Saturday, May 19, 2012

မတော်တစ်ဆဆိုပေမယ့်

မတော်တစ်ဆဆိုတဲ့ စကားကို လူတိုင်းက သုံးနှုန်းနေကြပါတယ်။ လက်ထဲက ကော်ဖီပန်းကန်လေး လွတ်ကျပြီး ကွဲသားတာကို မတော်တစ်ဆပါလို့ ဖြေသိမ့်လိုက်တာ ကိုယ်တိုင်ကြုံဖူးကြမှာပါ။

ရည်ရွယ်ရင်း မရှိဘဲ အမှုမဲ့အမှတ်မဲ့ ဖြစ်သွားတဲ့ ဖြစ်ရပ်တွေကို မတော်တစ်ဆ-လို့ သုံးနှုန်းတဲ့အကြောင်း မြန်မာအဘိဓာန်မှာ ဖွင့်ဆိုပါတယ်။

ဓမ္မဒူတဆရာတော်ကြီးကတော့ “မတော်တာ တစ်ဆဆိုပေမယ့် တော်တာတွေ အများကြီး ဆုံးရှုံးသွားနိုင်တယ်” လို့ သြ၀ါဒပေးခဲ့ဖူးကြောင်း မှတ်သားခဲ့ရတယ်။

ဟုတ်တယ်။ ဟိုတစ်နေ့က ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်လိုက်တာ နှစ်ရောက်လုံး ပွဲချင်းပြီးသွားတဲ့ သတင်းဖတ်လိုက်ရလို့  မတော်တစ်ဆို ဆိုပေမယ့် တော်တာတွေ အများကြီးဆုံးရှုံးသွားနိုင်သလို အသက်ပါ ဆုံးရှုံးနိုင်တယ်ဆိုတာကို စဉ်းစားတွေးတောနေမိတယ်။

ဒီလိုဘာပဲ ဘယ်အနားမှာ ကားနဲ့ဆိုင်ကယ်နဲ့တဲ့၊ ဘယ်နေရာမှာတော့ ကားအချင်းချင်းတဲ့၊ ဘယ်ဒေသမှာက ဆိုင်ကယ်က လူကိုဝင်တိုက်လိုတာ၊ ကားက သစ်ပင်ဝင်အောင်းလိုက်တာ စတဲ့ မတော်တစ်ဆ သတင်းတွေ မကြားချင်ဆုံး ကြားနေရပါတယ်။

မတော်တစ်ဆတွေကြောင့် စည်းစိမ်တွေဆိုတွေ တန်ဖိုးရှိတဲ့ လူ့ဘ၀အချိန်တွေ
အားလုံးက နှမြောကြတဲ့ အသက်တွေ စတဲ့ တော်တဲ့အရာတွေ ဆုံးရှုံးသွားကြတဲ့ ဖြစ်ရပ်တွေကလည်း ဒုနဲ့ဒေးပါပဲ။ မတော်တဲ့ မိနစ်ပိုင်း စက္ကန့်ပိုင်းဆိုတဲ့ တစ်ဆလေးကြောင့် တော်တဲ့ အရာတွေများစွာ ဆုံးရှုံးနေကြရတယ်။

မတော်တစ်ဆကြောင့် အသက်ကြွေလွင့်သွားသူကိုတော့ ကံကိုပါ့ဆိုးပါတယ်-ဆိုပြီး ကံကိုပဲရိုးမယ်ဖွဲ့လိုက်ကြပြန်တယ်။ တစ်ချို့ ဥပစ္ဆေဒကကံနဲ့ သွားရမယ့်ကံပါလာတာကိုး ဆိုပြီး မှတ်ချက်ချသူကချ။ အသက်ဉာဏ်စောင့် ဥစ္စာကံစောင့် ဆိုတာကိုတော့ မေ့ထားကြဟန်တူပါရဲ့။

သူတို့ရဲ့ မှတ်ချက်ကလေးတွေကြောင့် ဉာဏ်နုံ့ပေမယ့် တွေးကြည့်ဖူးတယ်။ ဥပစ္ဆေဒက ကံအကြောင်းကိုပေါ့။ သေခြင်းလေးမျိုးမှာ ဥပစ္ဆေဒကကံကို ဥပမာပေးတဲ့အခါ..မီးစာရော ဆီပါ မကုန်ခမ်းသေးပဲ လေပြင်းတိုက်ခတ်မှုကြောင့် သို့မဟုတ်တမင်ငြိမ်းသတ်မှုကြောင့် ထွန်းထားတဲ့ ဆီမီးငြိမ်းသွားသကဲ့သို့လို့ ဥပမာပေးတော်မူကြပါတယ်။ ဒီလိုဆိုတော့ အဲဒီမီးကို လေတိုက်မှုဒဏ်ခံနိုင်အောင် ဉာဏ်ယှဉ်ပြီး ကာကွယ်လို့ရနိုင်သလို့ ဥပစ္ဆေဒကကံအတွက်လဲ အသိဉာဏ်ဦးစီးပြီး ကြိုတင်ကာကွယ်ထားရင် ရနိုင်မယ်လို့ တွေးတောမိပါတယ်။ ဒါပေမယ့် ကမ္မ၀ိသယော အစိန္တေယျော=ကံအရာကို မကြံစည်သင့်၊ ကြံစည်ရင်တော့ ရူးသွားနိုင်တယ် ဆိုတဲ့ ဗုဒ္ဓတရားတော်ကို အမှတ်ရလို့ အတွေးစကို ဘရိတ်အုပ်လိုက်ရပါတယ်။ နေရာတိုင်းမှာ သေမင်းရှိနေတာတော့ အသေအချာပဲ..လို့ တွေလက်စ အရှိန်နဲ့ ဆက်တွေးမိလိုက်သေးတယ်။ ဒါက ဘ၀ခရီးမှာ ကြုံတွေ့ရတတ်တဲ့ မတော်တစ်ဆပါ။ မတော်တစ်ဆဆိုပေမယ့်နော်….။

