Sunday, May 4, 2014

တစ်ခါတည်းပါ ဆိုသော်လည်း


ဒုက္ခော ဗာလေဟိ သံဝါသော=လူညစ် လူမိုက်တို့နှင့် အတူပေါင်းသင်းလျှင် ဒုက္ခဖြစ်တတ်၏။ (ဗုဒ္ဓ)
  အပ္ပဿာဒါ ဒုခါ ကာမာ=ကာမဂုဏ်ဟာ သာယာ ရတာက နည်းနည်း သူနဲ့ဆက်နွယ်ပြီးခံစားရတဲ့     
  ဒုက္ခကပိုများတယ်။(ဗုဒ္ဓ)


    “အစားမတော် တစ်လုပ်၊ အသွားမတော် တစ်လှမ်’’းဟူသော မြန်မာဆိုရိုးစကားရှိသည်။ အစား မတော်သော် တစ်လုပ်ဖြင့်လည်း ရောဂါရ၍ ဒုက္ခရောက်ကာ အသက်ပါဆုံးရှုံးသွားနိုင်သည်။ အသွား မတော်သော် ခြေတစ်လှမ်းကားရုံမျှဖြင့် ဘေးဒုက္ခ အမျိုးမျိုးတွေ့၍ ဘ၀ဆုံးရှုံးသွားနိုင် သည်၊ မိမိ ဘ၀ ပြောင်းလဲသွားနိုင်သည်။ ဤသည်မှာအထက်ပါ ဆိုရိုးစကား၏ ဆိုလိုရင်းအဓိပ္ပာယ် ဖြစ်သည်။
   သို့သော် စကားလုံးတစ်လုံး၏ သက်ရောက်မှုစွမ်းအားကား အလွန်ပင်ကျယ်ပြောနက်ရှိုင်းလှ၏။ ထို့ကြောင့် အထက်ပါဆိုရိုးစကား၏ သက်ရောက်မှုစွမ်းအားလည်း ဤလောကအတွင်း အလွန်ပင် ကျယ်ပြောနက်ရှိုင်းစွာ နေရာယူနေမည်ဖြစ်သည်။

    မည်သည့်အလုပ်မဆို တစ်ခါတစ်ခေါက်ပြုလုပ်ဆောင်ရွက်ရုံမျှဖြင့် မိမိဘ၀သည် ဖြူရာမှ မည်း နိုင်သလို မည်းရာမှလည်း ဖြူနိုင်သည်။ နိမ့်ရာမှမြင့်တက်နိုင်သလို မြင့်နေရာမှလည်း နိမ့်ကျသွား နိုင်သည်။ ဤသည်မှာ အထက်ပါ မြန်မာဆိုရိုးစကားစုမှ မီးမောင်းထိုးပြသော ဘ၀အသိအမြင်ပင် ဖြစ်သည်။
   
အချို့သူတို့ကား “အရေအတွက်ကို အလေးထား၏၊ အရည်အချင်းကိုမူ အလေးအနက်မထား” အရည်အချင်းသည် အရေအတွက် မည်မျှပင်နည်းစေကာမူ စွမ်းရည်ကြီးမားသည်။ ဘ၀ကို ပြောင်း လဲစေနိုင်သည်ကို သတိမမူကြပေ။

    “ထိုလူများသည် အမှားသည် အမှန်၏ ဆရာ” ဟူသောစကားကို လက်ကိုင်ပြုကာ မကောင်းမှု များကို လက်ရဲ ဇက်ရဲ လုပ်ကိုင်တတ်ကြလေသည်။ တစ်ချက်တည်းဖြင့် ဘ၀နစ်မွန်းသည့် မကောင်းမှု ကို ပြုလုပ်မိပါက မိမိသာ ဘ၀နှစ်မွန်းရဒုက္ခရောက်ရမည်ဖြစ်သည်။ “ ထိုမိမိလုပ်ခဲ့သော အမှား” ဟူ သောဆရာက ကြင်နာသော စိတ်ထားဖြင့် ဖေးမပေးမည်မဟုတ်ပေ။ “ လုပ်ချင်ဦးဟဲ့” ဟူ၍ ကြိမ်း မောင်းကာ နောင်တတည်းဟူသော ဒုတ်ဖြင့် ထပ်မံရိုက်နှက်ခြင်းကိုပင် ခံရပေလိမ့်ဦးမည်။ “ဆရာမှား လျှင် တပည့်မှန်နိုင်ပါမည်လော့”

