Friday, June 13, 2014

ဗုဒ္ဓဘာသာလက်စွဲ (၆) **သရဏဂုံ သုံးပါးနှင့်စပ်၍ ဆရာက ပြောပြရန်**



သရဏဂုံ သုံးပါးနှင့်စပ်၍ ဆရာက ပြောပြရန်

ဆရာ     ။ကလေးများ…ကလေးများသည် ဘုရားအကြောင်းကိုလဲ တော်တော် နားလည်ကြပြီ၊ တရားတော်အကြောင်းကိုလဲ နည်းနည်းပါးပါး နားလည်ကြပြီ၊ တရားတော်ကို သဘောကျ၍ ရဟန်းပြုပြီး ဧကဉ္ဇလိယမထေရ်လို ကောင်းစွာ ကျင့်နေကြတဲ့ သံဃာတော်ကိုလဲ နားလည်ကြပြီ၊ အဲဒီ ဘုရား တရား သံဃာတော်များကို ယုံကြည်ကြရဲ့ မဟုတ်လား။

တပည့်များ        ။ယုံကြည်ကြပါတယ်။

ဆရာ     ။ဒီလို ဘုရားနဲ့ သံဃာတော်အနားမှာ ဆည်းကပ်ပြီး (ကပ်ပြီး) ကလေးတို့ချမ်းသာဖို့

 နည်းလမ်းကောင်း တရားတွေကို တစ်ခါတစ်ခါ နားထောင် မနေချင်ကြဘူးလား။

တပည့်များ        ။နားထောင်နေချင်ပါတယ်။

ဆရာ     ။အဲဒီလို တရားကောင်းတွေကို နားလည်ပြီး ကောင်းကောင်းနေကြရင်(ဥပမာ-ရန် မဖြစ်ကြနဲ့လို့ တရားတော်က ဆုံးမတယ်၊ ဆုံးမတဲ့အတိုင်း ရန် မဖြစ်ဘဲ နေကြရင်) ချမ်းသာမလား, ဆင်းရဲမလား။

တပည့်များ        ။မဆင်းရဲပါဘူး, ချမ်းသာမှာပါပဲ။


ဆရာ     ။အဲဒီတော့ ဒီဘဝမှာရော နောက်ဘဝမှာရော ချမ်းသာရေးကို လမ်းညွှန်ပေးတဲ့ သံဃာတော်များကို အားမကိုးထိုက်ဘူးလား။

တပည့်များ        ။အားကိုးထိုက်ပါတယ်။

ဆရာ။    ။"ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ" ဆိုတာ ဘုရားကို အားကိုးပါတယ်, ဆည်းကပ်ပါတယ်-ဆိုတဲ့ ပါဠိပဲ၊ "ဓမ္မံ, သံဃံ သရဏံ ဂစ္ဆာမိ" တို့ကလဲ တရားတော်ကို, သံဃာတော်ကို အားကိုးပါတယ်, ဆည်းကပ်ပါတယ်-ဆိုတဲ့ ပါဠိပဲ၊ သေချာအောင် နှစ်ကြိမ်သုံးကြိမ်ထပ်ပြီး ဆိုဖို့ရာ "ဒုတိယမ္ပိ, တတိယမ္ပိ" လို့ ဆိုထားတယ်၊ ဘုရား တရား သံဃာအစစ်များကို  အားကိုးတဲ့စိတ်ဟာ ကလေးများကိုယ်ထဲ စွဲနေအောင် (မြေကြီးထဲ၌ မြဲနေအောင် အိမ်ကို စိုက်+ဆောက်+တည်ထားသကဲ့သို့) ကလေးများလဲ ဆောက်တည်ကြပါ၊ [ဤနေရာဝယ် "ဗုဒ္ဓံ+သရဏံ+ဂစ္ဆာမိ၊ ဓမ္မံ+သရဏံ+ဂစ္ဆာမိ၊ သံဃံ+သရဏံ+ဂစ္ဆာမိ၊ ဒုတိယမ္ပိ+ဗုဒ္ဓံ+သရဏံ+ဂစ္ဆာမိ၊" စသည်ဖြင့် တစ်ပုဒ်စီ ဖြတ်၍ သေသေ သပ်သပ် ရွတ်တတ်အောင် ဆရာက ရွတ်ပြ သင်ပေးပါ။]

အနက်နှင့်မြန်မာပြန်

ဗုဒ္ဓံ-မြတ်စွာဘုရားကို၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏၊ ဓမ္မံ-တရားတော်ကို၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏၊ သံဃံ-သံဃာတော်ကို၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏၊ ဒုတိယမ္ပိ-နှစ်ကြိမ်မြောက်လည်း၊ တတိယမ္ပိ-သုံးကြိမ်မြောက်လည်း၊ ဗုဒ္ဓံ စသည်ဆို။

