ထင်းလှည်းသမား၏ သားကလေးအကြောင်း
မြတ်စွာဘုရား ရှိတော်မူစဉ်အခါ၌
ရာဇဂြိုဟ်မြို့ဝယ် သမ္မာဒိဋ္ဌိသူငယ်နှင့် မိစ္ဆာဒိဋ္ဌိသူငယ်နှစ်ယောက်တို့ မကြာ မကြာ
ဂေါ်လီ(ကျောက်လုံးကလေး) ကစားကြလေသည်၊ သမ္မာဒိဋ္ဌိသူငယ်သည် ကစားသောအခါ ဘုရားကို သတိရ၍ "နမော ဗုဒ္ဓဿ-ဘုရား ရှိခိုးပါ၏" ဟု
မန္တာန် ရွတ်သလိုရွတ်ဆိုပြီး ကစားလေ့ရှိ၏၊ ထိုသူငယ်သည်ပင် နေ့စဉ်နိုင်၏၊
မိစ္ဆာဒိဋ္ဌိသူငယ်သည် ထိုနည်းကို အားကျ၍ "နမော ဗုဒ္ဓဿ-ဘုရား ရှိခိုးပါ၏"
ဆိုသောစာကို ကျက်ထားပြီးလျှင် မကြာ မကြာ ရွတ်နေလေသည်။
တစ်နေ့သောအခါ ထို မိစ္ဆာဒိဋ္ဌိ သူငယ်၏ အဘသည်
သူငယ်နှင့်အတူ ထင်းခုတ်သွား၍ ပြန်လာပြီးလျှင် မြို့ပြင်ဘက် သုဿန်အနီး၌
ထမင်းစားနေစဉ် နွားတို့သည် စားကျက်မှ ပြန်လာသော နွားတို့နှင့်အတူ မြို့တွင်းသို့ ဝင်သွားကြောင်းကို
ထမင်းစားပြီးမှ သိရလေသည်၊ ထိုအခါသူငယ်ကို လှည်းစောင့်ထားပြီးလျှင် မြို့တွင်းသို့
လိုက်၍ နွားတို့ကိုဖမ်းပြီးမှ ပြန်လာရာ မြို့တံခါး ပိတ်နှင့်သောကြောင့် အဘတခြား
သားသခြားနှင့် တစ်ညလုံးနေရသော်
သူငယ်သည် သူရွတ်နေကျဖြစ်သော "နမော
ဗုဒ္ဓဿ" ကို ရွတ်ဆို၍ အိပ်ပျော်သွားလေသည်။
ညဥ့်အခါ၌ သူရဲဘီလူးနှစ်ကောင်သည် ထို
သုဿန်အနီး၌ လှည့်လှည်စဉ် သူငယ်ကို မြင်၍ မိစ္ဆာဒိဋ္ဌိ သူရဲက "ဒီ အကောင်ကလေး
ဒို့အစာ ဖြစ်ပြီ" ဟု ပြော၏၊ သမ္မာဒိဋ္ဌိသူရဲက "မလုပ်ပါနဲ့ကွာ" ဟု
တားရှာ လေသည်၊ တားသော်လည်း မရဘဲ မိစ္ဆာဒိဋ္ဌိသူရဲသည် ခြေထောက်ကို ဆွဲလိုက်ရာ သူငယ်က
ယောင်ပြီး "နမော ဗုဒ္ဓဿ"ဟု ရွတ်လိုက်လျှင်, မိစ္ဆာဒိဋ္ဌိသူရဲသည် ကြောက်ရွံ၍
နောက်တွန့်သွားလေသည်၊ ထိုအခါ သမ္မာဒိဋ္ဌိသူရဲသည် မိစ္ဆာဒိဋ္ဌိသူရဲကို အပြစ်တင်၍
"ကလေးအတွက် အပြစ်ဒဏ်ကို ငါတို့ခံထိုက်သည်" ဟု ပြောကာ တစ်ညလုံး
စောင့်ရှောက်နေလေ၏၊ မိစ္ဆာဒိဋ္ဌိသူရဲသည် မြို့ထဲသို့ဝင်၍ ရှင်ဘုရင့်အစာကို
ခိုးယူပြီးလျှင် သူငယ်အား ကျွေးလေသည်၊ သူငယ်မှာမူ မိဘနှစ်ပါးတို့