    ယနေ့ကမ္ဘာတွင် တစ်ကြိမ်တစ်ခါ ပြုမှားမိရုံမျှဖြင့် မိမိဘ၀ အကြီးအကျယ်ဆုံးရှုံးပျက်စီးသွားနိုင် သည့် အန္တရာယ်များ ပေါ့များလှ၏။ ထိုအန္တရာယ်ကြီးများမှာ မိမိ၏ လက်တစ်ကမ်းတွင်ရှိသည်။ ဝေး သည် မဟုတ်။ သို့ရာတွင် ထိုအန္တရာယ်ကြီးများက ဆိုးဝါးသော သန္တာန်နှင့် တည်နေသည်တော့ မဟုတ်။ နတ်သမီးအလား လှပသော အာရုံများဖြင့် မိမိတို့စိတ်ကို လှည့်ဖျားသွေးဆောင်နေသည်။ အလွန်နှစ်သက်ဖွယ် မြတ်နိုးတွယ်တာဖွယ်တို့ဖြင့် တန်ဆာဆင်ထားသည်။

    လှည့်ဖျားထားသည့် လှပသော အာရုံများကို မက်မောတွယ်တာမိပါက ပူလောင်သည့်မီးလျံကို လှပသည့်ထင်၍ တက်ကြွစွာတိုးဝင်သော ပိုးပရံကောင်းများကဲ့သို့ မိမိဘ၀ နစ်မွန်းဆုံးရှုံး ဘ၀တုံးသွား နိုင်သည်ကို သတိမူသင့်သည်။

    အကယ်၍ လိုချင်မက်မော ရမက်ဇောဖြင့် HIV ပိုးရှိသူ AIDS ပိုးရှိသူနှင့် ကာကွယ်မှုမပါပဲ လိင် ဆက်ဆံမှုပြုမိလျှင် “ အမှားသည် အမှန်၏ ဆရာ” အမှားကို မျက်နှာချိုသွေး ဆရာဆိုတဲ့ ဘွဲ့ထူးပေး၍ ရမည်မဟုတ်။ “ တစ်ခါတည်းပါ” ဟူ၍လည်း အရေအတွက်ဖြင့် လျှော့တွက်၍ ရမည်မဟုတ်ပေ။ မည် သို့ပင် ဆင်ခြင်ပေး၍ ကာကွယ် ကာကွယ် သူ၏ဘ၀ကား လည်ဆစ်ကို ဖြတ်လိုက်သည့် ထန်းပင်ပမာ စည်ပင်သာယာတော့မည့် မဟုတ်ပေ။ အညွန့်တုံးကာ ဆုံးရှုံးပေတော့မည်ပင်။

    ဤနေရာ၌ ကျွန်ုပ်တွေ့ကြုံခဲ့ရသော တကယ့်အဖြစ်အပျက်တစ်ခုကို တင်ပြလိုပါသည်။
    အချိန်ကား ၂၀၀၄ ခုနှစ် ဇန်န၀ါရီလကဖြစ်သည်။ ကျွန်ုပ်၏ သူငယ်ချင်း မောင်ချစ်ဟန် (အမည်လွဲ) နေမကောင်း၍ ဆေးရုံ၌ ဆေးကုသလိုကြောင်း၊ အကူအညီလို၍ ကူညီစေလိုကြောင်း ကျွန်ုပ်ထံသို့ မောင်ချစ်ဟန်၏ ညီမဖြစ်သူမှ ဖုန်းဆက်ကာ အကူအညီတောင်းသည်။ 

ကျွန်ုပ် ကူညီမည်ဖြစ်ကြောင်း အကြောင်းပြန်ကာ ဖုန်းချပြီး “ ယခုခေတ် ရောဂါတွေက ဆန်းပြား ပေါများပါဘိသနဲ့ သူငယ်ချင်း ဘာ ဖြစ်တာပါလိမ့်” ဟု တွေးတောနေမိသည်။ ထို့နောက် ကျွန်ုပ်သူငယ်ချင်းရှိရာ မုံရွာသို့ bus ကားဖြင့် သွားရောက်ခဲ့သည်။ ကျွန်ုပ်ကို တွေ့သော သူငယ်ချင်းက ပြုံးရွှင်သော မျက်နှာဖြင့်ပင် ကြိုဆိုနေ၏။ သို့သော် ချိနဲ့သောအပြုံး။

