Wednesday, July 18, 2012

ကံကောင်းသူ (သာမဏေကျော်)

´နက္ခတ်ကို မျှော်လင့်စောင့်ဆိုင်းနေတဲ့ လူမိုက်ကို ကောင်းကျိုးတွေက ကျော်လွန်သွားတယ်။  ကိုယ်ရှာဖွေနေတဲ့ ကောင်းကျိုးကသာ အကျိုးအတွက် နက္ခတ်မည်တယ်။ ကောင်းကင်က နက္ခတ်တာရာ တွေက ဘာအကျိုး ပြီးစေနိုင်မှာလဲ´။( ဇာတက၊  ဧကက၊၅၊ အတ္ထကာမ၀ဂ္ဂ၊ ၉၊ နက္ခတ္တဇာတက)

     ဒီစကားကို မြတ်စွာဘုရားက အာဇီဝကတစ်ယောက်ကို အကြောင်းပြုပြီး ဟောတော်မူပါတယ်။ သာဝတ္ထီမြိုံက အမျိုးသမီးတစ်ဦးကို  ဇနပုဒ်က အမျိုးသားတစ်ဦးက သူ့သားအတွက် စကားကြောင်းလမ်းပြီး "ဘယ်နေ့မှာ လာခေါ်ပါ့မယ်"လို့ နေ့ကို သတ်မှတ်ပေးလိုက်ပါတယ်။

     အဲဒီနေ့ရောက်တော့ သူ့အိမ်မှာ ကြွလာလေ့ ရှိတဲ့  အာဇီဝက တက္ကတွန်းကို "အရှင်ဘုရား ၊ ဒီနေ့ တပည့်တော်တို့ မင်္ဂလာတစ်ခု ပြုကြပါမယ်။ နက္ခတ် ကောင်းပါ သလား"လို့ မေးပါတယ်။ အဲဒီ တက္ကတွန်းက " ဒီ ဒကာဟာ ငါ့ကို အရင်မမေးဘဲနဲ့ နေ့သတ် မှတ်ပြီး အခုမှ ငါ့ကို လာမေးတယ်၊ ရှိပစေ၊ ငါပညာပြလိုက်မယ်" လို့ စိတ်ဆိုးကာ "ယနေ့ နက္ခတ် မကောင်းဘူး။ ဒီနေ့ မင်္ဂလာ မလုပ်နဲ့ လုပ်ရင် အကြီးအကျယ် ပျက်စီးလိမ့်မယ် "လို့ ပြောပါတယ်။

    အဲဒီအိမ်က လူတွေက အဲဒီတက္ကတွန်းကို ယုံကြည်ပြီး သတ်မှတ်ထားတဲ့နေ့မှာ မင်္ဂလာပွဲကို မသွား ကြပါဘူး။ မြို့ကလူတွေက မင်္ဂလာ ကိစ္စအားလုံး ပြုလုပ်ပြီး သူတို့ မလာတော့တာကို သိလို့ "သူတို့ပဲ ဒီနေ့ကို မင်္ဂလာပွဲနေ့ အဖြစ် သတ်မှတ်ထားတယ်။

    အခုတော့ သူတို့ မလာကြဘူး။ ငါတိုံမှာလည်း ပျက်စီးမယ့် အလုပ်ကို အများကြီးလုပ်ထားတယ်။ သူတို့နဲ့ ဘာအကျိုးရှိမှာလဲ။ ငါတို့ရဲ့ သမီးကို အခြားသူအား ပေးမယ်လို့ ဆုံးဖြတ်ကာ ပြင်ဆင်ထားတဲ့ မင်္ဂလာပွဲနဲ့ အခြားသတိုးသားနဲ့ ပေးစားလိုက်ပါတယ်"။

  
နောက်တစ်နေ့ အမျိုးသားဘက်က လူတွေကလာပြီး "ငါတို့အား သတို့သမီးကိုပေးပါ" လို့ ပြောကြတယ်။  အဲဒီအခါမှာ အမျိုးသမီးဘက်က လူတွေက "သင်တို့ဟာ ယုတ်မာတဲ့ လူတွေ ဖြစ်လို့ နေ့ရက် သတ်မှတ်ပြီး အထင်သေးလို့ မလာကြဘူး။ လာလမ်းနဲ့ပဲ  ပြန်ကြပေတော့၊ အခြားအမျိုးသားအား သမီးကို ပေးလိုက်ပြီ" လို့ ပြောကာ ဆဲဆို ကြပါတယ်။  နှစ်ဦးနှစ်ဖက် စကားများ အငြင်းပွားကြပါတယ်။ အမျိုးသမီးကို မရဘဲ အမျိုးသား ဘက်က ဇနပုဒ်သားတွေဟာ လာလမ်းနဲ့ပဲ ပြန်သွားကြရပါတယ်။

