လူသားအားလုံးဟာ အခက်အခဲတွေကြားက မသေချာတဲ့လမ်းကို လျှောက်လှမ်းနေကြရတာချည်းပါပဲ။
ဗုဒ္ဓမြတ်စွာက ကိစ္ဆော မနုဿပဋိလာဘော- လူ့ဘဝရဖို့ ခက်ခဲတယ်-လို့ ညွှန်ပြတော်မူခဲ့ပါတယ်။
ကျိုးကြောင်းဆက်နွယ်ကာ ဖြစ်ပျက်နေတဲ့ လောကကြီးထဲမှာ အကျိုးကို ကြည့်ပြီး အကြောင်းကို သိမြင်ရသလို အကြောင်းကိုကြည့်ပြီးလည်း ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အကျိုးကိုလည်း သိမြင်နိုင်ကြပါတယ်။
လူ့ဘဝ-ဆိုတာ အကြောင်းနဲ့အကျိုး နှစ်မျိုးအနက် အကျိုးတရားပါ၊ သူ့ရဲ့အကြောင်းတရားကတော့ မဟာကုသိုလ်စေတနာပါ။ မြင့်မြတ် ဖြူစင်တဲ့ မဟာကုသိုလ် စေတနာက အကျိုးပေးလိုက်လို့ လူ့ဘဝဆိုတဲ့ အကျိုးတရား ဖြစ်ပေါ်လာရတာပါ။
ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြည့်ရအောင်ပါ.. နေ့စဉ် ဖြစ်နေတဲ့ ကိုယ့်စိတ်ကလေးကို ဆန်းစစ်ကြည့်ရအောင်ပါ… မြင့်မြတ်တဲ့စိတ်နဲ့ ယုတ်ညံ့တဲ့စိတ်ဓာတ် ဘယ်ဟာအဖြစ်များသလဲ။ ဖြူစင်တဲ့ စိတ်ဓာတ်နဲ့ မည်းညစ်တဲ့စိတ်ဓာတ် ဘယ်စိတ်က အဖြစ်များသလဲ။
ပါပသ္မိံ ရမတိ မနော- စိတ်ဆိုတာ ယုတ်ညံ့ ညစ်ပတ်တဲ့ မကောင်းမှုတွေမှာသာ မွေ့လျော်ပျော်ပါး အဖြစ်များပါတယ် တဲ့။ ဖြူစင် မြင့်မြတ်တဲ့ ကုသိုလ် လုပ်ငန်းတွေမှာ ပျော်မွေ့မှုနည်းပါးတယ် ဆိုတဲ့သဘော အလိုလို ပါပြီးဖြစ်နေပါတယ်။ တိုက်ရိုက်ပြောရရင် ကုသိုလ်စိတ်တွေ အဖြစ်နည်းတယ်လို့ ပြောရမှာပေါ့။
ဒီတော့ ရရှိလာတဲ့ လူ့ဘဝဟာ ဘယ်လောက်ခက်ခဲမလဲ ဆိုတာ နေ့စဉ် ဖြစ်ပေါ်နေတဲ့ ကိုယ့်စိတ်ဓာတ်ကလေးကို ဆင်ခြင်ကြည့်ရင်ပဲ သိနိုင်မယ်လို့ ထင်ပါတယ်။
အဋ္ဌကထာ ဆရာမြတ်ကတော့ မဟန္တေန ဟိ ဝါယာမေန မဟန္တေန ကုသလေန လဒ္ဓတ္တာ မနုဿပဋိလာဘော နာမ ကိစ္ဆော ဒုလ္လဘော-လို့ ဖွင့်ပြတော်မူပါတယ်၊ ကြီးမြတ်တဲ့ လုံ့လ မြင့်မြတ်တဲ့ ကုသိုလ်ကြောင့် ရလို့ လူအဖြစ်ကိုရခြင်းဆိုတာ ခက်ခဲပါတယ်..တဲ့။
လူ့ဘဝ ရလာသူဖြစ်ပေမယ့် ကိစ္ဆံ မစ္စာန ဇီဝိတံ-တဲ့ အသက်ရှည်နေထိုင်ဖို့ကလည်း အခက်အခဲတစ်မျိုးပါပဲ လို့ မြတ်ဗုဒ္ဓက ညွှန်ပြတော်မူထားပါသေးတယ်။