    သူငယ်ချင်း၏ခန္ဓာကိုယ်ကား အလွန်ပင် ပိန်လှ၏။ အသားများလည်း ခြောက်ကပ်လျက် စိုစိုပြေ ပြေမရှိလှ၊ ခွန်အားမရှိ၍ လမ်းသွားလျင် ယိုင်နွဲ့နွဲ့နေ၏။ ကျွန်ုပ်ကား သူငယ်ချင်းကို အားပေးစကား ပြောပြီး အကြိုးအကြောင်းပြောပြကာ မန္တလေး ငြိမ်းအထူးကု ဆေးရုံကြီးသို့ ခေါ်ဆောင်လာခဲ့သည်။ ထိုဆေးရုံဝယ် အထွေထွေအထူးကု ဆရာဝန် ဒေါက်တာ ဦးမင်းနိုင်ကို ပြသ အစစ်ဆေးခံသည်။

    ဒေါက်တာက သူငယ်ချင်းအား ခုတင်ပေါ်တွင် လည်းလျောင်းစေ၍ ရင်ဘတ်ကို နားကြပ်နှင့် ဟိုနား ထောက်ဒီနားထောက် ထောက်သည်။ ပါးစပ်အဖွင့်ခိုင်းသည်။ အင်္ကျိလှန်၍ ကိုယ်ကိုပြခိုင်းသည်။ သူငယ်ချင်း၏ ကိုယ်ပေါ်တွင် အနာရွတ်များပြည့်နက်နေသည်။

   အရက်သောက်သလား၊ 
   မသောက်ဘူးဆရာ။
   မိန်းမရှိသလား၊ 
   မရှိဘူးဆရာ။ 
   ဘာအလုပ်လုပ်သလဲ၊
   ကျောင်းဆရာအလုပ်။

ဒေါက်တာနှင့် သူငယ်ချင်းတို့ အမေးအဖြေတို့ကို နားထောင်ရင်း ရင်မောလာ သည်။

    ထို့နောက်သူငယ်ချင်းအား ကိုယ်အလေးချိန်တိုင်းသည်။ ကိုယ်အလေးချိန်ကျနေသည်ကို တွေ့နေ ရ၏။ သူငယ်ချင်းကို ကြည့်ကာ ကိုယ်ချင်းစာစိတ်နှင့်အတူ ဒေါက်တာ၏ ဖြေကြားချက်ကိုလည်း ကြား ချင်နေမိသည်။

    သူငယ်ချင်း စမ်းသပ်ခန်းအပြင်သို့ရောက်သော အခါ ဒေါက်တာဦးမင်းနိုင်က ကျွန်ုပ်အား ဘာတော် သလဲဟု မေးသည်။ သူငယ်ချင်းတော်ပါတယ် ဆရာဟု ကျွန်ုပ်အဖြေပေးသည်။

    “ ဒီကောင် ပွေသလား ရှုပ်သလား”
“ဗျာ” ကျွန်ုပ်ထိန့်လန့်သွားသည် ကျွန်ုပ်ဦးခေါင်းပင် ပုတ်လုံးလောက်ရှိသွားသည်ဟု ခံစားလိုက်ရ သည်။ ဒေါက်တာကား အလိုက်သိစွာပင် “ နောက်မှ အဖြေသိရမှာပါ ” “ရပါပြီ”ဟု ပြော၏။ ကျွန်ုပ်၏ စိတ်တွင်ကား “ ဒီကောင် ပွေသလား ရှုပ်သလား” ဟူသော စကားက ပဲ့တင်ထပ်လျက်ရှိနေလေ၏။

    “အတွေးများဖြင့် အိပ်မပျော်သော ညသည် ရှည်၏” မြတ်ဗုဒ္ဓဟောတော်မူခဲ့၏။ ကျွန်ုပ်၏စိတ်ကား ညနေက ဖြစ်ပျက်ခဲ့သည့် အတိတ်ကို ပြည်လည်တွေးတောနေမိသည်။ နက်ဖြန်ဆိုသောအချိန်ကို ရောက်ချင်စိတ်များလည်း ထက်သန်နေသည်။ ဒေါက်တာ၏နုတ်ဖျားမှ ထွက်ပေါ်လာမည့် အဖြေကို လည်း ကြားချင်စိတ်အားကြီးနေသည်။ 

