Sunday, July 29, 2012

စိတ်ကိုရှုက ချမ်းသာရ တရားတော် (၃) (ချမ်းမြေ့ဆရာတော်ကြီး)



ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။ ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။
ဝါရိဇောဝ ထလေ ခိတ္တော၊ သြကမောကတဥဗ္ဘတော။ ပရိဖန္ဒတိဒံ စိတ္တံ၊ မာရဓေယျံ ပဟာတဝေ။

ဤစိတ်သည်၊  တဖျက်ဖျက်တုန်၊ တဆတ်ဆတ်ခုန်တတ်၏၊ လျှပ်ပေါ်လော်လီတတ်၏၊ စောင့်ရှောက်ဖို့ရာလည်း ခဲယဉ်း၏၊ မသွားသင့်သောအာရုံဆီ မသွားအောင်  တားမြစ်ဖို့ရာလည်းခဲယဉ်း၏၊ မြားလုပ်သမားသည်၊ မြားကိုဖြောင့်အောင်ပြုသကဲသို့ ၊ အသိအလိမ္မာ၊ ပညာရှိသော ပုဂ္ဂိုလ်သည် ဤစိတ်ကို ဖြောင့်အောင်ပြုရာ၏။

စိတ်ဟာ တုန်တတ်လှုပ်တတ်တယ်။ ကိလေသာနဲ့တုန်တယ်၊ လောဘနဲ့လည်းတုန်တယ်၊ ဒေါသနဲ့လည်း တုန်တယ်၊ မောဟနဲ့လည်း လှုပ်တယ်၊ မာနနဲ့လည်း လှုပ်တယ်။ လျှပ်ပေါ်လော်လီတတ်၏။ တစ်အာရုံတည်းမှာ မနေပဲနဲ့၊ အာရုံအမျိုးမျိုး (လောဘ၊ ဒေါသ၊ မောဟ) သူလျှောက်သွားနေချင်တယ်တဲ့။ အဲဒီလို မသွားအောင် စောင့်ရှောက်ဖို့လည်း ဒီစိတ်ခဲယဉ်းတယ်။ ကဲ…ဒီလောက်တောင်လား၊ ဒီစိတ်မသွားနဲ့ဆိုပြီး သံကြိုးနဲ့ ဖမ်းချည်ထားလိုက်။ ရလား။ မရဘူး။ အဲဒီလောက်ဆိုးတဲ့ စိတ်ပင်ဖြစ်ငြားသော်လည်းပဲ မြားလုပ်တဲ့လူဟာ ကောက်နေတဲ့ မြားကို တဖြည်းဖြည်းမီးကင်ပြီးတော့ ဖြောင့်ယူတဲ့အခါမှာ ဖြောင့်သွားသလို အဲဒီကိလေသာ အညစ်အကြေး တွေနဲ့ ကောက်နေတဲ့ ဒီစိတ်ကို တဖြည်းဖြည်း ပညာရှိဟာ ဖြောင့်လို့ရတယ်၊ ဖြောင့်ပါ။


ရေထဲမှာနေတဲ့ငါးကိုထုတ်ပြီး ကုန်းပေါ်တင်လိုက်တဲ့အခါကျတော့ မနေတတ်၊ မထိုင်တတ်နဲ့ တဖျက်ဖျက်တုန်၊ တဆတ်ဆတ်ခုန် ရေထဲပြန်ဖို့ကိုပဲ ခုန်ကာ၊ ခုန်ကာ ကြိုးစားသလိုပဲတဲ့၊ ကာမဂုဏ်အာရုံတွေနဲ့သာ ပျော်ပါးနေတဲ့ အဲဒီစိတ်ကို ကာမဂုဏ်အာရုံထဲက ထုတ်ဆယ်ပြီးတော့ ရုပ်အာရုံ၊ နာမ်အာရုံခေါ်တဲ့ ကမ္မဋ္ဌာန်းအာရုံပေါ် ပစ်တင်ထားပြီဆိုရင် ဒီစိတ်လည်းပဲမနေနိုင်ဘူး။ ဘယ်ပဲပြန်မလဲဆိုတော့ အိမ်ပဲပြန်မယ်တဲ့။ အိမ်ပြန်တော့ ကာမဂုဏ်အာရုံ တွေ့တာပေါ့။ အဲဒီကာမဂုဏ်အာရုံဆီကိုပြန်ဖို့ကိုပဲ ဒီစိတ်က ကြိုးစားပြီးတော့ တုန်နေ၊ ခုန်နေတော့တာပဲ။