စောင့်ရှောက်ကျွေးနေကြသည်ဟု ထင်မှတ်လျက် နှစ်နှစ်သက်သက် စားသောက်၍ အိပ်ပျော်ရှာလေသည်၊
[ဓမ္မပဒ, ပကိဏ္ဏကဝဂ္ဂ, ဒါရုသာကဋိက ပုတ္တဝတ္ထု။]
ဆရာ။
။ဤဝတ္ထု၌ "နမော ဗုဒ္ဓဿ" ရွတ်လို့ဘီးလူးသရဲက လွှတ်ရသလို ဘုရား တရား
သံဃာကို သတိရ၍ "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ, ဓမ္မံ သရဏံ ဂစ္ဆာမိ, သံဃံ သရဏံ ဂစ္ဆာမိ"
ရွတ်လိုက်ရင်လဲ ဘီးလူး သရဲများ အနား မကပ်နိုင်ဘူးကွဲ့၊ ဒါကြောင့် ဘေးရန် ကာကွယ်ဖို့ရာ
ဗုဒ္ဓံ သရဏံစသော မန္တာန်ကို မကြာခဏ ရွတ်ဆိုကြနော်။
ကလေးများ။ ။ဟုတ်ကဲ့ ဆရာ။
[အောက်ပါကဗျာကို သံနေသံထား ခတ်ဆတ်ဆတ်နှင့်
အတိုင်အဖောက် နှစ်ယောက် ရွတ်ဆိုပါစေ။]
အတိုင်။ ။
မိုးချုပ်နေဝင် ပြင်မထွက်နှင့်, သရဲသူဘက် ဆွဲတတ်တယ်။
အဖောက်။ ။
မဆွဲနိုင်အောင် ဘုရားပေးတဲ့ မန္တာန်ဆေးကောင်း, ရှိပါတယ်။
တိုင်။ ။
မန္တာန် ရှိသလား မောင်မောင်ရယ်, ငါ့လဲပေးပါကွယ့်။
ဖောက်။ ။
ဗုဒ္ဓံ ဓမ္မံ သံဃံ ရွတ်ကွဲ့, သူရဲလွှတ်လို့ ပြေးလိမ့်မယ်။
ပထမလူ-ရွတ်ကွယ်, …ဒုတိယလူ-ရွတ်မယ်၊
ကျောင်းသားအားလုံး-ဒို့လဲ ရွတ်ကြမယ်၊ သံပြိုင်ညီညီ- ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ, ဓမ္မံ သရဏံ
ဂစ္ဆာမိ, သံဃံ သရဏံ ဂစ္ဆာမိ။
လေးကျင့်ခန်းမေးခွန်းများ
က။ ဩကာသ စသော ရှိခိုး ကန်တော့ခန်းကို
ရွတ်စမ်းပါ။
ခ။ ဆုတောင်းခန်းကို ရွတ်စမ်းပါ။
ဂ။ နမော တဿပါဠိကို ရွတ်စမ်းပါ။
ဃ။ နမော တဿပါဠိဟာ မြန်မာလို ဘာဆို သလဲ။
င။ သရဏံဂုံပါဠိကို အကုန် ရွတ်စမ်းပါ။
စ။ သရဏံဂုံပါဠိကို မြန်မာလို ပြောစမ်းပါ။
ဆ။ မြတ်စွာဘုရား အကြောင်းကို သိရဲ့လား, သိရင်-
(၁) ဘယ်တိုင်းပြည်မှာ ဘုရားအလောင်း
မွေးဖွားသလဲ။
(၂) ဘုရားအလောင်းရဲ့ ခမည်းတော်နဲ့
မယ်တော်၏နာမည် ဘယ်လိုခေါ်သလဲ။
(၃) ဘုရားအလောင်းရဲ့နာမည်ကို ဘယ်လို
ခ်ါသလဲ။
(၄) အသက် ဘယ့်လောက်မှာ ရှင်ဘုရင်ဖြစ်သလဲ။
(၅) ဘုရားအလောင်းရဲ့ မိဖုရားနာမည်က
ဘယ်လိုခေါ်သလဲ။
(၆) ဘုရားအလောင်း အသက် ဘယ်လောက်ရှိတော့