“အကယ်၍ ခေတ်ပေါ်ရောဂါများဆိုလျှင် ငါဘယ်လိုဆက်လုပ် ရပါမလဲ” စသည်ဖြင့် မရောက်သေးသည့်အနာဂတ် အဖြေမထွက်သေးသည့် ရောဂါအတွက် တွေး တောရင်း အိပ်၍မပျော်။ အိပ်မပျော်သော်လည်း အိပ်ဖို့ရန်ပင် စိတ်မကူးမိ။ နက်ဖန်ဆိုသောအချိန်ကို ရောက်ရန်စိတ်စောနေ၍ တိကျမှန်ကန်ပြီး အပိုအလိုမရျှိပေးနေသော ညအချိန်ကိုပင် ရှည်လျားလွန်း သည်ဟု အပြစ်တင်နေမိသည်။

    နံနက်(၆)နာရီထိုးသံကြားမှ ကျွန်ုပ်အတွေးများရပ်၍ ဒေါတာလာချိန်နီးမှန်းသတိရသည်။ မကြာမီ ပင် ကျွန်ုပ်တို့ရှိသော အခန်းနံပါတ် A-1 သို့ ဒေါက်တာဝင်လာသည်။ ဒေါက်တာမင်းနိုင်ကား မည် သည့်စကားမျှ မပြောဘဲ အခန်းတွင်းမှ လှည့်ထွက်သွားသည်။ နောက်မှပါလာသော နပ်(စ်)ကလည်း ဆေးမှတ်တမ်းပေးကာ အခန်းအပြင်သို့ ထွက်သွားပြန်၏။

      ကျွန်ုပ်ကား ဒေါက်တာနောက်သို့ လိုက်သွား၏။ သိလိုဇောက အဟုန်ပြင်းနေ၍ “ ဆရာ သူငယ် ချင်းအခြေအနေး”  ဟု အမေးစကား ဟကာမျှ၌ပင် “ မောင်ချစ်ဟန်မှာ HIV ပိုး ရှိနေပြီ” ဟုဖြေ၏။ ထိုစကားကြားရ၍ ကျွန်ုပ်ကိုယ်များ ဆူနာမီလှုပ်သလို ခံစားနေရသည်။

     ဒေါက်တာက စကားဆက်ပြောနေသည်။ ကျွန်ုပ်နားတို့ကား ကြားနိုင်စွမ်းမရှိတော့၍လား မပြော တတ် မကြားတချက်ကြားတချက်။ လောကကြီးကို မေ့ပြစ်လောက်အောင်ပင် တွေးနေမိသည်။

    “ ဆေးရုံကနေ ဆင်းချင်လည်း ဆင်းနိုင်ပါပြီ၊ သို့မဟုတ် နေချင်လည်း နေနိုင်ပါတယ်”  နောက်ဆုံး ပြောသွားသည့် ဒေါက်တာ၏စကား အတွေးများကြားမှပင် ကြားလိုက်ရသည်။

     ဒေါက်တာပြန်သွားပါပြီ။ ကျွန်ုပ်လည်း မည်သို့ဆက်လုပ်ရမည် မသိတော့ ခေါင်းတစ်ခုလုံး မီးစဖြင့် ထိုးထားသလို ပူထူနေသည်။ ပြီးတော့ သူငယ်ချင်းကို HIV ပိုးရှိကြောင်း မသိစေချင်ပါ။ ထိုကြောင့် သူ ငယ်ချင်းရှေ့တွင် ဟန်မပျက်နေပြခဲ့ရသည်။ ရင်ထဲမှာတော့ ဗလောင်းဆန်နေခဲ့ရင်းပေါ့။

