Sunday, August 12, 2012

ကုသိုလ်လည်းရ ၀မ်းလည်းဝ


သက်ရှိသတ္တ၀ါတွေ အားလုံး အာဟာရနှင့် မကင်းကြပါဘူး၊ ဥတုနဲ့ ဘောဇဉ်အာဟာရကြောင့် လူတွေရဲ့ အသက်ရှည်မှု တိုမှုတွေ ဖြစ်တယ်လို့ အဋ္ဌကထာဆရာများ မိန့်တော်မူကြပါတယ်။ လူတွေမှာတော့ အာဟာရအတွက် အစာစားသောက်ကြပါတယ်၊ နေ့စဉ် ၂ထပ်ကတော့ ပုံမှန်စားသုံးကြမှာပါ၊ ဒီထက်ပိုချင်ပိုပါလိမ့်မယ်.။



ဒါပေမယ့် ၀မ်းဝရုံစားသူရှိသလို ကုသိုလ်လည်းရ ၀မ်းလည်းဝအောင် စားသုံးသူတွေလည်း နည်းမှာ မဟုတ်ပါဘူး၊ ဒီမှာတော့ ကုသိုလ်လည်းရ ၀မ်းလည်းဝတဲ့ စားနည်းလေးကို ပြောပြချင်ပါတယ်။

စားနည်းက (၄)နည်းတောင်ရှိတာ။
(၁) စွန့်ကြဲပေးကမ်း လှူဒါန်းတဲ့ ဒါနနဲ့စားတဲ့နည်း။
(၂) ထိန်းသိမ်မှု စောင့်ရှောက်မှုဆိုတဲ့ သီလနဲ့စားတဲ့နည်း။
(၃) သမထဘာဝနာနဲ့စားနည်း။
(၄) ၀ိပဿနာဘာဝနာနဲ့စားနည်း။ အဲဒီ (၄)နည်းနဲ့စားကြမယ်လေ။ ကဲထမင်းဝိုင်းမှာ ၀င်ထိုင်လိုက်တော့။
အဲဒီ(၄)နည်းအပြင် တခြားအပူနဲ့စားတဲ့နည်းတွေလဲရှိပေမယ့် အသာထားလိုက်ကြစို့နော်။
ကဲ..ဒါနနဲ့စားမယ်ဆိုတော့ ဘယ်လိုစားမလဲ။

အနန္တငါးအင်၊ ဦးထိပ်တင်၊ စားလျှင်စားတတ်သူ။
မိမိစားမယ့် စားဦးစားဖျားကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုလှူ တရားတော်ကိုပူဇော် သံဃာတော်တွေလောင်းလှူ၊ မိဘတွေကို ကျွေးမွေး၊ ဆရာသမားတွေကို ကျွေးမွေးပြီး အနန္တငါးပါးကို ဦးဦးဖျားဖျားတင်သပြီးတော့ စားခြင်းကို ဒါနနဲ့စားနည်းလို့ ခေါ်ပါတယ်။ ဒါက ကိုယ့်ထက်အထက်တန်းကျသူတွေကို ပူဇော်ပြီးတော့စားတဲ့နည်းလေးပေါ့။

ကိုယ့်စားဖက်ချင်း၊ ဖြန့်ဝေလျှင်း၊ မယွင်းစားတတ်သူ။
ကိုယ့်ထက်မြင့်မြတ်သူတွေကို ပူဇော်ပြီးတော့ စားတဲ့နည်းလေးပြီးတော့ ကိုယ်နဲ့တန်းတူသူကို ဖြန့်ဝေပြီးတော့ စားတဲ့နည်းလေးလည်းရှိသေးတယ်။ ကိုယ်နဲ့တစ်ဝိုင်းတည်းအတူတူစားတဲ့သူအချင်းချင်း ကိုယ်စားမည့်ဟာ နှစ်ခုလုံးကိုယ်စားနိုင်ပေမယ့် တစ်ခုသူ့ပေးလိုက်တယ်၊ အဲဒီလိုစသဖြင့် ကိုယ့်စားဖက်အချင်းချင်း ထမင်းတစ်ဝိုင်းတည်းစားဖက် အချင်းချင်း ဖြန့်ဝေခြင်း ဒါနဖြစ်သွားတယ်။
ဒါမှမဟုတ် ကိုယ့်အိမ်နီးချင်း ရပ်နီးချင်း ကိုယ်ဟင်းကောင်းကောင်းလေးချက်ရင် အိမ်နီးချင်းဝေငှပေးကမ်းပြီး စားရင် ကိုယ်နဲ့တန်းတူ အလှူခံပုဂ္ဂိုလ်ကို လှူဒါန်းပြီးတော့မှ စားရာရောက်တယ်။

