ရေလှူရသောအကျိုး
ဆရာ။ ။ကလေးများကို ရေလှူဖို့ရန်သင်ပေးခဲ့တယ်
မဟုတ်လား၊ ရေလှူရတဲ့အကျိုးကို ဆရာဖတ်ပြဦးမယ်။
ပဒုမုတ္တိုရ်မြတ်စွာဘုရား
ပရိနိဗ္ဗာန်စံတော်မူပြီးသော အခါ ဗုဒ္ဓဘာသာဝင် လူအပေါင်းတို့သည် ဗောဓိပင်ကို
ရေစင်ရေကောင်းတို့ဖြင့် သွန်းလောင်းပူဇော်ကြလေသည်၊ ထိုအခါ အမျိုးသား တစ်ယောက်သည်
လှပသောရေအိုး၌ နံ့သာထုံထားသောရေတို့ကို ထည့်၍ ဗောဓိပင်ကို သွန်းလောင်း
ပူဇော်လေသည်၊ ထိုအမျိုးသားသည် ထိုဘဝမှ စုတေသော် တုသိတာနတ်ပြည်၌ ဖြစ်၍ ထိုဝမှ
နောက်၌ လူမင်းစည်းစိမ် နတ်မင်းစည်းစိမ်ကို အကြိမ်ကြိမ် ခံစားကာ ငါ့တို့ ဘုရား လက်ထက်တော်
အခါဝယ် လူ့ဘောင်မှ ထွက်၍ ရဟန်းပြုပြီးလျှင် "ဂန္ဓောဒကိယ မထေရ်" ဟူသော အမည်အားဖြင့် ထင်ရှားသော
ရဟန္တာတစ်ပါးဖြစ်လာလေသည်။ (ဗိဇနိဝဂ္ဂ,
ဂန္ဓောဒကိယတ္ထေရ အပဒါန်ပါဠိတော်။)
ရေလှူသော
အကျိုးဆယ်ပါး။
ဆရာ။ ။ဘုရားကို ဖြစ်စေ, ရဟန်းသံဃာတော်ကို
ဖြစ်စေ သန့်ရှင်းကြည်လင်သော ရေစင် ရေကောင်းကို သောက်ဖို့ ချိုးဖို့ လှူဒါန်းသူဟာ
ဖြစ်လေရာဘဝ၌ ဆယ်မျိုးသော အကျိုး ကိုလဲ ရနိုင်တယ်တဲ့ကွယ်၊
အကျိုးဆယ်ပါးကတော့-(၁)အသက်ရှည်ခြင်း, (၂)အဆင်းလှခြင်း, (၃)ချမ်းသာခြင်း, (၄)ခွန်အား(ဗလ)
ကောင်ခြင်း, (၅)ဥာဏ်ပညာထက်ခြင်း, (၆)သန့်ရှင်း စင်ကြယ်ခြင်း, (၇)နာမည်ကျော်စောခြင်း,
(၈)အခြွေရံပေါခြင်း, (၉)လျင်မြန်ခြင်း,
(၁ဝ)ရေမငတ်ခြင်း
အဲဒီဆယ်ပါးပဲ၊ ခရီးသွားတုန်း ရေငတ်လာသူကို ဖြစ်စေ, ရေငတ်နေသော ခွေးကလေး ငှက်ကလေးများကို ဖြစ်စေ စိတ်ကောင်းကောင်းနဲ့ ရေတိုက်ပေးရင်လဲ ဒီအကျိုး ဆယ်ပါးကို ရတာကွဲ့၊ ဒါ့ကြောင့် ရေငတ်တဲ့ သူများတွေ့ရင် ရေအလှူပေးကြပါကွယ်၊ [အောက်ပါ ဆောင်ပုဒ်ကို အရကျက်ပါစေ, ဆရာကတိုင်းပေး, တပည့်များက လိုက်ဆို၊]
သက်ရှည်-ဆင်းလှ,
ချမ်းသာရ, ဗလ-ဥာဏ်ပညာ။
စင်ကြယ်သန့်ရှင်း,
ကျော်စောခြင်း, ခပင်းခြွေရံကာ။