     ဆေးမှတ်တမ်းပေါ်မှ HIV ပိုးရှိကြောင်းအမှတ်အသား ကဒ်ပြားကလေးကို ဖြုတ်ယူသိမ်းဆည်းပြီး သူငယ်ချင်းများထံသွား၍ အကျိုးအကြောင်းပြောပြကာ အကူအညီတောင်းမိသည်။ အကူအညီမရရုံမျှ မက ကျွန်ုပ်နှလုံးသားကို ကျင်စက်နှင့်ထိုးသကဲ့သို့ နာကျင်သော စကားလုံးများဖြင့် ထိုးနှက်မှုကိုပင်ခံ ယူခဲ့ရသည်။ 

“ ဒို့ကတော့ ပိုးရှိတဲ့သူဆိုရင် နိုးဘဲ၊ ကူညီဖို့ မဆိုထားနဲ့ အနားတောင် မကပ်ချင်ဘူးကွ၊ ဟဲ့ကောင် မင်းလဲ ကူညီတာ သေချာလေးကူညီဦး ကိုယ့်လူ…တော်ကြာ မင်းပါကူလာလို့” တဲ့။

     “ ဒီလိုတော့ မပြောကြပါနဲ့ သူငယ်ချင်းတို့ရာ ပြုစုကူညီရုံနှင့် မကူးစက်ပါဘူးကွ၊ နောက်ဆုံး ထမ်း အတူစားရင်တောင် မကူနိုင်ဘူးလို့ ငါစာထဲဖတ်ဖူးထားတယ်ကွ” ဟု ကျွန်ုပ် ပြန်လည်ချေပသည်။

     “ မကူးလဲ ပီးရော…ဒို့တော့ အကူအညီလာမတောင်းနဲ့၊ ဒီလို ပွေပွေရှုပ်ရှုပ် လူတွေကို ဒို့က မသ နားဘူးဟေ့” သူတို့က ပြန်ပက်သည်။

     “ မင်းတို့လဲ သူ့အကြောင်းကိုသိတာပဲ သူဒီလောက်အေးတဲ့လူ၊ ဒီလောက်ရိုးသားတဲ့လူ၊” ကျွန်ုပ် ပြန်ချေပရာသူတို့က “ မပြေးသော် ကန်ရာရှိပေါ့ကွ” တဲ့။

    ထိုအရပ်မှ စစ်ရှုံးသူတစ်ဦးနှယ် တပ်ဆုတ်ပြန်ခဲ့ရသည်။ “ သြော်…….ကိုယ့်သူငယ်ချင်းများ ကမ္ဘာက HIV-AIDS ရောဂါသည်များကို သနားကြပါ ကျင်နာကြပါ” ဟူသော ကျွေးကြော်သံကိုပင် မကြားမိကြလေသလား။

    ပျော်ရွှင်သောအခါတွင် အားလုံးကသင်နှင့်အတူပျော်ရွင်ကြပြီး ၀မ်းနည်းရလျှင် သင်တစ်ယောက် တည်းသာ။ ဆိုတဲ့ စကားလိုပါပဲလား။

    ဤအဖြစ်အပျက်များကို မောင်ချစ်ဟန် မသိနိုင်ရှာပါ။ သူမသိသည်ကိုပင် ကျွန်ုပ်အဖို့ ၀မ်းသာမိ၏။ သို့သော် မပြုံးနိုင်ပါ။

    မည်သို့ဆက်လှုပ်ရှားရမည်ကို စဉ်းစားနေမိသည်။ သူငယ်ချင်းကိုလည်း HIV ပိုးရှိကြောင်း မပြော ရက်။ သူငယ်ချင်း အားငယ်မည်ကို မလိုလား။ ဆေးရုံ၌ ဆက်နေသော်လည်း ငွေကုန်ရုံကလွဲ၍ အကြောင်းထူးတော့မည် မဟုတ်၊ ထို့ကြောင့် ဆေးရုံမှ ဆင်းမှဖြစ်မည်။ သူငယ်ချင်းအား ဆေးရုံဆင်း ပြောသော် သူရိပ်မိမည်။ စဉ်းစားရကြပ်လှပါဘိ။

