Monday, May 21, 2012

လက်နှစ်ချောင်းပညာ

ဘုရားအစရှိတဲ့ ပညာဉာဏ်ကြီးကျယ်သူတွေတာရောက်နိုင်ပြီး တခြားသူတွေ ဖြစ်ပေါ်စေရန် ခဲယဉ်းလှတဲ့ အရဟတ္တဖိုလ်ကို သင့်လို လက်နှစ်ချောင်းပညာသာရှိတဲ့ မိန်းမသားက ရဖို့ရန် မျှော်လင့်နေသေးတယ်….။

ဒီစကားကို မာရ်နတ်က သောမာထေရီမကို သမာဓိပျက်အောင် ကြောက်ရွံ့ထိတ်လန့်သွားအောင် ပြောခဲ့တဲ့စကားပါ။ တစ်နည်းပြောရင် ထမင်းဟင်းချက် ရက်ကန်းရက်တဲ့ ပညာလေးနဲ့ မဖြစ်နိုင်ပါဘူး၊ မလုပ်ချင်စမ်းပါနှင့် ဆိုတဲ့သဘောနဲ့ ပြောင်လှောင်တဲ့စကားပေါ့။

ဒီနေရာမှာ လက်နှစ်ချောင်းပညာဆိုတာလေးပြောပါရစေ။ မိန်းကလေးများဟာ ထမင်းချက်တဲ့အခါ ယောက်မနဲ့ ချက်နေတဲ့ဆန်ကို ခူးပြီး ထမင်းနှပ်မနှပ်ကို လက်နှစ်ချောင်းလေးနဲ့ နှိပ်စမ်းပြီး ကျက်၊ မကျက်ကို သိကြပါတယ်။ နောက် ဗိုင်းငင်တဲ့အခါ မှာလည်း လက်နှစ်ချောင်းနဲ့ပဲ ချည်ကို ငင်ကြရပါတယ်။ အဲဒါကိုပဲ မာရန်နတ်က လက်နှစ်ချောင်းပညာ (ဒွင်္ဂုလပညာ)လို့ သုံးနှုန်းသွားတာပါ။ ထမင်းနှပ်မနှပ်သိတဲ့ပညာ၊ ဗိုင်းငင်တဲ့ပညာလို့ဆိုလိုတာပေါ့။ အဓိပ္ပယ်ကတော့ နည်းပါးတဲ့ပညာလို့ ဆိုလိုတာပါ။

ဒီတော့ သောမာထေရီက မာရ်နတ်ကို ဒီလို ပြန်ပြီး ခြိမ်းခြောက်လိုက်ပါတယ်။

စိတ်ကို ကောင်းကောင်းထားအပ်လသော် ဖလသမာပတ္တိဉာဏ် ဖြစ်ပေါ်လသော် သစ္စာလေးပါးတရားကို ကောင်းကောင်းကြီး သိမြင်သောသူအား မိန်းမဖြစ်၍ကော ဘာချို့တဲ့ပါသေးသနည်း(ဘာထူးသေးလို့တုန်း)။ (မိန်းမအဖြစ်သည် ပဓာနမဟုတ်ပါ-ဟုဆိုလိုသည်။)

ငါဟာ ယောက်ျားဖြစ်တယ်၊ ငါဟာ မိန်းမဖြစ်တယ်၊ ငါဟာ ယောက်ျားမဟုတ်မိန်းမမဟုတ်(နပုန်း)ဖြစ်တယ်လို့ တဏှာမာနဒိဋ္ဌိတွေနဲ့ စွဲလန်းနေသူကိုသာ အရဟတ္တဖိုလ်ကို မရနိုင် မရောက်နတ်ဘူးလို့ မာရ်နတ်က ပြောလို့ရနိုင်ပါတယ်။---တဲ့

အဲသလိုလဲ ပြောလိုက်ရော့ မာရ်နတ်ကြီး အဲဒီနေရာကနေထွက်ပြေးသွားရပါသတဲ့။

သောမာထေရီရဲ့ သာသနာ့ဘောင်ဝင်လာပုံလေးကိုလည်း အနည်းငယ်ပြောလိုက်ချင်ပါသေးတယ်။
အရှင်မဟာ ရာဇဂြိုဟ်ပြည့်ရှင် ဝေဠုဝန်ကျောင်းဒကာကြီး  ဗိမ္ဗိသာမင်းကြီးရဲ့ ပုရောဟိတ်တစ်ဦးရဲ့ သမီးပါ။

သောမသူတို့သမီး အရွယ်ရောက်လူလားမြောက်တဲ့အခါ ရာဇဂြိုဟ်မြို့တွင်းက လမ်းမကြီးမှာ နာဠာဂီရိဆင်ကြမ်းကြီးကို ယဉ်ကျေးသိမ်မွေ့အောင် ချေချွတ်ဆုံးမတော်မူတဲ့ ဘုရားရှင်ကို ဖူးမြင်ရပြီး ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တတ်တဲ့ ဥပါသိကာမတစ်ဦး ဖြစ်လာပါတယ်။

အရွယ်ရယ် အတွေ့အကြုံရယ်ကြောင့် ပြောရမလား၊ ပါရမီးဓာတ်ခံနိုးဆွလေသလား မပြောတတ်ပါ။ လူ့ဘောင်မှာ နေထိုင်ရတာကို မပျော်မွေ့ဘဲ သံဝေဂစိတ်တွေနဲ့ ငြီးငွေ့ပြီး တစ်နေ့တော့ လူဘောင်ကို ခွါရှောင်ကာ ဘိက္ခုနီရဟန်းဘောင် ခိုဝင်လိုက်ပါတယ်။