ဟိုတုန်းကဆို တောရပ်ရွာတွေမှာ ကိုယ့်အိမ်ကဟင်း ဟိုအိမ်ပို့ ဟိုအိမ်ကလဲ သူ့အိမ်ချက်တဲ့ဟင်း ပြန်ထည့်ပေးနဲ့ ဒါနတွေ အပြန်အလှန်ဖြစ်ရုံမက ဟင်းတွေပါစုံအောင် စားကြရတဲ့ဓလေ့ကလေးကို ပြန်လည်လွမ်းမိပါရဲ့။
ခုအခါမှာလဲ ထမင်းဝိုင်းထိုင်ပြီဆိုရင် ကိုယ်အရင်မစားသေးဘဲ ဘေးကပုဂ္ဂိုလ်ရဲ့ ပန်းကန်ထဲထည့်လိုက်သေးတယ် သူစားမယ့်အရာဝတ္ထုကို ဘေးကပုဂ္ဂိုလ်ကို ဝေလိုက်သေးတယ်။ အဲဒီ မြန်မာယဉ်ကျေးမှုအကျင့်ကောင်းလေးတွေရှိနေသေးလို့ ၀မ်းသာဂုဏ်ယူစရာပါပဲ။ မြင်ရသူစိတ်ကိုလဲ ကြည်နူးရွှင်ပြစေတယ်။

ခွေးကြောင်ကြက်ငှက်၊ ပိုးပရွက်၊ ဖြန့်ပက်စားတတ်သူ။
အခု ကိုယ့်ထက်အောက်တန်းကျတဲ့ အလှူခံပုဂ္ဂိုလ်လှူပြီး စားတဲ့နည်းလေးဆက်ကြဆိုရဲ့။ ထမင်းပန်းကန် ဟင်းပန်းကန်တွေဆေးတဲ့အခါ ထမင်းကျန်ဟင်းကျန်လေးတွေ အရိုးအရင်းလေးတွေ ခွေး ကြောင် ကြက် ငှက်ကလေးတွေ ကျွေးမယ်ဆိုရင် ဒါနဖြစ်တာပါပဲ။ တစ်ချို့ဆို ကိုယ်စားတဲ့ထမင်းကို အကုန်မစားပဲ ကျီးစာကြက်စာဆိုပီး ချန်ထားတတ်ကြတယ်။

ပိုးမျိုးရှစ်ဆယ်၊ စားစေရွယ်၊ မြင့်ကြွယ်စားတတ်သူ။
စားလိုက်တဲ့အစားအစာတွေဟာ ငါးစုစုပြီး တစ်စုက ပိုးစာဖြစ်သွားတယ်၊ တစ်စုက ၀မ်းမီးလောင်သွားတယ်၊ တစ်စုက ကျင်ကြီး၊ တစ်စုက ကျင်ငယ်၊ တစ်စုက အသွေးအသား (အား)တွေဖြစ်သွားတယ်တဲ့။
အဲဒီအထဲမှာ ကိုယ်စားလိုက်တဲ့အစာကို ပိုးမျိုးရှစ်ဆယ်တွေကို အလှူခံပုဂ္ဂိုလ်အနေနဲ့ စိတ်ညွတ်ပြီးတော့ ကျွေးလိုက် လှူလိုက်ပါ။ သူတို့က ကိုယ်မလှူလဲ စားကြမှာနော်။ လှူပြီး စားလိုက်တော့ ဒါနကုသိုလ်မဖြစ်ဘူးလားဗျာ..။
အဲဒါတွေအားလုံးဟာ ဒါနနဲ့စားတဲ့နည်းတွေပါပဲ။ ဒါနနဲ့စားတတ်ကြပြီနော်။

ကဲသီလနဲ့စားနည်းဆက်ကြစို့..
ဓမ္မကျင့်မှု ၊ မျှော်ထောက်ရှု၊ စားမှုစားတတ်သူ။
သီလနဲ့စားနည်းကျ ဘယ်လိုစားရမလဲဆိုတော့ ဒီအစာအာဟာရတွေကို တရားကျင့်နိုင်အောင်စားပါတယ်၊ ဗုဒ္ဓဝေယျာဝစ္စ၊ ဓမ္မဝေယျာဝစ္စ၊ သံဃာဝေယျာဝစ္စ စတဲ့ ဝေယျာဝစ္စတွေကို ပြုကျင့်နိုင်အောင် စားပါတယ်..လို့၊ အဲဒီလိုလေး စိတ်ကနေညွတ်ပြီးစားရင် သီလနဲ့စားတာတဲ့။ သံဃာတော်တွေမှာ ပစ္စဝေက္ခဏာဆင်ခြင်စားရင် သီလနဲ့စားနည်းလို့ ဆိုပါတယ်။