    အမှတ်မထင် ကျွန်ုပ်အကြံတစ်ခုရလာသည်။ သူငယ်ချင်းအား လှည့်ဖျားရန်ဖြစ်သည်။ ထိုအကြံအ တိုင်းပင် သူငယ်ချင်းအား ပြောပြရာ လက်ခံသဖြင့် ငြိမ်းဆေးခန်း၌ ၃-ရက်သာနေ၍ မုံရွာသို့ ပြန်ခေါ် သွားရသည်။ ကျွန်ုပ်လှည့်ဖျားမှုနောက် ကောက်ကောက်ပါလာသော သူငယ်ချင်းကို ကြည့်၍ ပြုံးချင် သော်လည်း သနားမှုကပင် ပြုံးချင်မှုကို အနိုင်ယူသွားခဲ့ပါသည်။

    မုံရွာသို့ရောက်ပြီး (၇)ရက်ခန့်တွင် သူငယ်ချင်း၏ ရောဂါပြင်းထန်လာပုံရသည်။ အိပ်ယာထဲတွင်  လျောင်းကာ တစ်ကိုယ်လုံးကိုက်ခဲသည့် ဝေဒနာကို ခံစားနေရရှာသည်။ အစာလည်းမစားနိုင်တော့ အစာမစား၍ အားအင်များပိုမိုဆုတ်ယုတ်လာသည်။ အမြဲလိုလို ညဉ်းညူနေရရှာသည်။

    ထိုသို့အိပ်ယာထဲ လဲနေရသောရက် (၁၀)ရက်ခန့်တွင် သူငယ်ချင်းက သူ၏ညီများကို သူ့အနားသို့ ခေါ်သည်။ ကျွန်ုပ်လဲ သူ့ညီများနှင့်အတူ ပါသွားသည်။ သူငယ်ချင်းကား စကားများကို အားယူ၍ ပြော နေရှာသည်။ ညီများက စကားသိပ်မပြောရန် တားကြရှာသည်။ သို့သော် မရချေ။ ပြောမြဲ ပြောနေ၏။

     သူငယ်ချင်း၏ စကားကို ကျွန်ုပ်တို့အားလုံး ၀မ်းနည်းခြင်းနှင့်အတူ ငြိမ်၍ နားထောင်နေလိုက်ကြ သည်။ သူငယ်ချင်းက “ ငါ့ညီတို့ ငါရောဂါကို ငါသိပါတယ်” တဲ့။ ထိုစကားကြောင့် ကျွန်ုပ်လိမ်ခဲ့သည် များကို တွေး၍ ရှက်သလိုဖြစ်မိသည်။ ပြီးစကားကို ဆက်နားထောင်နေလိုက်သည်။

    “ ငါ ဒီရောဂါရတာ……အပေါင်းအသင်းကြောင့်” ဤစကားပြောစဉ် သူငယ်ချင်း၏ မျက်လုံးအိမ်မှ မျက်ရည်ချောင်းများ အသွင်သွင် စီးဆင်းနေသည်ကို ၀မ်းနည်းစွာ မြင်တွေ့နေရ၏။ သူငယ်ချင်းက စီး ကျလာသော မျက်ရည်များကို သူ၏လက်ဖြင့် သုတ်ပြီး စကားဆက်ပြောနေသည်။

    “ ငါတက္ကသိုလ် ဒုတိယနှစ်တုန်းက သူငယ်ချင်းတွေက ငါ့ကို လူရိုးဆိုပြီး အရက်တွေ ငါမသောက် ချင်ဘဲ အတင်းတိုက်ကြတယ်။ ပြီးတော့ ကောင်မလေးတစ်ယောက်နဲ့ အတူ တွဲအိပ်ခိုင်းကြတယ်။ နောက်တော့ ငါ ဘာဖြစ်တယ်ဆိုတာ မသိတော့ဘူး၊ ဒါပေမယ့် ငါ့စိတ်ထဲမှာတော့ တစ်မျိုးတစ်ဖုံ ခံစား ရသလိုဘဲ” ပြောပြီး မျက်ရည်သုတ်ပြန်သည်။

   “ မင်းတို့လဲ….အပေါင်းအသင်းကို ကြည့်ပေါင်းကြကွာ…။ ငါက သူများသားသမီးကို ဘယ်တော့မှ မစော်ကားခဲ့ပါဘူး…။ ဒါပေမယ့် အဲဒီ တစ်ခါတော့……..။ စကားပြတ်သွားကာ ငိုရှာလေသည်။ ငိုသံ နှင့် ဆက်ပြောရှာပြန်သည်။ “ အဲဒီတစ်ခါတည်းပါ…..။ အဲဒီနောက် ငါစိတ်တွေ တစ်မျိုးဖြစ်ပြီး ကိုယ်ဘာသာကိုယ် အေးအေးဆေးဆေး နေခဲ့တယ်….။ အပေါင်းအသင်းနဲ့ သိပ်မရောတော့ဘူး….။