မြန်မာလို-"ဘုရားကို ကိုးကွယ်ရာဟု ဆည်းကပ်ပါ၏၊ တရားကို ကိုးကွယ်ရာဟု ဆည်းကပ်ပါ၏၊ သံဃာကို ကိုးကွယ်ရာဟု ဆည်းကပ်ပါ၏၊ နှစ်ကြိမ်မြောက်လည်း ဘုရားကို ကိုးကွယ်ရာဟု ဆည်းကပ်ပါ၏၊ နှစ်ကြိမ်မြောက်လည်း တရားကို ကိုးကွယ်ရာဟု ဆည်းကပ်ပါ၏၊ နှစ်ကြိမ်မြောက်လည်း သံဃာကို ကိုးကွယ်ရာဟု ဆည်းကပ်ပါ၏၊ သုံးကြိမ်မြောက်လည်း…" စသည်ဆို။

ဆရာ။    ။"ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ" ပါဠိ၌ မြန်မာလို ဘာဆိုလိုသလဲ။

တပည့်များ။       ။"ဘုရားကို ကိုးကွယ်ရာဟု ဆည်းကပ်ပါ၏" လို့ ဆိုလိုပါတယ်။

[ဤနည်းအတိုင်း"တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ" တိုင်အောင်မေး၍ မြန်မာလို မဆိုတတ်လျှင် ဆိုတတ်အောင် သင်ပေးပါ။]

ဆရာ   ။တပည့်များ…(၁) ဗုဒ္ဓံ သရဏံ ဂစ္ဆမိ, (၂) ဓမ္မံ သရဏံ ဂစ္ဆာမိ, (၃) သံဃံ သရဏံ ဂစ္ဆာမိ, ဒီ သရဏံသုံးပါး (တချို့က "သရဏဂုံ သုံးပါး") လို့ ခေါ်တယ်၊ ဒီ သုံးပါးကို စိတ်ထဲမှာစွဲပြီး ရွတ်ဆိုလိုက်မှ ဗုဒ္ဓဘာသာဝင် (ယောကျာ်းဖြစ်လျှင်"ဥပသကာ" မိန်းမဖြစ်လျှင်"ဥပါသိကာမ") ဖြစ်တယ်၊ ["ဥပသကာ" ဆိုတာ "ရတနာ သုံးပါးကို ဆည်းကပ် ကိုးကွယ်သူ" လို့ ဆိုလိုပါတယ်၊] မြန်မာလို "(၁) ဘုရားကိုးကွယ်ပါ၏, (၂)တရား ကိုးကွယ်ပါ၏, (၃) သံဃာ ကိုးကွယ်ပါ၏" လို့ သုံးကြိမ်ဆိုရင်လဲ သရဏဂုံ ဆောက်တည်ခြင်းကိစ္စ ပြီးတာပဲ၊ ဒါ့ကြောင့် ဒီ သရဏဂုံ သုံးပါးကို ပီပီသသ ပါဠိလို ရွတ်ကြစမ်းပါ။

တပည့်များ        ။ပါဠိလို "တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ" တိုင်အောင် ရွတ်စေ။

ဆရာ     ။မြန်မာလို ရွတ်ပါဦး, သုံးကြိမ်ပြည့်အောင် ရွတ်ကွဲ့။

တပည့်များ            ။မြန်မာလို" သုံးကြိမ်မြောက် သံဃာကို ကိုးကွယ်ရာဟု ဆည်းကပ်ပါ၏ ထိအောင် ရွတ်စေ။

ဆရာ     ။ဒီသရဏံဂုံကို တစ်ခေါက်လောက် ဘုရားရှေ့မှာဖြစ်ဖြစ်, ဆရာ မိဘစသော ရိုသေလောက်သူ ရှေ့မှာဖြစ်ဖြစ် ရွတ်ဆိုပြီး ဆောက်တည်ထားရင် (ဘုရား တရား သံဃာကို ယုံကြည်တဲ့ စိတ် မပျက်သမျှ) တသက်လုံး မပျက်ပါဘူး၊ ဒါပေမယ့် "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ, ဓမ္မံသရဏံ ဂစ္ဆာမိ, သံဃံ သရဏံ ဂစ္ဆာမိ"လို့ သတိရတိုင်း ရွတ်နေရင် တစ္ဆေတို့ သူရဲတို့တောင် မကပ်နိုင်ဘူးလို့ ရှေးလူကြီးတွေက ပြောကြတယ်၊ ဝတ္ထုတစ်ခု ဆရာ ဖတ်ပြမယ်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