(၁) စက်ရှင်ပတ်လည်၊ ၀င်းဝင်းတည်သား၊ ကိုးမည်ရတနာ၊
တည်ရာအောင်ချက်၊ ကျွန်းသန်လျက်ဝယ်၊ ရှေးဆက်မြတ်ကျော်၊ လောင်းရှင်တော်လျှင်၊
သိမြော်သစ္စာ၊ ပွင့်ဆုရှာ၍၊ နတ်ရွာလူ့မြေ၊ ကိုးကွယ်စေဟု၊ ဘုံနေနတ်သား၊
ရေချမ်းဖျားက၊ နဂါးဗိမာန်၊ လှုသောဟန်လျှင်၊ သဏ္ဌာန်မပြား၊ ရွှေစင်သားဝယ်၊
ထွားထွားပွင့်သစ်၊ ပုလဲရစ်သို့၊ သနစ်လျှံပြောင်၊ မွေရှင်ရောင်နှင့်၊
တောက်ပြောင်မဆုံး၊ နေ့ညဥ့်ဖုံးသည်၊ သောင်းလုံးပတ်လည် ရှင်တော့သည်။
(၂) သက်ထင်မှတ်ရည်၊ ခုလျှောက်သည်ကား၊
ပြည့်မည်စိတ်သင့်၊ ယုံသဖြင့်လျှင်၊ သုံးဆင့်ရွက်ကြာ၊ ရှစ်ဆိုင်ကာလျက်၊ မင်းသာသက်ပန်၊
ရှင်တော်ဟန်ကို၊ ဟေ၀န်သာခေါင်၊ တောကုန်အောင်လည်း၊ ရွှေရောင်နှင့်မြ၊
ပင်တိုင်းလှသော်၊ မှိုင်းပျထက်ဝန်း၊ နှင်းသာဖျန်းက၊ ရန်းရန်းရွရွ၊ ဆွဆွဖြူထွား၊
ပုလဲပွားသို့၊ ချရားမဉ္ဇူ၊ ခိုင်စုံတူကို၊ ဆက်လှူရည်ထင်၊ လှထွတ်တင်နှင့်၊
ရွှေရင်ရစ်ခွေ၊ စုံလွယ်စေလော့၊ လျှော့ဖြေမသာ၊ နောင်ဝမ်းမှာမူ၊ သစ္စာမယွက်၊
ထပ်ဆင့်ဆက်သည်၊ အသက်မှတ်သည် ကြင်တော့သည်။
(၃) ညက်စင်မွတ်ကြည်၊ ဘုံခြောက်မည်၌၊
ပြစ်ခြည်ကင်းလွတ်၊ အားလုံးနတ်လျှင်၊ တုမှတ်ဖက်မျှ၊ ပြိုင်လှာကြလည်း၊ သော်တာ့ရောင်တွင်၊
ကြယ်နှယ်ထင်လိမ့်၊ ညိုစင်နွဲ့ရွှန်း၊ စံများပန်းကို၊ ကံညွှန်းချီးမြှင့်၊
ဘုန်းသစ်ပွင့်က၊ သခင်းအသစ်၊ ကျွန်အဖြစ်ဖြင့်၊ စိစစ်လရက်၊ ခန့်ရေတွက်၍၊
ချစ်သက်ဆယ်ဆ၊ လျှောက်များလှလည်း၊ တုံ့မျှမဖြေ၊ စိုးရလေခဲ့၊ ရစ်ခွေလည်ယှက်၊
ကျေးငှက်နွဲမှီ၊ ဖော်စုံညီလျှက်၊ ရာသီနှင့်နှင်း၊ မယ်ကပင်း၍၊ ဆောင်းချမ်းမတူ၊
အချမ်းကူသော်၊ သည်းအူညွတ်ပျောင်း၊ နောင်အကြောင်းကို၊ ဉာဏ်ပေါင်းစကြာ၊
ဖြည့်လျှင်းပါလော့၊ မကွာရွှေရင်၊ တူစုံချင်သည်၊ ပန်းသွင်ညွှတ်ရည် ဆင်တော့သည်။ (မြန်မာစာညွှန့်ပေါင်းကျမ်းမှ)