ပြီးတော့ သံသရာခရီးရဲ့ မတော်တစ်ဆတွေ အကြောင်းလေး တွေးကြည့်ကြပေါ့။ သံသရာမှာ မတော်တဲ့ လောဘတစ်ဆလေးကြောင့် တန်ဖိုးရှိတဲ့ လူ့ဘ၀ကို ဆုံးရှုံးပြီး အပါယ်ထောင်ထဲ ကျသွားသူတွေ၊ မတော်တဲ့ ဒေါသတစ်ဆကြောင့် မြင့်မြတ်တဲ့ လူဘ၀ကနေ နိမ့်ကျတဲ့ အပါယ်စရင်းရောက်သွားသူတွေ၊ မတော်တဲ့ မေဟတစ်ဆကြောင့် အသက်တမျှ မြတ်နိုးစရာကောင်းတဲ့ ဘ၀တွေကို ခြေမှုန်းပြစ်ပြီး အပါယ်ဘုံသားဖြစ်သွားသူတွေ အများကြီးပါပဲ။

အဇာတသတ်တို့ဆို သူတို့ရဲ့ မတော်တဲ့ စိတ်ဓာတ်တစ်ဆလေးကြောင့် အထွဋ်အမြတ် မဂ်ဖိုလ်တရားကို ဆုံးရှုံးခဲ့ရတယ်၊ နောက်ဘ၀မှာ အပါယ်ထောင်ထဲမှာ ဆင်းရဲစွာနဲ့ ဘ၀ကို စတေးရတယ်။

အရှင်ဒေ၀ဒတ်ကြီးကော မတော်တဲ့ စိတ်ယုတ်မာ တစ်ဆကြောင့် ရတနာတန်းဝင် ဈာန်တွေလျှော့ခဲ့ရတယ်၊ နောက်ဆုံး အပါယ်မှ မရှုမလှစွာနဲ့ မတော်တစ်လေးပြုခဲ့မိတဲ့ အပြစ်ကို ကမ္ဘာနဲ့ချည်ပြီး ပေးဆပ်နေရတယ်။

ကိုယ်ပြုလိုက်တဲ့ မတော်(မတရား) တစ်ဆလေးကြောင့် နောက်ဆက်တွဲ ဆုံးရှုံးသွားရတဲ့ တော်တဲ့အရာတွေက အဆမတန်များပြားလွန်းလှတယ်၊ ခံစားရတဲ့ ဒုက္ခတွေက အချိန်အားဖြင့်လည်းကြာ၊ ဒဏ်ချက်ကလည်း အလွန်ပြင်းထန်တာမို့ မတန်လိုက်တာနော်..လို့ တွေးတောမိပါသေးရဲ့။

မြတ်ဗုဒ္ဓက “သတိံ စ ခွါဟံ ဘိက္ခဝေ သဗ္ဗတ္ထိကံ ၀ဒါမိ= သတိဟာ အလုံးစုံသောအကျိုးကို ပြီးစေ၏”လို့ ဟောတော်မူခဲ့ပါတယ်။ “အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ=(သတိ)အမှုနဲ့ အမှတ်နဲ့ နေကြ”ဖို့ အကြိမ်ပေါင်း တစ်သောင်းကျော် မိန့်တော်မူခဲ့ပါတယ်။

မြန်မာအဘိဓာန်က ဖွင့်ဆိုတာလေးက အမှုမဲ့ အမှတ်မဲ့ဖြစ်တဲ့ ဖြစ်ရပ်ကို မတော်တစ်ဆလို့ဆိုတော့ အမှုနဲ့ အမှတ်နဲ့နေရင် မတော်တစ်ဆမဖြစ်တော့ဘူး လို့ဆိုလိုတာပေါ့။ ဒါကြောင့် ဘ၀ခရီးမှာ မတော်တစ်ဆမဖြစ်အောင် စားတဲ့အခါ သွားတဲ့အခါ လာတဲ့အခါစတဲ့ အခါခပ်သိမ်းမှာ (သတိထားခြင်း)အမှုနဲ့၊ အမှတ်နဲ့ နေကြဖို့ လိုတာပေါ့ဗျာ။ သံသရာခရီးမှာ မတော်တစ်ဆမဖြစ်အောင်လဲ ကိုယ်နဲ့ပြု၊ နှုတ်နဲ့ပြော၊ မနောနဲ့တွေးကြံတဲ့ လုပ်ငန်းတိုင်းမှာ အမှုမဲ့မဖြစ်အောင် (သိတိထား)မှုနဲ့၊ အမှတ်မဲ့မဖြစ်အောင် အမှတ်နဲ့ ပြုကြ ပြောကြ ကြံတွေးကြမယ်ဆိုရင်……….
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