နောက် ဘာဝနာနဲ့စားနည်းလေး..
မေတ္တာပွားကာ၊ ဆင်ခြင်ကာ၊ စားကာ စားတတ်သူ။
မေတ္တာဘာဝနာနဲ့စား၊ အာဟာရေပဋိကူလသညာနဲ့စားရင် သမထဘာဝနာနဲ့စားတာပါ။
ဒီထမင်းကိုချက်သူတွေ၊ ဒီဆန်တွေဖြစ်အောင် စိုက်ပျိုးကြတဲ့ တောင်သူလယ်သမားတွေ၊ မိမိရှေ့မှာရှိတဲ့ ဟင်းသီးဟင်းရွက်စတာတွေကို ရောင်းချတဲ့သူတွေ၊ ဆွတ်ခူးကြတဲ့သူတွေ၊ သယ်ပိုးကြတဲ့သူတွေ၊ စိုက်ပျိုးကြတဲ့သူတွေ အာရုံပြုပြီးတော့ ကျန်းမာကြပါစေ…ချမ်းသာကြပါစေ…စသဖြင့် မေတ္တာဖြန့်ပြီးတော့ စားရင် သမထဘာဝနာနဲ့စားတာပါ။
အာဟာရေပဋိကူလသညာနဲ့ အာဟာရအပေါ်မှာ ရွံစရာလို့မြင်ပြီး ရှုပြီးတော့စားပါတဲ့။ အကျဉ်းချုပ်ကတော့
စားတော့လူလယ်၊ စွန့်တော့ကွယ်၊ ရွံဖွယ်အာဟာရ။
စားတော့ ပြုံးပြုံး၊ စွန့်တော့ပုန်း၊ လုံးလုံးအာဟာရရွံဖွယ်ပ။

စားတော့လူလယ်မှာစားတယ်၊ ဒီအစာတွေကြောင့်ဖြစ်လာတဲ့အညစ်အကြေးတွေစွန့်တော့ လူမမြင်ကွယ်ရာမှာစွန့်ရတယ်၊ သြော် ရွံစရာအာဟာရပါလား…။
စားတော့လူတွေရှေ့ ပြုံးပြုံးပြီးစားလိုက်ကြပေမယ့် မစင်စွန့်ကြမယ်ဆို လူမမြင်အောင် ပုန်းပြီး စွန့်ကြရတယ်. သြော် ရွံစရာအဟာရပါလား…လို့ ဆင်ခြင်စားရင် အာဟာရေပဋိကူလသညာ သမထဘာဝနာနဲ့ စားနည်းပါတဲ့။ အကျယ်ကတော့ ၀ိသုဒ္ဓိမဂ်မှာ ကြည့်ပါတော့နော်။

နောက်ဝိပဿနာနဲ့စားကြရအောင်
စားသုံးမူရာ၊ ရှုမှတ်ကာ၊ စားတာစားတတ်သူ။
စားသုံးတဲ့အမူအရာလေးကို ရှုပြီးစားလိုက်ပါ။ ဉာဏ်လေးဦးစီးပြီး သတိကပ်ပြီးတော့စား၊ ဒီတော့ ထမင်းစားတယ်ဆိုရင် လက်ကထမင်းခွက်ကိုကိုင်ခြင်း၊ ဆွဲခြင်း၊ ထိခြင်း၊ ဇွန်းနဲ့ဟင်းကို နှိုက်ခြင်းစတဲ့အမူအရာလေးတွေပေါ်နေတာဟာ ရုပ်နာမ်နှစ်ပါးရဲ့ အမူအရာတွေပါပဲ။
အဲဒီအမူအရာကို အမူအရာအတိုင်းမိသွားအောင် စားနေတဲ့အခိုက် စားရင်စားတယ် လို့ရင်လည်းရှု၊ သို့မဟုတ် စားတဲ့အခိုက်ရုပ်နာမ် ဖြစ်ပျက်လို့ရင်လည်းရှု၊ သို့မဟုတ် စားသိပျက်၊ စားသိပျက်လို့ရင်လည်းရှုပါ။ အဲဒီလိုရှုပြီး စားရင် ၀ိပဿနာနဲ့စားတာပါပဲ။
ကဲစားနည်း(၄)နည်းလုံး အကျဉ်းချုပ်တော့ ပြီးသွားပါပြီနော်။ အခုပဲ ဒီထမင်းဝိုင်းလေးမှာ ဒီနည်းလေးတွေနဲ့စတင်စားကြရအောင်လားဗျာ။
မှတ်ချက်။ ။ အရှင်ကုဏ္ဍာဘိဝံသ၏ အစားတတ်လျှင်နိဗ္ဗာန်ဝင်တရားတော် မှ ကောက်နုတ်တင်ပြဝေငှပါသည်။
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