မိုင်းယောင်းမြို့ဟာ တာချီလိတ်မြို့ကနေ မိုင်(၉၀)ကျော် ဝေးကွာပါတယ်၊
မိုင်းဖြတ်မြို့၊ တာလေမြို့တို့ကို ဖြတ်ကျော်ပြီး
တောအထပ်ထပ် တောင်အသွယ်သွယ်ဖြတ်ကျော်ပြီးမှ
ရောက်ရှိတာပါ။ ကားဘော်ဒီရဲ့ ဂလုန်းဂလန်းနဲ့ မြည်နေတဲ့ မညီမညာ သံစဉ်တွေကို ခံစားရင်း ခေါင်းတွေနောက်ကျူအောင်ကို ကားစီးရပါတယ်။
ဒီမိုင်းယောင်းမြို့လေးနဲ့ (၁၄)မိုင်လောက်ဝေးတဲ့ တောရွာ သာသနာပြုဌာနမှာ
မိမိရဲ့ သူငယ်ချင်းတစ်ပါးက သာသနာပြုနေတာပါ၊
အဲဒီရွာလေးမှာ ဉာဏ်တော်အမြင့် (၂၇)ပေ၊ (၆)လက်မ ရွှေတိဂုံပုံတူ ဝိမုတ္တိသုခ ဆုတောင်းပြည့်စေတီ နှင့် အရံစေတီများ တည်ထားကိုးကွယ်ပြီးစီးသွားလို့
ရွှေထီးတော်တင်လှူပူဇော်ပွဲသို့ သွားရောက်ခဲ့တာပါ။
ဉာဏ်တော်(၂၇)တောင်အမြင့်ရှိတဲ့ စေတီတော်တစ်ဆူကို ဖူးမြင်ကြည်ညိုရဖို့ ပြည်မကလူတွေအဖို့ မပြောပလောက်ပါဘူး။
သို့သော်လည်း အိမ်ခြေက (၁၈)အိမ်
ကျား(၂၅)
မ(၂၅)
ပေါင်း (၅၀)တာရှိတဲ့ မိုင်းဟန်ရွာလို့ ခေါ်တဲ့ရွာလေးမှာ ဒီလိုစေတီတော်တစ်ဆူ ဖူးမြင်ရဖို့
အလွန့်အလွန်မှ ခက်ခဲလှပါတယ်။
အဲဒီဒေသကို ရောက်ဖူးရင် အသိဆုံးဖြစ်မှာပါ။
ဒီစေတီထီးတော်တင်ပွဲကို ပြည်မကနေ တာဝန်နဲ့ရောက်ရှိနေကြတဲ့ မြန်မာများက ပျော်ပျော်ပါးပါး ရပ်ဆွေရပ်မျိုးတွေလို ဝိုင်းဝန်းကူညီနေကြတာကလည်း တကယ့်ကို ကြည်နူးစရာပါပဲ။
သူတို့တတွေလဲ ဒီနေရာမှာ ဒီလိုဖြစ်လာလို့ ဝမ်းသာမဆုံးဖြစ်ရကြောင်း ပြောပြကြတဲ့ ရင်ထဲကပီတိသံတွေကို ကြားလိုက်ရပြန်တော့ တောတောင်တွေရဲ့ အရိပ်ထက်တောင် ပိုပြီး အေးမြနေပါသေးတယ်။