Thursday, October 17, 2013

ဘယ်လိုရည်ရွယ်ချက်နဲ့ ဆီမီးထွန်းမလဲ..????


ဒီနေ့ညဆို ဆီမီးတွေ ထိန်ထိန်ညီးနေတော့မယ်…။
ကောင်းကင်က လမင်းကြီးအရောင်နဲ့
လူ့ပြည်က လျှပ်စစ်မီးအရောင်နဲ့ ဆီမီးအရောင်တို့
အပြိုင်အဆိုင် သူနိုင်ကိုယ်နိုင် လင်းလက်ကြတော့မယ်။

ရည်ရွယ်တာက မြတ်ဗုဒ္ဓဂုဏ်တော်ကို ရည်စူးပူဇော်ကြတာပါ၊
တစ်ချို့ကတော့ အပိုအလုပ်တွေပါကွာလို့ ရှုံ့ချကြသလို
အလကားဖြုန်းတီးနေတာပါလို့ ကဲ့ရဲ့သူတွေလဲ ရှိနေကြမှာပါ။

မြတ်ဗုဒ္ဓမရှိတော့ပေမယ့် ဂုဏ်တော်ကို ရည်မျှော်ပြီး
ပူဇော်ကြတာအမှတ်ရကြတာဟာ..
ကွယ်လွန်သွားတဲ့သူရဲ့ အုပ်ဂူဘေးမှာ
လွမ်းသူ့ပန်းခွေပေးတာနဲ့ မနှိုင်းယှဉ်ချင်ပါဘူး၊
ကျဆုံးသွားတဲ့ ဗိုလ်ချုပ်တွေရဲ့ အုပ်ဂူဘေးမှာ ရပ်ပြီး
အလေးသွားပြုနေသူတွေနဲ့လဲ ဥပမာမပေးချင်ပါဘူး၊

အတုမရှိ အတူမရှိတဲ့ မြတ်ဗုဒ္ဓကို ရည်စူးနေတာမို့
ဘာနဲ့မှ မူတူပါဘူး…၊ အတူမရှိဘူးလို့ပဲ ပြောချင်ပါတယ်။


တစ်ချို့ကပြောကြတယ်..ဘုရားကို ရည်စူးရင် ရုပ်ပွားစေတီတွေမှာ ပူဇော်ပါလား
အိပ်မှာတွေ ကျောင်းမှာတွေ သစ်ပင်မှာတွေ
ဆီမီးတိုင်တွေ ထွန်းညှိတာက အပိုမဟုတ်ဘူးလား..တဲ့။

ဒီလိုတွေးမိသူတွေအတွက် ဆရာသမားရဲ့ လမ်းညွှန်းတဲ့ မီးထွန်းနည်းလေး
ပြောလိုက်ချင်ပါတယ်။

" မင်းတို့ အခု သီတင်းကျွတ်လပြည့်နေ့မှာ
ကျောင်းတို့ အိမ်တို့မှာ မီးထွန်တာ အပျော်ထွန်းတာ မဖြစ်စေနဲ့
ကြည်နူးမှုနဲ့အတူ အဓိပ္ပာယ်ရှိရှိ လုပ်ကြပါ၊ ရည်ရွယ်ချက်ကောင်းကောင်းနဲ့
ဆီမီးထွန်းကြပါ..။

ဥပမာ- ကျောင်းမှာ ဆီမီးထွန်းတယ်ဆိုပါစို့
စိတ်ထဲကြည်နူးစရာ ပျော်စရာလေးပေါ့..ဒါပေမယ့် ဒီလိုလေး ရည်ရွယ်ချက်ထားပါ၊
ဒီလိုလေး စိတ်ထဲက ရည်မှန်းထားပါ..။
ဒီကျောင်းမှာ ရှိတဲ့ ကျောင်းစောင့်နတ်တွေ.. အခုဆီမီးတိုင်များဖြင့်
ဘုရားရှင်အားလှူဒါန်းပူဇော်နိုင်ရန် သင်တို့အား စွန့်လှူပါ၏
ငါစွန့်လိုက်သော ဆီမီးအလင်းရောင်ဖြင့် မြတ်စွာဘုရားရှင်အား
ရည်စူးပူဇော်၍ ကုသိုလ်ယူကြပါကုန်လော့.


