတ်ဘဝက မီးတောက်ကလေးဟာ ဒီကို ကူးလာတာ မဟုတ်ဘူး၊
ဆိုင်ရာ အကြောင်းကြောင့် ဖြစ်လာတယ် ဒီလိုပြောလိုတာ။
အဲဒီတော့ ဘဝတစ်ခုကို ဖန်ဆင်းတဲ့အခါမှာ
အဝိဇ္ဇာရယ် တဏှာရယ် ကံရယ် ဒီ ၃-ခုကနေစုပြီး ဖန်ဆင်းလိုက်တာ၊ လူတွေ ဟာ နေ့စဉ်နဲ့အမျှ
အသက်ရှင်နေတဲ့အချိန်မှာ ဘာတွေလုပ်နေကြတုန်း၊ လုပ်သင့်တာ မလုပ်သင့်တာ ခွဲခြားမသိသည့်အတွက်ကြောင့်
လုပ်သင့်တာကို မလုပ်သင့်ဘူးလို့ထင်နေတယ်၊ မလုပ်သင့်တာကို လုပ်သင့်တယ်လို့ ထင်နေတယ်၊
အဲဒါတွေက အဝိဇ္ဇာက ကာထားတာ၊ ကာထားသည့်အတွက်ကြောင့်၊ ထိုအာရုံတွေရဲ့ သဘာဝအမှန်ကို မသိသည့်အတွက်ကြောင့်
တွယ်တာမှုတွေ မက်မောမှုတွေ လိုချင်မှုတွေ စွဲလန်းမှုတွေပေါ်လာတယ်၊ ဟော - အဝိဇ္ဇာတွေကလည်း
အင်အားကောင်းလာတယ်၊ တဏှာတွေကလည်း အင်အားကောင်းလာတယ်၊ တွယ်တာမှုတွေကို အကြောင်းပြုပြီးတော့ ရလိုမှုနဲ့ ကြိုးပမ်းမှုတွေရော
ပေါ်မလာဘူးလား၊ အဲဒီ ကြိုးပမ်းမှုတွေအားလုံးဟာ ကံအရာ မြောက်သွားတယ်ပေါ့၊ စိတ်ရဲ့ လုပ်ဆောင်မှု၊
နှုတ်ကလုပ်ဆောင်မှု၊ ကိုယ်ထိလက်ရောက်လုပ်ဆောင်မှုဆိုတဲ့ လုပ်ဆောင်မှုတွေပဲ - ကံရဲ့အရာ။
လူတွေရဲ့သန္တာန်မှာ ကံတွေဟာ စုမိဆောင်းမိဖြစ်ပြီး စွမ်းအားသတ္တိအပြည့်နဲ့ လူတွေရဲ့ စိတ်အစဉ်ထဲမှာဖြစ်တယ်။
အဲဒီ ဖြစ်လာတဲ့ ကံတရားတွေဟာ စုမိဆောင်းမိ
ဖြစ်နေတော့ ဘဝတစ်ခုကို ဖန်ဆင်းကြတော့မယ်ဆိုရင် လက်ရှိဘဝကြီး မချုပ်သေးသ၍ သူတို့က လုပ်လို့မရသေးဘူး၊
ကံအသစ်တွေက လက်ရှိဘဝကြီး ကုန်ဆုံးတဲ့အချိန်လေးမှာ သူတို့ ဝိုင်းပြီးတော့ ဘယ်လိုလုပ်ကြတုန်းဆိုရင်
ကြည့်။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) မှ ပူဇော်ပါသည်။
*** ဆက်လက်ပူဇော်ပါမည်။