      မှန်ပါသည်။ သူငယ်ချင်းသည် သူဘာသာသူ အေးအေးလူလူ အမြဲနေတတ်သည်။ အချို့များက သူ့ကို ရေခဲတုန်းဟု ခေါ်ရလောက်အောင်ပင်။

    ကျွန်ုပ်တို့ညှိုးငယ်သောမျက်နှာကိုယ်စီဖြင့် စကားကို ဆက်နားထောင်နေကြသည်။ “ ငါ…မိန်းမယူ ရင်  ရတာပဲ၊ ဒါပေမယ့် ငါ့ကိုယ်ငါ မယုံကြည်လို့ မယူခဲ့ပါဘူး” ဟု ပြောကာ ငိုပြန်သည်။ “ အခုဒီရောဂါ ရတာ အဲဒီတစ်ခ်ါတည်းကြောင့်ပဲ ဖြစ်မှာပါ။ တစ်ခါတည်းပဲ ဟုတ်ပါတယ် ငါရောဂါရတာ အဲဒီ…….ဟီး ဟီး ……”  ဟုပြောပြီး ရှိုက်ကြီးတငင် ငိုရှာလေတော့၏။

    ကျွန်ုပ်တို့ကား မွန်းကြပ်သည့် စိတ်ကို လျော့ချသောအားဖြင့် သက်ပြင်ရှည်ကြီးများ ချမိကြသည်။
     ပြီးတော့ “ ငါ….ဒီရောဂါရတာမှန်း ဟိုကောင် ၀င်းနိုင်သိရင် (ကျောင်းဆရာအတူလုပ်ဘက် ၀င်း နိုင်ကိုဆိုလိုသည်။) ငါ့ကို အထင်သေးတော့မှာ ငါ အဲဒီကောင်တွေနဲ့ မတွေ့ချင်ဘူးကွာ” ပြောပြီး ငိုပြန် သည်။

    အားနည်းချက်ရှိတဲ့သူဟာ ဘယ်နေရာမှာဘဲ ရပ်ရပ် သိမ်ငယ်နေမှာပဲ- တဲ့။ ကိုယ်ချင်းစာ သနား နေရုံကလွဲလို့ ကျွန်ုပ်ဘာမှ မတတ်နိုင်ခဲ့ပါပေ။

   သူငယ်ချင်းကတော့ သူဤလူ့လောကမှ ထွက်ခွါရတော့မည်ကို သိနေ၍လား မပြောတတ်။ အာနာ ပါန(ထွက်လေ၀င်လေ)ရှုမှတ်ပုံတို့ကို ကျွန်ုပ်ထံမှာ မေးမြန်းသည်။ ကျွန်ုပ်ကား သိသမျှပြောပြပေးခဲ့ပါ သည်။ သံဃာတော်များ အပင့်ခိုင်း၍ ပရိတ်တော်များကို နာယူသည်။

    ပြင်းထန်သည့်ဝေဒနာကို ခံစားညဉ်းညူနေရသည်ကို တရားဓမ္မနှလုံးသွင်းခြင်းဖြင့် ခုခံနေခြင်းဖြစ် သည်။ ဝေဒနာတို့ကာ ဆုတ်ယုတ်၍မသွား ပိုပို၍သာပြင်းထန်လာသည်။

    နောက်တစ်နေ့ နေ့လယ်ခင်းတွင် “ အမေ..့ မီးထွန်းပါဦး မှောင်လိုက်တာ” ဟုပြောနေရှာသည်။ သူ ငယ်ချင်း၏ မျက်စိအမြင် ကွယ်ပျောက်သွားမှန်း အားလုံးသိကြသည်။ သူ၏အမေနှင့် မောင်နှမတို့ကမူ အံကြိတ်၍ ငိုနေကြရှာလေသည်။ ယင်းမြင်ကွင်းကို ကျွန်ုပ်နှလုံးသားက တောင့်ခံထားခြင်း ငှာမစွမ်းနိုင်တော့။ 