မှန်ပါတယ် စားရေး ဝတ်ရေး နေရေး စတဲ့ ဘဝရပ်တည်ရေးအတွက် ကြိုးပမ်းနေကြတာဟာ အသက်ရှင်နေထိုင်ရေးအတွက်ချည်းပါပဲ။ မနက်မှ ည နဖူးကချွေး ခြေမကျသည်အထိ လုပ်ကိုင်ကြရတာတွေ ဒီမြို့ကနေ ဟိုမြို့ ကားနဲ့တမျိုး ရထားနဲ့တဖုံ ယဉ်အသွယ်သွယ် ကုန်းကြောင်းအမျိုးမျိုးနဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ သွားလာလှုပ်ရှား နေရတာတွေဟာလဲ အသက်ရှင်နေထိုင်နိုင်ဖို့ပါပဲ။
နိရန္တရံ ကသိကမ္မာဒီနိ ကတွာ ဇီဝိတဝုတ္တိံ ဃဋနတောပိ ပရိတ္တဋ္ဌာယိတာယပိ မစ္စာနံ ဇီဝိတံ ကိစ္ဆံ-အမြဲမပြတ် လယ်ထွန်ခြင်းစတဲ့ အမှုတွေကို ပြုပြီး အသက်မွေးမှုကို ဆက်နေရတဲ့အတွက်ကြောင့်ရော တိုတောင်းတဲ့တည်တံ့မှုရှိတဲ့အတွက်ကြောင့်ပါ သတ္တဝါတွေရဲ့ အသက်ရှင်မှုဟာ ခက်ခဲပါတယ်လို့ အဋ္ဌကထာဆရာက ဖွင့်ပြတော်မူခဲ့ပါတယ်။
တကယ်တော့ သတ္တဝါတွေ အသက်ရှင်ရေးကို နှောက်ယှက်မည့် အတွင်းရန်ရော ပြင်ပရန်တွေပါ ရန်သူတွေအလွန်ပေါလှပါတယ်၊ ပထဝီ တေဇော အာပေါ ဝါယောဆိုတဲ့ မဟာဘုတ်လေးပါးနဲ့လည်း ဆက်စပ်နေတယ်လေ။
ပထဝီဓာတ်ဖောက်လို့ အသက်ပျောက်ရသူတွေ အာပေါဓာတ်လွန်ကဲလို့ မျက်နှာလွဲသွားရသူတွေ တေဇောဓာတ်များလို့ ကွယ်လွန်သွားရသူတွေ ဝါယောဓာတ်ဖောက်ပြန်လို့ အိပ်ယာထဲလှဲပြီး နောက်ဆုံး သေပွဲဝင်ရသူတွေ မိမိတို့ လက်တွေ့ မျက်တွေ့ပါပဲ။
တကယ်လို့များ ဝင်သွားတဲ့ဝင်သက်လေကလေး ပြန်မထွက်ခဲ့ရင်ဖြစ်စေ ထွက်သွားတဲ့ ထွက်သက်လေကလေး ပြန်ဝင်ခွင့်မရှိရင် ဖြစ်စေ ဒီလိုအခြေအနေမျိုးမှာလည်း တစ်ဘဝချုပ်ငြိမ်းသွားနိုင်တယ်မို့လား။ အသက်ကို အန္တရာယ်ပေးမည့် ရောဂါတွေကလည်း အမည်အမျိုးမျိုး အခေါ်အဝေါအဖုံဖုံနဲ့ စုံနေတာပါပဲ။
ဒီကြားထဲ မျက်စိကို မြင်စရာတွေ မြင်ပေးလို့ ကျေးဇူးတင်မယ်ကြံတုန်း မျက်စိကနာရင်း ကွယ်လွန်နိုင်တယ်ဆိုတော့ သူလဲ တကယ်တော့ ရန်သူပါပဲ။ နား နှာခေါင်း လည်ချောင်း လျှာတွေကလည်း ဘာများထူးသေးလို့လဲ။
မျက်စိ နား နှာခေါင်းလည်ချောင်း ဆေးရုံကို ရောက်နေသူတွေဟာ ရန်သူတွေရဲ့ အပြင်းထန်ဆုံးတိုက်ခိုက်မှုကို ခံထားရသူတွေနဲ့ အပြင်းအထန်တိုက်ခိုက်နေတယ်လို့ ခံစားနေသူတွေပေါ့။ ဒါကတော့ အသက်ရဲ့ အတွင်းရန်တွေလို့ ဆိုရမှာပါ။ သူတို့ရဲ့ အသက်ရှင်မှုကို ကြည့်ရင်း ရင်တွင်းမှာ မွန်းကြပ်အောင်အထိ ခံစားမိကြမှာပါ၊ ဒါဟာလည်း အသက်ရှင်ရခြင်းဟာ ဘယ်လောက်ဆင်းရဲသလဲဆိုတဲ့ အဖြေဖြစ်နိုင်ပါတယ်။