သားတော်ရသလဲ။
(၇) သားတော်ရဲ့ နာမည်ကို ဘယ်လို ခေါ်သလဲ။
(၈) ဘာတွေမြင်လို့ တောထွက်သွားသလဲ။
ဇ။ ရှိခိုး ဝပ်ချနည်းကိုသိရင် ဝပ်ချ
ပြစမ်းပါ။
ဈ။ ဝပ်ချလို့ မဖြစ်တဲ့နေရာမှာ
ကြည်ညိုစရာရဟန်း တော်ကိုတွေ့ရင် ဘယ်လို ရိုသေမလဲ။
ည။ ထင်းလှည်းသမား သားကလေးဟာ ဘီလူးဆွဲတော့
ဘယ်လိုယောင်သလဲ။
(သူငယ်တန်း ပြီး၏။)
ဆရာများအားညွှန်ပြချက်
ဩကာသ။ ။ဩကာသ
စသောကန်တော့ခန်းနှင့် ဆုတောင်းကို ကျောင်းသားအားလုံး သံပြိုင် ညီညီ ရွတ်တတ်အောင်
သင်ပေးပါ၊ ကျောင်းတိုင်း၌ နံနက်ပိုင်း ကျောင်းသားစုံညီ ရောက်သောအခါ ဘုရားရှိခိုး
ကန်တော့လေ့ရှိပါလိမ့်မယ်၊ ထိုကန်တော့ကြသော အထက်တန်း ကျောင်းသားများနှင့်ပေါင်း၍
သူငယ်တန်း ကလေးများ လိုက်ပါစေ၊ ထိုသို့ လိုက်စေသည့်အတွက်"ဩကာသ, နမောတဿ, ဗုဒ္ဓံ
သရဏံ ဂစ္ဆာမိ" ဟူသော သူငယ်တန်းဆိုင်ရာ အရကျက်ဖို့ သုံးမျိုးလုံးပင် အလွယ်နှင့်
ရပါလိမ့်မည်။
နမော။ ။"နမော
တဿ ဘဂဝတော" ကို ပေးသည့်အခါ "နမော"ဟု ဆိုပြီးလျှင် ခဏလောက် ရပ်တန့်၍
တဿနှင့် ဘဂဝတောကို တပေါင်းတည်း "တဿဘဂဝတော" ဟုဆိုပါစေ၊ ထို့နောက် "အရဟတော"ဟု
ဆိုပြီလျှင် "သမ္မာ+သမ္ဗု+ဒ္ဓဿ" ဟု သုံးခါ မဖြတ်ဘဲ" သမ္မာသမ္ဗုဒ္ဓဿ"
ဟု တစ်ဆက်တည်း ဆိုပါစေ၊ တစ်ချက် အနက်တစ်ချက်ကိုလည်းကောင်း, မြန်မာသက်သက်ကို
လည်းကောင်း ကျကျနန မရသော်လည်း ဘုရားရှိခိုးသောစကားစု နားလည်အောင် ပြောပြပါ။
တည်ခြင်းငါးပါးဖြင့်ရှိခိုး။ ။"ပဉ္စပတိဋ္ဌိတော တိ ဧတ္တ ပဉ္စဟိ အင်္ဂေဟိ အဘိမုခံ ဌိတေနာတိ အစေ ပါဒ ဇာဏု
ကပ္ပရ ဟတ္တ သီသသင်္ခါတာနိ ပဉ္စအ
သမံ ကတွာ ဩနာမေတွာ အဘိမုခံ ဌိတေန ပဌမံတွာ" (သီလက္ခန် သာမညဖလ
သုတ်ဋီကာသစ်)-" ဒူးပုဆစ်, တစ်တောင်, လက်, ဦးခေါင်း" ဟု ဆိုအပ်ကုန်သော
အင်္ဂါတို့ကို ညီစွာပြု၍ (ထား၍) အောက်သို့ ညွတ်စေ ရှေ့ရှုတည်လျက် ရှေးဦးစွာ
ဝပ်ချပြီး၍ (မြန်မာပြန်အချက်
သရဏဂုံ။
။"ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ" ဟု အသံဆက်၍ မရွတ်စေဘဲ "