ဘယ့်နှယ့်ပါလဲ။ ငါ့စိတ်ကတွေးနေပါပေါ့ပဲဆိုပြီး ပြန်မဆွဲလိုက်နဲ့၊ ပြန်ဆွဲရင် မောမယ်၊ ပြန်ဆွဲရင် စိတ်ကပြန်ထွက်တယ်။ ထွက်တဲ့စိတ်ကို ပြန်မဆွဲဘဲနဲ့ သူ့ကို ဖြစ်နေတဲ့အတိုင်း နောက်က လိုက်စောင့်ကြည့်။ ဖြစ်တဲ့အတိုင်း စောင့်ကြည့်တဲ့အခါများလာတော့ တဖြည်းတဖြည်း နောက်ကျတော့ ဒီစိတ်ဟာ အသွားအလာအထွက်နည်းလာပြီး တည်ငြိမ်လာလိမ့်မယ်။ အဲဒီလိုတည်ငြိမ်လာတဲ့အခါကျတော့ နောက်ဆုံး ၀ိပဿနာဉာဏ်ရင့်တဲ့အချိန်ရောက်ပြီဆိုတော့ စိတ်ကိုတွန်းလွှတ်တာတောင် ကိလောသာအာရုံဆီ မသွားတော့ဘူး။ အဲဒါနိုင်သွားတာလား၊ ရှုံးနေတာလား။ နိုင်သွားတာနော်။ ဘာလို့နိုင်သွားတာတုန်းဆို ရှုလို့ပေါ့။ အဲဒီနိုင်တဲ့နည်းတွေကို မြတ်စွာဘုရားကပေးထားပါရက်နဲ့ ဒီနိုင်တဲ့ နည်းတွေကို မသုံးပဲနဲ့ စိတ်ရဲ့ အညှင်းဆဲ၊ အနှိပ်စက်ခံနေမယ်ဆိုရင် လူမိုက်လား၊ လူလိမ္မာလား။ လူမိုက်ပေါ့။ အညှင်းဆဲ၊ အနှိပ်စက်ခံမလား၊ သူ့ကိုနိုင်အောင်ချုပ်မလား။ ချုပ်မယ်ပေါ့။

                               “ရေ၌ပျော်ပါး ရေနေငါး၊ ဆယ်ထားကုန်းတွင် တင်လေလျှင်
                         မတည်မရပ်၊ မနေတတ်၊ ဆတ်ဆတ်တုန်ကာ ခုန်သည့်သွင်
                         ကာမဂုဏ်ပျော်ပါး၊ စိတ်မိုက်အား တရားအလုပ်ခွင် တင်လေလျှင်
                         မတည်မရပ်၊ မနေတတ်၊ ဆတ်ဆတ်တုန်ကာ ခုန်မြဲပင်
                         ကာမဂုဏ်ထံ၊ ပြန်ဖို့ရန် ရုန်းကန်တတ်မြဲ အမှန်ပင်
                         စောင့်ရှောက်ရန်ခက်၊ တားရန်ခက်၊ ထိန်းခက် လျှပ်ပေါ်လော်လီချင်
                         ယင်းသည့်စိတ်အား လွှတ်၍ထား များပြားဒုက္ခ မုချပင်
                         ရေမြားသစ်ကို လိုသလို ပုံကိုရအောင် ပြုသည့်အသွင်
                         စိတ်ရိုင်းအစဉ် ယဉ်အောင်ပင် သွန်သင်ဆုံးမ ရမြဲပင်
                         ယင်းသို့သိမြင် ပညာရှင် စိတ်ဆင်ယဉ်ဖို့ ထိန်းမြဲပင်
                         ဘာဝနာခွင် စိတ်ကိုတင် အစဉ်ရှုပွား ဆုံးမလျှင်
                         ကိလေကင်းပ ယဉ်ကျေးရ မုချချမ်းသာရမြဲပင်။”

အဲဒီမြတ်စွာဘုရားရဲ့  ဒေသနာတော်တွေ ထောက်ထားပြီးတော့ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ညစ်မည်းပြီးတော့ ရိုင်းစိုင်းနေတဲ့စိတ်ကို လောဘ၊ ဒေါသ၊ မောဟတွေ ကင်းနိုင်သလောက်ကင်းပြီးတော့ ၊ ဖြူစင်တဲ့စိတ် ဖြစ်သည်ထက် ဖြစ်လာပြီး၊ ယဉ်ကျေးလာအောင် ဆုံးမဖို့ရာ နည်းလမ်းဟာဖြင့် ရှင်တော်မြတ်ဘုရားမိန့်ကြားထားတဲ့ ဒီသတိပဋ္ဌာန်နည်းလမ်းပဲလို့ နားလည်ပြီးတော့ စိတ်ဖြစ်သမျှ၊ ရုပ်ဖြစ်သမျှကို မလစ်ရ၊ မလပ်ရအောင် ဖြစ်တိုင်း၊ ဖြစ်တိုင်း၊ စက္ကန့်တိုင်း၊ မိနစ်တိုင်း ရှုမှတ်ပွားများ ကြိုးစာအားထုတ်ကြခြင်းအားဖြင့် ရိုင်းစိုင်းနေတဲ့ စိတ်အစဉ်မှ ကိလေသာအရိုင်းအစိုင်းတွေ စင်ကြယ်သွားပြီးတော့ ဖြူစင်တဲ့ စိတ်အယဉ်နဲ့ နိဗ္ဗာန်တိုင်အောင် ချမ်းသာဆောင်နိုင်တဲ့ ပုဂ္ဂိုလ်များဖြစ်ကြပါစေ။

ဒီနေရာကနေ ကူးယူပူဇော်ပါသည်
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