ဘိက္ခုနီများလည်းဝန်ဆောင်ပုံ
ဗုဒ္ဓမြတ်စွာ၏
သာဝိကာမ(တပည့်မ)ဖြစ်ကြသော ဘိက္ခုနီတိုတွင် အမျိုးဂုဏ် အဆင်းဂုဏ်ပစ္စည်းဂုဏ်သိရ်အားဖြင့်
အထက်တန်းကြ၍ အကျင်စာရိတ္တကောင်းသော အမျိုးသမီး အများအပြား ပါဝင်ကြသကဲ့သို့ ထိုဂုဏ်အားဖြင့်
အဆင့်အတန်း မမြင့်သောလည်း အကျင့်စာရိတ္တကောင်းသော အမျိုးသမီးများလည်း ပါဝင်ကြပါသည်၊
ထိုအမျိုးသမီး ဘိက္ခုနီအများပင် ဘုရားတရားတော်ကိုလည်း ကိုယ်တိုင်သိ, လူဝတ် ကြောင် အမျိုးသမီးတို့အား
ဟောပြောပြသ ဩဝါဒပေးခြင်း, ဆန့်ကျင် ဘက် အယူဝါဒများကို အေးအေးချိုသာစွာ ပယ်ရှားခြင်းတို့ဖြင့်လည်း
ဖခင်ဘုရား၏ သာသနာတော်ကြီးထွန်းကား၍ သတ္တဝါတို့ အကျိုးများအောင် ရွက်ဆောင်ခဲ့ခြင်း ကြောင့်
ဗုဒ္ဓမြတ်စွာသာသနာတော်သည် အမျိုးသမီးတို့ နယ်မှာလည်း ခံ့ထည်ဝင့်ကြွားနိုင်ခဲ့ပါသည်။
ဥပါသကာပရိသတ်
ရတနာသုံးပါးကို
ဆည်ကပ် ကိုးကွယ်သူသည် “ဥပသကာ”မည်၏၊ [ဥပ-ရတနာသုံးပါးသို့ကပ်၍+အာသက-နေတတ်သူ] ဘုရား၌ မကြာခဏ
စိတ်ရောက်နေသူ,
ဘုရားဂုဏ်တော်ကို မကြာခဏ သတိရနေသူ, ဘုရားနှင့်စပ်သော ကိစ္စကို မကြာခဏ
ရွက်ဆောင်နိုင်သူကို “ဘုရားကို ဆည်းကပ်ကိုးကွယ်သူ”ဟု ခေါ်သည်။
မဂ်ဖိုလ်ရသူ,
မဂ်ဖိုလ်ရအောင် ကျင့်နေသူ, ဘုရားတရားတော် ပိဋကကျမ်းစားများကို မပျောက်မကွယ်အောင် ပူဇော်သူ,
ထိန်းသိမ်းစောက်ရှောက်သူ, ဟောပြပို့ချသူ, ကြွားနား မှတ်သားသူကို “တရားကိုးကွယ် ဆည်းကပ်သူ”ဟုခေါ်သည်။
အရိယာ သံဃာတော်များကိုလည်းကောင်း,
အရိယာဖြစ်အောင် ကြိုးစားနေသော ပုထုဇဉ်သူတော်ကောင်းများကိုလည်းကောင်း, အားပေးချီးမြှောက်
ထောက်ပံ့လှူဒါန်းသူ, ထိုသံဃာတော်များအား ကောင်းစွာနေနိုင်အောင် စောက်ရှောက်သူ, သူတော်ကောင်းသံဃာများ တိုးပွားအောင် ကြိုးစားသူကို
“သံဃာကိုးကွယ်သူ”ဟုခေါ်သည်။
ဘုရားလက်ထက်တော်၌
ထိုကဲ့သို့ ကိုးကွယ်ကြသော ယောကျာ်း, မိန်းမတို့ အများအပြားပင် ရှိခဲ့ကြပေသည်။
အနာထပိဏ်သူဌေး
အနာထပိဏ်သူဌေးသည်