ဗုဒ္ဓံ+သရဏံ+ဂစ္ဆာမိ" စသည်ဖြင့် အသံကွဲပြားအောင် ရွတ်တတ်ပါစေ၊ ဤ"ဗုဒ္ဓံ
သရဏံ ဂစ္ဆာမိ"တို့ကိုကား ပါဠိတစ်ချက် အနက် တစ်ချက်ဖြစ်စေ မြန်မာပြည်
သက်သက်ဖြစ်စေ ကောင်ကောင်းနားလည်အောင် ပြောပေးပါ။
ဗုဒ္ဓံ။ ။"သဗ္ဗဓမ္မေ-အလုံးစုံသောတရား
တို့ကို၊ ဗုဇ္ဈတိ-သိတော်မူတတ်၏"
ဟူသည်နှင့်အညီ, တရားအားလုံးကို အကုန်သိသော ဉာဏ်တော်၏ တည်ရာ ကိုယ်တော်ကို
"ဗုဒ္ဓ" ဟုခေါ်ရသည်၊ (မိဘ ဘိုးဘွား၏ ရုပ်ပုံနှင့် အရိုးအိုးကို လေးစားရ, ရိုသေရ,
ရှိခိုးရ, ပန်းစသည်ဖြင့် ပူဇော်ရသကဲ့သို့) ဗုဒ္ဓ၏ ပုံတော်ကိုလည်းကောင်း, ဗုဒ္ဓ၏
အရိုး ဓာတ်တော် ဆံတော်များကို ထာပနာထားသော စေတီတော် များကို လည်းကောင်း
ရိုသေမြတ်နိုး ရှိခိုး ပူဇော်ကြရသည်။
ဓမ္မံ။
။"ဓာရေတိ-အပါယ်ဆင်းရဲ ဝဋ်ဆင်းရဲသို့ မကျအောင် ဆောင်ထားတတ်၏"
ဟူသည်နှင့်အညီ, မဂ်ဖိုလ်နိဗ္ဗာန်ကို ရလျှင် အပါယ်လေးပါးသို့လည်း မကျရ၊
သံသရာဝဋ်ဆင်းရဲ၌လည်း ကြာရှည်စွာ မဖြစ်ရသောကြောင့်
မဂ်ဖိုလ်နိဗ္ဗာန်သည် အားထား ကိုကွယ် ဖို့ရာ "ဓမ္မ" အစစ် ဖြစ်၏၊ ဘုရား
ဟောတော်မူထားသော တရားတော်များလည်း အပါယ်ဆင်းရဲ ဝဋ်ဆင်းရဲမှ လွတ်အောင် နည်းလမ်း
ညွှန်ပြသောကြောင့် "ဓမ္မ" ဟုပင် ခေါ်ရသည်။
သံဃံ။
။ "ဒိဋ္ဌိသီလသာမညေန-အမြင်မှန်ဉာဏ်မကျိုးမပေါက်နိုင်သော သီလတို့ တူကြသောအားဖြင့်
သံဟတော-ပေါင်းစပ်အပ်သော (ရဟန်းတော်) အပေါင်းသည်၊ သံဃော-သံဃာမည်၏" နှင့်အညီ, အသိဉာဏ်နှင့်
သီလချင်းတူနေသော အရိယာသံဃာတော်သည် ကိုးကွယ်ဆည်းကပ်ဖို့ရာ (သရဏဂုံ ဆောက်တည်ရာ၌
မှန်းထားဖို့ရာ) သံဃာတော် ဖြစ်သည်၊ [သံဃိကဒါန လှူဒါန်းရာ၌ကား ပုထုဇဉ် သံဃာ တော်များလည်း
သံဃာစာရင်းတွင် ပါဝင်တော်မူကြသည်။]
သရဏဂုံ။
။"သရဏဂတာနံ-ကိုးကွယ်ရာဟု ဆည်းကပ်သူတို့၏၊ တေနေဝ သရဏဂမနေန-ထို
ကိုးကွယ်ရာဟု ဆည်းကပ်ကြောင်း ကုသိုလ်စိတ်ကြောင့်ပင်
ဘယံ-ဝဋ်ဆင်းရဲဘေးကိုလည်းကောင်း၊
သန္တာနံ-ကြောက်ရွံ့ထိတ်လန့်ခြင်းကိုလည်းကောင်း၊ ဒုက္ခံ-ကိုယ်ဆင်းရဲခြင်း