အပြင်ရန်တွေကတော့ အားကိုးနေတဲ့ ရာသီဥတုလည်း ရန်သူလို့ သတ်မှတ်ရမလိုပါပဲ၊ အပူလွန်ကဲတဲ့ ဥတုကြောင့်ဖြစ်စေ အအေးလွန်ကဲတဲ့ ဥတုကြောင့်ဖြစ်စေ တစ်ဘဝတာစခန်း ရပ်တန့်သွားနိုင်တယ်လေ၊ အလွန်စီးချင်နေတဲ့ နောက်ဆုံးထွက်မော်ဒယ်ကားကလည်း တကယ်တော့ အသက်ရဲ့ အန္တရာယ်ဖြစ်နိုင်တယ်ဆိုတာကိုတော့ ပြောစရာမလိုလောက်ဘူးထင်ပါတယ်။
ရှိသမျှ ပတ်ဝန်းကျင် ဆက်ဆံတွေ့ထိနေ သဘာဝအရာမှန် သမျှအရာတွေဟာ အသက်ရဲ့ အန္တရာယ် မဖြစ်နိုင်တာ မရှိသလောက်နည်းပါးလှပါတယ်။ ဒါကိုပဲ သဘာဝဘေးအန္တရာယ်ဆိုပြီး နည်မည်ပေးနေကြပြီမဟုတ်လား။
အစာဆာတော့ အစာစားရ၊ ညောင်းညာပြန်တော့ ပြောင်းပေးရ၊ ပူတော့ အေးအောင်၊ အေးတော့လည်း နွေးထွေးအောင် ကျန်းမာရေး မကောင်းတော့ ဆေးတွေနဲ့ ပြုပြင်ရတာတွေဟာ အသက်ရှင်ရေးအတွက်ပါပဲ။ ကိုယ်ကသာ အသက်ရှင်ရေး အတွက် ခန္ဓာအလိုလိုက် ချော့မြူနေပေမယ့် ခန္ဓာကတော့ ပျိုမယ့်ဘက် မလှည့် အိုဘက်ကိုသာ သွားနေတာပါ၊ အသက်ရှင်ဖို့နေရမယ့် အချိန်တွေကို တရွေ့ရွေ့ နှုတ်ယူနေတယ်..
ဝိပဿနာမှန်ပြောင်းနဲ့ သေချာချောင်းကြည့်ရင်တော့ ခဏမစဲ သေနေတာတွေပါ မြင်ရမှာပါ။ ဒီတော့ အသက်ရှင်ဖို့အတွက် ဘယ်လေက် ခဲယဉ်းသလဲ ဒီခန္ဓာကလည်း ဘယ်လောက် သစ္စာဖောက်သလဲ၊ ဘယ်လောက်ကျေးဇူးကန်းသလဲ ဒါပေမယ့် စိတ်မနာနိုင်ခဲ့ပြန်ဘူးလေ..။
အသက်ရှင်ဖို့အတွက် အခက်အခဲတွေသာ ရှိတာမဟုတ်သေးဘူး မသေချာ မရေရာတဲ့ အရာတွေရဲ့ ခြိမ်းခြောက်မှုတွေကိုလည်း အမြဲခံနေရတယ်၊ မြတ်ဗုဒ္ဓက မသိခြင်း ငါးမျိုးကို ညွှန်ပြတော်မူခဲ့ပါတယ်။
(၁)ဘယ်အသက်အရွယ်မှာ သေမယ်ဆိုတာကို မသိခြင်း
(၂) ဘယ်အနာရောဂါနဲ့ သေရမယ်ဆိုတာကို မသိခြင်း
(၃) မနက်၊ နေ့လည်၊ ညနေ ဘယ်အချိန်မှ သေရမယ်ဆိုတာကို မသိခြင်း
(၄) ကြွင်းကျန်းတဲ့ ဥတုဇခန္ဓာကိုယ်ကို ရွာထဲ မြို့ထဲ တောထဲ တောင်ပေါ် မြစ် သမုဒ္ဒရာ ဘယ်နေရာမှာ ပစ်ချခံမည်ဆိုတာကို မသိခြင်း
(၅) လူ့ဘ၊ နတ်ဘဝ၊ တိရစ္ဆာန်ဘဝစတဲ့ဘဝတွေမှာ ဘယ်ဘဝရောက်ရမယ်ဆိုတာ မသိခြင်း..