သာဝတ္ထိမြို့ သုမနသူဌေး၏သားတည်း၊ လွန်ခဲ့သော ကမ္ဘာတစ်သိန်း၌ ပဒုမုတ္တိုရ်မြတ်စွာဘုရား
လက်ထက်တော်ဝယ် အလှူဒါန ရက်ရောသော ဥပါသကာ တစ်ယောက်ကိုအားကျ၍ ဥပါသကာဒါယကာဆုကို ပန်ခဲ့သူ
ဖြစ်၏၊ အနာထပိဏ်သည် ရာဇဂြိုဟ်သို့ ကူးသန်းရောင်းဝယ်ရေးကိစ္စဖြင့် သွား၍ ယောက်ဖတော်သော
သူဌေး အိမ်ဝယ် တည်းခိုလေ့ရှိ၏၊
ထိုသို့
သွားလေ့ရှိရာဝယ် တစ်ချိန်၌သော် အိမ့်ရှင်သူဌေးသည် ဘုရားရှင်အား မနက်ဖြန် ဆွမ်းကပ်ဖို့ရန်
ချက်ပြုတ်ရေးကို စီမံနေသောကြောင့် ခါတိုင်းကဲ့သို့ စကားကြာကြာ မပြောအားချေ၊ ညဥ့်အချိန်ကျမှ
စကားပြောခွင့်ရကြ၍ ဗုဒ္ဓမြတ်စွာကြွတော်မူလာ ကြောင်းကို ပြောပြလေရာ “ဗုဒ္ဓ”ဟူသောအသံကို
ကြားလိုက်သည်နှင့် တစ်ပြိုင်နက် နှစ်သက်မှုပီတိသည် သူဌေး၏တစ်ကိုယ်လုံး လွှမ်းဖုံးသွားသဖြင့်
(မေ့သလိုဖြစ်သွားရကား) “ဗုဒ္ဓလို့ ပြောလိုက်သလား”ဟု ထပ်၍ မေးရလေသည်၊ ရာဇဂြိုလ်သူဌေးကလည်း
“ဗုဒ္ဓလို့ ပြောပါသည်”ဟု ထပ်၍ ဖြေရလေ၏။
ဤသို့သုံးကြိမ်တိုင်တိုင်
ဖြစ်ပြီးမှ “ဗုဒ္ဓမြတ်စွာကို ဖူးတွေ့ဖို့ကို
မဆိုထားဘိ, “ဗုဒ္ဓ ဗုဒ္ဓ”ဟူသော စကားသံကို ကြားရဖို့ရန် ပင် အလွန်ခဲယဉ်းပါသည်၊ ယခုလို
ညဥ့်အခါမှာ ဗုဒ္ဓကိုသွား၍ မဖူးတွေ့ နိုင်ဘူးလား”ဟု မေးလေသည်၊ ဒီအချိန်မှာ မဖူးတွေ့နိုင်ကြောင်း
ပြော သဖြင့် အိပ်ရာသို့ဝင်သော်လည်း ဗုဒ္ဓကို ဖူးတွေ့လိုသောစိတ်က ပြင်းပြ နေသောကြောင့်
ကောင်းကောင်းအိပ်၍ မပျော်ရှာချေ၊ ထို့နောက် မလင်းမီ အိပ်ရာမှထ၍ ဗုဒ္ဓအထံတော်သို့ သွားပြီးလျှင်
ပထမအကြိမ် တရားနာ၍ အဆုံးမှာပင် သောတာပန်တည်လေသည်။
မှတ်ချက်။ ။ အနာထပိဏ်သူဌေးသည် ကမ္ဘာတစ်သိန်းလောက်ကပင် ဘုရားကျောင်းဒကာဆုကို
ပန်ခဲ့၍ ဘုရားရှင်ကို ဖူးတွေ့လိုသော စိတ်က ကမ္ဘာတစ်သိန်းလောက် အထုံရခဲ့သောကြောင့် “ဗုဒ္ဓ”ဟူသော
အသံကို ကြားရုံမျှဖြင့် တစ်ကိုယ်လုံး ပီတိလွှမ်းဖုံးသွားလေသည်။
(အရှင်ဇနကာဘိဝံသ၏ ဘာသာသွေးစာအုပ်မှ) ဆက်ဦးမည်>>>