ရင်ထဲတွင် အလိပ်လိုက်တက်လာသော ၀မ်းနည်းမှု လှိုင်းဂယက်တို့က ကျွန်ုပ်မျက်ဝန်းကို ပယ် လယ်ဖြစ်သွားစေခဲ့ပါသည်။ ဟုတ်ပါသည်၊ ကျွန်ုပ်ငိုချမိပါသည်။

    နောက်နေ့တွင်မူ သူငယ်ချင်းအိမ်၌ လူများစည်ကားနေသည်။ အများအားဖြင့် လူစည်ကားလျှင် ကျက်သရေရှိသည်ဟုပြောတတ်ကြသည်။ သည်မြင်ကွင်းကား ကျွန်ုပ်အဖို့ ကျက်သရေမရှိဆုံးမြင် ကွင်း ဟုဆိုရပေလိမ့်မည်။

    ကျွန်ုပ်သူငယ်ချင်း အားလုံးကို အပြီးပိုင်ကျောခိုင်းသွားပြီ၊ သူချစ်သော မိဘမောင်နှမများနှင့် သူ၏ တပည့်များ သူငယ်ချင်းများကို နှုတ်မဆက်ဘဲ ထွက်ခွါသွားပါပြီ။

    မောင်ချစ်ဟန် အသက် (၂၅)နှစ်။ ရေးထားသည့်စာတန်းကိုကြည့်ရင်း စာတန်းကို မမြင်ရတော့ပေ။ ကျွန်ုပ်မျက်လုံးအိမ်တွင် မျက်ရည်တွေက နေရာယူထားကြလေပြီတကား။

   ထို့နောက် မောင်ချစ်ဟန်အား “ သူငယ်ချင်း…..အပြစ်ရှိကခွင့်လွတ်ပါ…” ဟု ရေရွတ်နေခိုက် သူငယ်ချင်း၏ တပည့်ကျောင်းသား ကျောင်းသူများက ကျွန်ုပ်နောက်ဝယ် စိုစွတ်သောမျက်ရည် ညှိုး ငယ်သောမျက်နှာကိုယ်စီဖြင့် သူတို့ဆရာကို နောက်ဆုံး ကန်တော့နေကြလေသည်။

   ဤမြင်ကွင်းက မြင်ရသူအားလုံး၏ ခိုင်မာသောစိတ်ဓာတ်တို့ကို လှုပ်ခါနိုင်ခဲ့သည်။ ထိန်းချုပ်ထား သောစိတ်ဓာတ်တို့ကို ပြန့်ကွဲ ကျေပြန်းစေနိုင်ခဲ့သည်။ အားလုံး လွမ်းတသသဖြင့် ငိုကြွေးကြလေ သည်။ သို့သော် သူငယ်ချင်းအတွက် အကောင်းဆုံး ပေးဆပ်ခြင်းကား မျက်ရည်မဟုတ်ပါ။

    သူငယ်ချင်း၏ အဖြစ်အပျက်ကို သင်္ခန်းစာယူနိုင်ရန် စာရေးသားခြင်းဖြင့် ပေးဆပ်ခြင်းက လောက အတွက်ရော သူငယ်ချင်းအတွက်ပါ အကောင်းဆုံးပေးဆပ်ခြင်းဖြစ်မည်ဟု ယူဆလျှက်…..ကျွန်ုပ်မျက် ရည်များကို ကိုယ်စားပြုသော ဤစာလုံးများကို ဖန်တီးပေးဆပ်လိုက်ပါ၏။
    သူငယ်ချင်းရဲ့စကားကိုတော့ ခုထိနားထဲကမထွက်သေး “ တစ်ခါတည်းပါ” တဲ့။ သူငယ်ချင်းကဲ့သို့ HIV ဗိုင်းရစ်(စ်)ပိုး ကူစက်ခံနေရသူ ယနေ့ကမ္ဘာတစ်ဝန်း၌ လူဦးရေ သန်း(၇၀)ကျော်ထဲတွင် တစ်ခါ တည်းပါ ဆိုသူများ မည်မျှပါလေသည်ကို မည်သူမျှ သိနိုင်မည်မဟုတ်ပါတကား…….။

                                                                                      (ရနံ့စံအိမ်)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