Monday, August 13, 2012

အားပေးနေတဲ့ အမေ့ရဲ့လက်ခုပ်သံ

ကျွန်ုပ်ငယ်ရွယ်စဉ် ကလေးဘ၀က မတ်တပ်မရပ်နိုင် ရပ်နိုင်ရှိတဲ့အရွယ်မှာ မေမေ က အနားကနေ လက်ခုပ်တီးပြီး “ ရပ်နိုင်ပေ့ ရပ်နိုင်ပေ့” ဆိုပြီး မေတ္တာမျက်လုံး မေတ္တာအပြုံးဖြင့် အားပေးခဲ့တယ်။ ကျွန်ုပ်အမေရဲ့ ရပ်နိုင်ပေ့ ရပ်နိုင်ပေ့ အသံကို ကြားရတဲ့အခါတိုင်းမှာ စိတ်ဓာတ်တွေ ပိုမိုတက်ကြွလာပြီး မတ်တပ် ရပ်နိုင်အောင် ကြိုးစားခဲ့ပါတယ်။

ကျွန်ုပ်နည်းတူ လောကလူတွေအားလုံးဟာလဲ ရပ်နိုင်ပေ့ ရပ်နိုင်ပေ့ ဆိုတဲ့ အသံနဲ့ပဲ မတ်တပ်ရပ်နိုင်ခဲ့ကြတာပဲ ဖြစ်တယ်။

လူတိုင်းကြားချင်နေတဲ့ စကားတစ်ခွန်းရှိတယ်။ အဲဒါကဘာလဲဆိုတော့ ငါ့ကို ဘယ်သူများ အားပေးမလဲ။ ဘယ်သူများ ရပ်နိုင်ပေ့ ရပ်နိုင်ပေ့ လုပ်ပေးမလဲဆိုတဲ့ အသံပဲဖြစ်တယ်။

လူသားအချင်းချင်းစာနာတဲ့ စိတ်တွေနဲ့ ကိုယ့်ကိုအားပေးမှုဟာ ကြားရတဲ့လူတိုင်းအတွက် နားဝင်အချိုဆုံး အသံပဲဖြစ်ပါတယ်။ ဖြစ်နိုင်တယ်ဆိုရင် ဒီလိုအားပေးသံမျိုးကို တစ်သက်လုံး ကြားချင်နေကြပါတယ်။

ဒါပေမယ့် လူတွေအများစုဟာ ငါတို့ကို ဘယ်သူကများ အားပေးမလဲ ရပ်နိုင်ပေ့လုပ်မလဲဆိုပြီး သူတစ်ပါးရဲ့ အားပေးမယ့် အသံကိုသာ ကြားချင်နေကြတယ်။ သူများကိုတော့ အားပေးဖို့ ရပ်နိုင်ပေ့လုပ်ပေးဖို့ စိတ်မကူးမိကြဘူး။ လူတွေဟာ ငါ့ကို အားမပေးဘူး။ ငါကရော လူတွေကို အားပေးလို့လား။

သူတို့က ငါ့ကို စေတနာမေတ္တာမထားကြဘူး၊ ငါကရော လူတွေကို စေတနာမေတ္တာထားလို့လား။ လူတွေက ငါ့ကို အကောင်းမပြောကြဘူး၊ ငါကရော လူတွေကို အကောင်းပြောလို့လားဆိုပြီး စသဖြင့် ကိုယ့်စိတ်ကိုပဲ စစ်ကြရပါမယ်။

သူတစ်ပါးကို ရပ်နိုင်ပေ့ မလုပ်ဘဲနဲ့တော့ သင့်ကိုလဲ ရပ်နိုင်ပေ့ လုပ်မယ့်လူရှာမတွေ့နိုင်ပါဘူး။ သင်ကိုယ်တိုင်က ဖြူစင်တဲ့မေတ္တာစေတနာအရင်းခံပြီး မိမိပတ်ဝန်းကျင်အပေါ် အားပေးစကားပြောကြားရပါလိမ့်မယ်။