ရေမငတ်ငြား,
လျင်မြန်သွား, ဆယ်ပါးရေကျိုးလာ။
တပည့်များ။ ။ ထမင်းပေးတုန်းကတော့ အကျိုးငါးပါးထဲ,
ရေပေးတော့ ဆယ်ပါးတောင် အကျိုးရသလား ဆရာ။
ဆရာ။ ။အေး အေး, မေးသင့်ပေတယ်ကွဲ့၊ အရေအတွက်တော့
ရေအကျိုးက များတာပေါ့ကွဲ့၊ "အသက်ရှည်" ဆိုပေမယ့် ရေအကျိုး အသက်က
ငါးဆယ်ရှည်ရင် ထမင်းအကျိုး အသက်က တစ်ရာရှည်မှာပေါ့ကွဲ့၊ အဟုတ်
အကျိုးကြီးဖို့ဆိုတော့ထမင်းအကျိုးက သာပြီးကြီးမှာပါ၊ ငွေဒင်္ဂါး တစ်ဆယ်နဲ့
ရွှေဒင်္ဂါးငါးပြားဟာ အသုံးကျတော့ ရွှေဒင်္ဂါးငါးပြားကသာ သလိုပေါ့ကွဲ့။
ပန်းလှူရသောအကျိုး။
ဆရာ။ ။ကလေးများကို ပန်းလှူဖို့ရန်သင်ပေးခဲ့တယ်
မဟုတ်လား၊ ပန်းလှူရသော အကျိုးကို ဆရာဖတ်ပြဦးမယ်။
ပေသဝတီ
နတ်သမီးအကြောင်း။
ငါတို့
ဘုရားလက်ထက်တော်၌ တန်ခိုးကြီးအရာဝယ်အသာဆုံးဖြစ်တော်မူသော အရှင်မောဂ္ဂလ္လာန်မထေရ်သည် နတ်ပြည်သို့
ဒေသစာရီလှည့်လည်တော်မူရာ ရေ၌ပွင့်သောကြာပန်း အမျိုးမျိုးနှင့် ကုန်း၌ ပွင့်သော
ပန်းမျိုးစုံတို့ အလယ်ဝယ် ကြီးကျယ်ခမ်းနားသော ဗိမာန်ကို မြင်တော်မူရလေသည်၊ ထို
ဗိမာန် အတွင်း၌ နတ်သမီးများစွာ ခြံရံလျက် ပျော်စံနေသော နတ်သမီးများကို မြင်ရပြန်၍
ရှေးဘဝကုသိုလ်ကံကို မေးမြန်းတော်မူလေသည်။
ထိုအခါ
နတ်သမီးက သူ၏ရှေးဖြစ်ဟောင်းကို လျှောက်သည်မှာ-တပည့်တော်မသည် ရာဇဂြိုဟ်မြို့တော်၏
အရှေ့နာဠကရွာ၌နေသော "ပေသဝတီ" နာမည်ဖြင့် ထင်ရှားသော အမျိုးသမီး ဖြစ်ခဲ့ပါသည်၊
တစ်နေ့သ၌ ဥပတိဿ(အရှင်သာရိပုတြာ) အမည်ရသော ရဟန္တာ အရှင်မြတ်ကို
မြင်၍ကြည်လင်ရွှင်လန်းသော စိတ်ဖြင့်ပန်းများစွာကို လှူဒါန်းပူဇော်ခဲ့ပါသည်၊
ထိုကောင်းမှုကြောင့် ဤဗိမာန်ကိုရ၍ ချမ်းသာအေးမြစွာ ခံစားနေရပါသည်ဟု လျှောက်လေသည်။
(ပါရိတတ္တကတတိယဝဂ္ဂ,
ပေသဝတီ ဝိမာနဝတ္ထုပါဠိတော်။)
ဆရာ။ ။ပန်းလှူရတဲ့ အကျိုးကို ကလေးများသိကြပြီနော်၊
အဲဒီနတ်သမီးဟာ ယခုလဲ
နတ်ပြည်မှာ