ကိုလည်းကောင်း၊ ဒုဂ္ဂတိပရိကိလေသံ-အပါယ် ဒုဂ္ဂတိ ဘဝ၌ ညစ်နွမ်း ရခြင်းကို လည်းကောင်း၊
(သရတိ) ဟနတိ ဝိနာသေတိ-ဖျက်ဆီးတတ်၏" ဟူသည်နှင့်အညီ, ဘုရား တရား အရိယာ သံဃာတော်များကို
ဖူးမျှော်နေရ စိတ်ဝင်စားနေရလျှင် စိတ်ချမ်းသာ၍ နောင်သံသရာ၌ အပါယ်လေးပါး မကျအောင်
ဆောင်ထားလျက် ဆင်းရဲဟူသမျှ ပယ်ရှားတတ်သောကြောင့် ရတနာသုံးပါးကိုပင်
"သရဏ" ဟုခေါ်၏၊ တစ်နည်း-" သရဏန္တိ ပဋိသရဏံ-လည်းလျောင်းရာ" ဟု
ဖွင့်သောကြောင့် မိမိကိုယ်ကို ပုံ၍
ယုံကြည်သောအားဖြင့် လည်းလျောင်း မှီခိုစရာကိုပင်"သရဏ" ဟုခေါ်သည်။
ဂစ္ဆာမိ။
။"ဂစ္ဆာမိ ဘဇာမိ-အနီးအပါးသို့ ကပ်ပါ၏၊ (ဆည်းကပ်ပါ၏၊) ဂစ္ဆာမိ
သေဝါမိ-အနီး၌ လှည့်လည်သောအားဖြင့် မှီဝဲပါ၏၊ ဂစ္ဆာမိ ပယိရုပါသာမိ-ပြုစု
လုပ်ကျွေးသောအားဖြင့် ဆည်းကပ် ပါ၏" နှင့်အညီ, ရတနာ သုံးပါးကို ကိုးကွယ်စရာဟု
ယုံကြည်သောအားဖြင့်
အနီးအပါး၌ ဆည်းကပ်လုပ်ကျွေးပါ၏-ဟု
ဆောက်တည်မှုကို"ဂစ္ဆာမိ" ဟု လည်းကောင်း, ထိုသို့ ဆောက်တည်သော
ကုသိုလ်စိတ်ကို "သရဏဂမန-သရဏဂုံ" ဟုလည်းကောင်း ခေါ်၏။
တစ်နည်း။
။ဂစ္ဆာမိကို "ဧဝံဇာနာမိ ဗုဇ္ဈာမိ ဤသို့ ဒုက္ခကို ပယ်ဖျောက်တတ်ကြောင်း
သိပါ၏ ဟူသည်နှင့် အညီ, ရတနာသုံးပါးသည် ဒုက္ခကို ပယ်ဖျောက်နိုင်ကြောင်း, ထိုသို့
သိသောကုသိုလ်စိတ်ကို "သရဏ ဂမန-သရဏဂုံ" ဟု လည်းကောင်း ခေါ်သည်၊ [ဤကား သီလက္ခန်
သာမညဖလသုတ် အဋ္ဌကထာနှင့်ဋီကာတို့ ကို မှီ၍ ပြအပ်သော ဆရာများသာ သိဖို့ရာ
အဓိပ္ပာယ်တည်း။
အမှာ။
။ဆရာများသည် ကလေးများအား သင်ကြားရာ၌ အလွတ် ပြောရမည့်စကားများကို စာအုပ် ကြည့်
မဖတ်ဘဲ ဆရာ့နှုတ်ဖြင့် အလွတ်ပြောပါ၊ ဥပမာ-"ဝတ္ထု ပြောရာ၌ ဝတ္ထုကို အလွတ်ပြောပါ"
ဟု ဆိုလိုသည် "သုခကာမာနိဘူတာနိ" စသော ပါဠိတော်၏
ဘာသာပြန်တရားများကိုကား စာကို ဖတ်၍
ပြောခြင်းက သာကျနပါလိမ့်မည်၊ထိုသို့ စာဖတ် ပြောပြီးနောက်တရားတော်ကို နားလည်-မလည်
စစ်မေးသင့်ပါသည်။
သူငယ်တန်းအတွက် ညွှန်ပြချက်ပြီး၏။