ကလေးဘ၀မှာ မိဘနှစ်ပါးရဲ့ အားပေးမှုကြောင့် ကိုယ့်ကိုယ်ကို အားကိုးနိုင်တာနဲ့ မိဘနှစ်ပါးကိုလည်း တဖန်ပြန်ပြီး အားပေးအားထားရာ ဖြစ်လာမှာပဲ ဖြစ်တယ်။ (ကျေးဇူးမသိတတ်သူတွေကိုတော့ စာရင်းထည့်စရာမလိုပါ။)

သင်ကိုယ်တိုင် လူတွေကို ဘယ်လောက်များများ အားပေးစကား ပြောကြားခဲ့တာရှိခဲ့ပြီလဲ?။ သင်ကိုယ်တိုင်က လူတွေကို ရပ်နိုင်ပေ့ ရပ်နိုင်ပေ့ လုပ်ပေးခဲ့တာများလာတာနဲ့အမျှ မိမိကိုယ် အားပေးမယ့်သူတွေဟာ များလာမှာပဲဖြစ်တယ်။

သာမန်ပတ်ဝန်းကျင်မှာ ငယ်ငယ်တုန်းက မိတ်ဆွေတွေ များသလောက် ကြီးလာတဲ့အခါမှာတော့ မိတ်ဆွေကောင်းတောင် တစ်ယောက်မှ ရှာလို့မတွေ့နိုင်တာကို တွေ့ရပါလိမ့်မယ်။
အဲ…..သေပြီဆိုတော့လည်း လူမသိ သူမသိ မထင်မရှား သေသွားခဲ့ရတယ်။ ကိုယ့်အနားမှာ အားပေးဖော် လူတစ်ယောက်တောင်မှ မရှိပါဘူး။

ဒီလိုအဖြစ်မျိုးတွေဟာ လောကမှာ အများကြီးရှိနေပါတယ်။ သက်တမ်းတိုတိုလေးအတွင်းမှာ နေရသည့်အခိုက် မိတ်ဆွေမရှိတဲ့ ဘ၀မျိုးနဲ့ နေထိုင်သွားမယ်ဆိုလျှင် ဘ၀ဟာခြောက်သွေ့ပြီး သာယာပျော်ရွှင်စရာ မကောင်းဘူး။

နေရတဲ့အခိုက် သက်တမ်းအတွင်းမှာ လောကကြီးကို အကောင်းမြင်စိတ်ထားဖြင့် ကြည့်တတ်ရမယ်၊ မိတ်ဆွေဖွဲ့ချင်တဲ့စိတ်နဲ့ လူတွေကို ဆက်ဆံရမယ်။ အများရဲ့ အပေါ်မှာ စာနာမှု၊ အလိုက်သိမှုတွေနဲ့ လူတွေကို အားပေးတတ်တယ်မယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်မှာလဲ အားပေးမယ့်လူတွေ အများကြီး ရောက်ရှိလာပါလိမ့်မယ်။

မိတ်ဆွေပေါ့များတဲ့လူဟာ သာရေး နာရေး ဘယ်ကိစ္စမဆို သေခြင်းအဆုံးအထိ ဘာဆိုဘာမှ စိုးရိမ်စရာ မလိုပါဘူး။ နောက်ဆုံး ကိုယ်သေပြီဆိုလျှင်တောင်မှ လိုက်ပို့မယ့်သူတွေ များလွန်းလို့ သေမယ့်အရေးကိုတောင် တွေးလို့ ပျော်စရာကြီး ဖြစ်နေပါတော့တယ်လို့ စာရေးသူစဉ်းစားမိပါတယ်……..။

(မှတ်ချက်။ ။ အရှင်ဣဒ္ဓိပါလ၏ No-1 စာအုပ်နှာ-၅၃၈-၈ မှ ထပ်ဆင့်ဝေငှ တင်ပြပါသည်။)

ဖတ်မိတာလေးကို ပြန်လည်ဝေငှတာပါ။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