   အဲဒီအာဇီဝ တက္ကတွန်းကြောင့် အဲဒီလူတွေရဲ့ မင်္ဂလာကိစ္စ ပျက်သွားရတဲ့အကြောင်းဟာ  ရဟန်းတွေရဲ့  အလယ်မှာ  ထင်ရှားပါတယ်။ ရဟန်းတွေက တရားသဘင်မှာ အဲဒီမင်္ဂလာကိစ္စအကြောင်း ပြောကာ  ထိုင်နေ ကြပါတယ်။ ဘုရားက "ဘာစကားတွေ ပြောပြီး ထိုင်နေကြတာလဲ" လို့ မေးလို့ အဲဒီ အကြောင်းကို လျောက်ထား ပြကြပါတယ်။ " အခုမှသာ အာဇီဝက က မင်္ဂလာ ကိစ္စကို အန္တရာယ်ပြု ခဲ့တာ မဟုတ်ဘူး။

ရှေးကလည်း လုပ်ခဲ့တယ်" လို့ မိန့်ကာ အတိတ်ဇာတ်ကြောင်းမှာ ဘုရားအလောင်း တော်ဖြစ်တဲ့ ပညာရှိမြို့သားက အထက်မှာ ဖော်ပြခဲ့တဲ့ စကားကို ပြောကြားပါတယ်။

နက္ခတ်ကောင်း၊ အခါကောင်း၊ အချိန်ကောင်း၊ နေ့ရက်ကောင်း တွေကို ရွေးကြတဲ့ ပုဂ္ဂိုလ်တွေအတွက် မှတ်သားလိုက်နာစရာ ဖြစ်ပါတယ်။ နက္ခတ်ကောင်း ၊ အချိန်ကောင်း၊ နေ့ရက်ကောင်းက ကောင်းကျိုးကို ပေးနိုင်တာမဟုတ်ပါဘူး။ အလုပ်ကောင်း၊ အပြောကောင်း၊ အကြံကောင်း၊ စိတ်ထားကောင်းတွေရှိရင် နံနက်ရှိက အဲဒီနံနက်ဟာ ကောင်းတဲ့ နံနက်ခင်း၊ နေလယ်ရှိက အဲဒီနေ့လယ်ဟာ ကောင်းတဲ့ နေ့လယ်ခင်း၊ ညနေရှိက အဲဒီ ညနေဟာ ကောင်းတဲ့ ညနေခင်းပါပဲ။

   ကောင်းကျိုးတွေကို ကောင်းကင်က နက္ခတ်တွေက မပေးနိုင်တာကို လူတွေဟာမသိဘဲ နားမလည်ဘဲ ဖြစ်နေကြပါတယ်။  ကိုယ့်ရဲ့  အလုပ်ကောင်း၊ အပြောကောင်း၊ အကြံကောင်း၊ စိတ်ထားကောင်း တွေကပဲ ကောင်းကျိုးတွေကို ပေးနိုင်တယ်ဆိုတာကိုလည်း နားမလည်ဘဲ ရှိနေကြပါသေးတယ်။  ကောင်းကျိုးတွေရဲ့ အကြောင်းမှန်ကို မရှာကြံနိုင်၊ မသိရှိနိုင် ဖြစ်နေကြပါတယ်။ မသိနားလည်သူတွေက နက္ခတ်ကောင်း၊ အချိန်အခါကောင်း၊ နေ့ရက်ကောင်းကို မရွေးချယ်နိုင်ကြပါဘူး။

   အချိန်အခါ၊  နေ့ရက်၊ နက္ခတ်ကောင်းဖို့ဆိုတာ အလုပ်၊ အပြော၊ အကြံ၊ စိတ်ထားတွေ ကောင်းရပါတယ်။  ကာယကံ၊ ၀စီကံ၊ မနောကံဆိုတဲ့ ကံသုံးပါး မကောင်းရင် နက္ခတ်လည်း မကောင်း။ အချိန်အခါနေ့ ရက်လည်း မကောင်းပါဘူး။ ကောင်းကျိုးလည်း မရနိုင်ပါဘူး။ ကောင်းကျိုးကို လိုချင်ရင် ကံကောင်းဖို့ပဲ လိုပါတယ်။ ကံအကြောင်း ကောင်းရင် ကောင်းကျိုးတွေကိုရဖို့ တောင့်တ နေစရာတောင် မလိုပါဘူး။ သူ့အလိုလို ရောက် လာပါလိမ့်မယ်။ ကံကောင်းသူတွေ ဖြစ်အောင် ကြိုးစားဖို့ပဲ လိုပါတယ်။

   အားလုံး ကံကောင်းတဲ့သူတွေ ဖြစ်အောင် ကုသိုလ်ဖြစ်မည့် အလုပ်ကောင်း ၊ အပြောကောင်း၊ အကြံ ကောင်းများ ဖြစ်အောင် ပြုလုပ်ဆောင် ရွက်နိုင်ကြပါစေ။

 မေတ္တာများဖြင့်

အရှင်သိရိန္ဒ ၊ မေတ္တာဥယျာဉ်
2012-ခု၊ ဇွန်လ (၄)ရက်၊ တနင်္လာနေ့။


မေတ္တာဥယျာဉ်မှ ပြန်လည်ဝေငှလိုက်ပါတယ်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