အိမ်မှာထွန်းရင်လဲ အိမ်စောင့်နတ်တွေ
အခုကျွန်ုပ်ထွန်းထားသောဆီမီးတိုင်များဖြင့်
ဘုရားရှင်အားလှူဒါန်းပူဇော်နိုင်ရန် သင်တို့အား စွန့်လှူပါ၏
ငါစွန့်လိုက်သော ဆီမီးအလင်းရောင်ဖြင့် မြတ်စွာဘုရားရှင်အား
ရည်စူးပူဇော်၍ ကုသိုလ်ယူကြပါကုန်လော့.


သစ်ပင်မှာထွန်းမယ်ဆိုရင်… ထွန်းငြိမယ်ဆိုရင်လဲ ဤသစ်ပင်၌
စိုးအုပ်နေသော ရုက္ခစိုးနတ်သည်
အခုကျွန်ုပ်ထွန်းထားသော ဆီမီးတိုင်များဖြင့်
ဘုရားရှင်အားလှူဒါန်းပူဇော်နိုင်ရန်
သင်တို့အား စွန့်လှူပါ၏
ငါစွန့်လိုက်သော ဆီမီးအလင်းရောင်ဖြင့် မြတ်စွာဘုရားရှင်အား
ရည်စူးပူဇော်၍ ကုသိုလ်ယူကြပါကုန်လော့.


ဒီလိုလေး စိတ်ကနေဖြစ်စေ နုတ်ကနေဖြစ်စေ ညွှတ်ပေး ပြောပေးရင်
ကိုယ်လုပ်တဲ့အလုပ် ကိုယ်ထွန်းလိုက်တဲ့ ဆီမီးလေးတွေ ဘယ်လောက်
အဓိပ္ပာယ်ရှိသွားသလဲ…ဘယ်လောက်ကြည်နူးစရာကောင်းသလဲ
အဓိပ္ပာယ်မဲ့ အပျော်သက်သက်မဟုတ်တော့ဘူး..

ဒါကတော့ ကျွန်ုပ်တို့ငယ်စဉ် သီတင်းကျွတ်လပြည့်နေ့မှာ ပေးခဲ့တဲ့ ဆရာသမားရဲ့
သြ၀ါဒပါ… ဒီသြ၀ါဒလေးအတိုင်း ကျွန်ုပ်ရော သီးတင်းသုံးဖော်များပါ ကျောင်းဆောင်မှာတွေရော
ကျောင်းဝင်ရှိ သစ်ပင်မှာတွေပါ ဆီမီးလေးတွေ ထွန်းညှိပူဇော်ရင်း ကြည်နူးခဲ့တာလေးကို
ပြန်လည်တမ်းတ လွမ်းဆွတ်သတိရရင် ဆရာသြ၀ါဒလေးကို ပြန်လည်တင်ပြလိုက်ပါတယ်..။

ဒါကတော့ ဆရာသမားရဲ့ သြ၀ါဒလေးပါ..မိမိရဲ့ နှလုံးသွင်းအားလျော်စွာ အဓိပ္ပာယ်ရှိအောင် ဆီမီးထွန်းညှိပူဇော်လို့လဲ ရပါတယ်၊ အဓိကကတော့ အဓိပ္ပာယ်ရှိရှိနဲ့ ကြည်နူးမှုလေး ဖြစ်နေဖို့ပဲ မဟုတ်ပါလား....။

မိမိနှလုံးသွင်းက ကုသိုလ်ကိုလည်း ဖြစ်စေနိုင်တယ်၊ အကုသိုလ်ကိုလည်းဖြစ်စေနိုင်တယ်၊
ကောင်းတဲ့နှလုံးသွင်းမိရင် ကုသိုလ်ဖြစ်သွားပြီး၊ နှလုံးသွင်းမှု မှားသွားရင် မကောင်းတဲ့ နှလုံးသွင်းမိရင်တော့ အကုသိုလ်ဖြစ်မှာပါ….။

သီတင်းကျွတ်လပြည့်နေ့မှာ အားလုံး အဓိပ္ပာယ်ရှိသော ဆီမီးပူဇော်မှုဖြင့် ပူဇော်နိုင်ကြပါစေ…။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