ဘိက္ခုနီဖြစ်ပြီး ၀ိပဿနာတရားကြိုးစားလိုက်တော့ မကြာမီမှာပဲ ပဋိသမ္ဘိဒါဉာဏ်လေးပါးနဲ့ အရဟတ္တဖိုလ် ဆိုက်ရောက်ပါတော့တယ်။

ရဟန္တာဖြစ်ပြီးတဲ့ သောမာထေရီဟာ သာဝတ္ထိမြို့တော်မှာ နေထိုင်ပါတယ်။ တစ်နေ့မှာတော့ နေ့သန့်စဉ်ဖို့ အန္ဓ၀န်တောထဲ ၀င်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ မာရ်နတ်သားရဲ့ အထက်က ပြောခဲ့တဲ့စကားတွေနဲ့ ကိုယ်ထင်မပြဘဲ ကောင်းကင်ကနေ ပြောဆို နှောက်ယှက်မှုကို ခံခဲ့ရတာပါ။

ဒီဝတ္ထုလေးကို ဖတ်လိုက်ရတော့ မာရ်နတ်ဟာ လူ့အကြောင်း တော်တော်ကို လေ့လာထားတာပဲ၊ မိန်းကလေးတွေ ထမင်းဟင်းချက်တာ ယက်ကန်းယက်တာကအစပေါ့။ မာနတ်ရဲ့ အသုံးအနှုန်းကလဲ ကဗျာဆန်ဆန်ပဲ…လက်နှစ်ချောင်းပညာတဲ့။ ပညာနည်းတယ်လို့ ဆိုလိုတာ။ လူ့အကြောင်းသိမှလည်း လူကိုဘယ်လိုဆွဲဆောင်ရမယ်ဆိုတာ နည်းလမ်းရမှာမဟုတ်လား။ မာရ်နတ်က ကောင်းတဲ့ဘက်ကို ဆွဲဆောင်မှာတော့မဟုတ်ပါဘူး သူ့စိတ်က အင်မတန်ညစ်ပတ်တယ်။ ဒါကြောင့်လဲ သူဟာ အများက ပါပိမ=အယုတ်တမာကောင် လို့ သမုတ်ခြင်းကို ခံနေရသူပါ။

ဒီနေရာမှာ ဗုဒ္ဓရဲ့တရားတော်တစ်ခု မှတ်မှတ်ရရတွေးမိတာလေးက…
ဒေါသထွက်နေသူကို သည်းခံကြင်နာ မေတ္တာပို့လျက် ကိုယ်က အမြက်မထွက်ဘဲ အေးမြကြည်သာ အောင်နိုင်ရာ၏။
စိတ်ထားမဖြူ မကောင်းသူကို၊ စိတ်ထားစင်ဖြူ မူရာမပြောင်း ကိုယ်ကကောင်းသဖြင့် အောင်နိုင်ရာ၏။
မပေးကမ်းလို သ၀န်တိုသူကို၊ ကိုယ့်ပစ္စည်းကို ပေးစွန့်သောအားဖြင့် အောင်နိုင်ရာ၏။
မမှန်စကား မုသားပြောသူကို၊ မှန်ကန်စကားပြောကြားသောအားဖြင့် အောင်နိုင်ရာ၏။…တဲ့။

တဖက်သားကို ကိုယ့်ဘက်ပါအောင်စည်းရုံးဖို့ အနိုင်ယူဖို့ ဗုဒ္ဓရဲ့ ကောင်းမွန်တဲ့ လမ်းညွှန်လေးပါ..။ အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးမှ အဆင်ပြေမယ်ဆိုတာမျိုးကို ဒီနေရာမှာ မသုံးမိဖို့လဲ သတိထားရပါဦးမယ်နော်…။ ကိုယ့်စလောင်းအကောင်းကို ရွဲ့အောင်မလုပ်ဘဲ သူ့အိုးကို တည့်အောင်စွမ်းဆောင်နိုင်ရင် ပိုမကောင်းဘူးလားဆိုတာ စဉ်းစားကြရဦးမယ်လေ…။ သူရွဲ့တိုင်း ကိုယ်ရွဲ့ရမှာလား…?။

သောမာထေရီရဲ့ အကြောင်းဖတ်ပြီး မိန်းမယောက်ျား ခွဲခြားပြီးဆက်ဆံနေကြတဲ့ ရှေးအစဉ်အလာကို စဉ်းစားဖို့ကောင်းပါတယ်။ အရှင်မရဲ့ စကားထဲမှာ အရဟတ္တဖိုလ်ရမှုမှာတော့ မိန်းမယောက်ျား ဘာမှ မထူးခြားပါဘူး၊ မိန်းမယောက်ျား ခွဲခြားပြီး တဏှာမာနဒိဋ္ဌိတွေနဲ့ စွဲလမ်းနေမယ်ဆိုရင်တော့ မာရ်နတ်ရဲ့ ပြောခွင့်ရနေဦးမှာပဲ…တဲ့။

ဒါကြောင့် ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ..ကောင်းတဲ့စိတ်ထားရှိသူဟာ ကောင်းမှာပါပဲ၊ မြင့်မြတ်တဲ့စိတ်ဓာတ်ရှိသူတွေဟာ မြင့်မြတ်မှာပါပဲ..အားလုံး တဏှာမာနဒိဋ္ဌိစက်ကွင်းက လွတ်ကင်းဖို့ ရရှိတဲ့ ယောက်ျားဘ၀ မိန်းမဘ၀တွေကို ငြမ်းလိုအသုံးချတတ်ဖို့ပဲလိုတယ်လို့ တွေးတော ခံစားမိပါတယ်။ စာရှုသူကော ဘယ်လိုခံစားမိသလဲ…?
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