ဆိုတဲ့ မသိခြင်း ငါးပါးပါပဲ။
ဒီမသိခြင်းတွေနဲ့ ဘဝကိုလျှောက်လှမ်းနေကြရတော့ သေချာတာဘာများရှိနေလို့လဲ၊ ဟုတ်တယ် အချိန်နဲ့ တပြေးညီ အသက်ရှင်နေရတဲ့ ဘဝ ဘယ်အချိန်ဆိုတာ မသိမှတော့ ဘာများသေချာတော့ မလဲနော်..။
မသိခြင်းတွေနဲ့ ခရီးသွားနေရတာခြင်းအတူတူ သူတလူ ငါတမင်း ရန်ဘက်ခင်းပြီး ပြိုင်ဆိုင်နေကြတာတော့
နှုတ်ခမ်းပဲ့ခြင်း မီးမှုတ်တာပဲလို့ ပြောလိုက်ချင်တယ်၊ မသေချာတဲ့ လမ်းကို လျှောက်လှမ်းရင်း ကိုယ့်အတွက်
သေချာတာတွေကို စုဆောင်တတ်တဲ့ အခွင့်အရေးသမားဖြစ်ဖို့ ကြိုးစားရမယ်။
ဒါမှ တကယ့်အခွင့်အရေးသမားကောင်း ဖြစ်မှာပါ။ မာ ဝေါ ခဏံ ဝိရာဓေထ- ခဏကောင်းကို လက်မလွတ်စေနဲ့တဲ့ မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ချက်ပေါ့။
အခွင့်ကောင်းကို လက်မလွတ်သူတွေဆိုတာ လူပေါ်လူဇော်လုပ်တာကို မဆိုလိုပါဘူး၊ မိမိအတွက် သူတစ်ပါးအတွက် အကျိုးရှိမယ့် လုပ်ရပ်လေးမျိုးကို လုပ်သူလို့ ဆိုချင်ပါတယ်၊
(၁) စွန့်လွတ်ခြင်း လုပ်ရပ်
(၂) စောင့်စည်းခြင်း လုပ်ရပ်
(၃) အပူတွေ ငြိမ်းစေခြင်း လုပ်ရပ်
(၄) (သာမန်အကြည့်မဟုတ်ပဲ) အထူး ရှုကြည့်မှု လုပ်ရပ်တွေပါပဲ။
ဒီတရားတွေဟာ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာ လို့အများကနုတ်ကျိုးနေကြတဲ့ တရားတွေကို ဆီလျော်အောင် ဘာသာပြန်ထားတာပါ။၊ အဲဒီလုပ်ရပ် တစ်ခုခုကို လုပ်နေသူကို အခွင့်ကောင်းယူနေသူလို့ ပြောလိုက်ချင်ပါတယ်။ အခွင့်ကောင်းတွေထဲက အကောင်းဆုံး အခွင့်ကောင်းကို ရအောင်ယူနိုင်ကြပါစေလို့ တိုက်တွန်းလိုက်ပါတယ်။
အားလုံး အမှားပါရင် ခွင့်လွတ်သည်းခံပေးကြပါရန် မေတ္တာရပ်ခံပါသည်။