ရှိဦးမှာပဲ၊ သူဟာစိတ်ကောင်းရှိရင်တော့ နတ်စည်းစိမ်လူ့စည်းစိမ်ကို
အကြိမ်ကြိမ်ခံစားပြီး ရဟန္တာမိန်းမဖြစ်မှာပဲ။
ယောက်ျားများလဲ
ပန်းများလှူရင် ဒီလိုပဲ ကောင်းတဲ့အကျိုးရမှာပဲ၊ ဝိပဿီမြတ်စွာဘုရား
ပရိနိဗ္ဗာန်စံတော်မူတဲ့အခါ အမျိုးသားတစ်ယောက် ပဒုမ္မာကြာပွင့် ကြီးကိုမီးသင်္ဂြိုဟ်တဲ့
ထင်းပုံကြီးပေါ်မှာ တင်ပြီးလှူခဲ့လို့ လူနတ်စည်းစိမ်ကို အကြိမ်ကြိမ်ခံစားပြီး
ငါတို့ဘုရား လက်ထက်မှာ "ပဒုမစ္ဆာဒနီယမထေရ်" ဟု ထင်ရှားသော
ရဟန္တာဖြစ်လာတယ်။
(ဥပါလိဝဂ္ဂ,
ပဒုမစ္ဆာဒနီယ အပဒါန်ပါဠိတော်။)
ကလေးများလဲ
စေတီတော် ဆင်းတုတော်များကို လှပတဲ့ပန်းကလေးများ လှူကြနော်၊ ဒါပေမယ့်
ပန်းတွေခြောက်ပြီး အမှိုက်ရှုပ်နေအောင်လဲ မလုပ်ကြနဲ့၊ ပန်းခြောက်အမှိုက်တွေတွေ့
ရင်လဲယူပြီး တော်ရာပစ်ကြနော်။
တပည့်မျာ။ ။ဟုတ်ကဲ့ဆရာ
ဆရာ။ ။ကလေးများကို မီးလှူဖို့ရာ
သင်ပေးခဲ့တယ်မဟုတ်လား၊ မီးလှူရတဲ့အကျိုးကို ဆရာဖတ်ပြဦးမယ်။
ပဒုမုတ္တိုရ်
မြတ်စွာဘုရားလက်ထက်တော်၌ အမျိုးသားတစ်ယောက်သည် ဗောဓိပင်ကိုဝိုင်း၍
ဆီမီး(ငါးပွင့်)ဖြင့် ပူဇော်ခဲ့လေသည်၊ ထိုအမျိုးသားသည် ထိုဘဝမှ စုတေသော်
ထိုဆီမီးလှူရသော ကောင်းမှုကြောင့် နတ်ပြည်လူ့ပြည်တို့၌ အဆက်ဆက် ဖြစ်ရ၍ ဖြစ်လေရာ
ဘဝဝယ် အကာ အကွယ်ရှိသော နေရာတို့ကို ထွင်းဖောက်လျက်ယူဇနာတစ်ရာလောက်ကို မြင်နိုင်သော
မျက်စိကို ရရှိလေသည်၊ ငါတို့ ဘုရားလက်ထက်တော်၌ကား "ပဉ္စဒီပကမထေရ်"
ဟူသောအမည်အားဖြင့် ထင်ရှားသော ရဟန္တာတစ်ပါးဖြစ်လေသည်။
(ဗီဇနီဝဂ္ဂ,
ပဉ္စဒီပကထေရ အပဒါန်ပါဠိတော်။
ဆရာ။ ။မီးပူဇော်ရသော အကျိုးကို
ကလေးများသိကြပြီးနော်၊ ဆီမီးဖြစ်စေ, ဖရောင်းတိုင်မီးဖြစ်စေ, ဓာတ်မီးဖြစ်စေ
စေတီတော်ရုပ်ပွားတော်များကို ပူဇော်ကြကွဲ့၊ ဖရောင်းတိုင် ပူဇော်တဲ့အခါတော့
စေတီပေါ်မှာ ပလ္လင်ပေါ်မှာ ဖရောင်းအစက်တွေ မကျရအောင် အောက်က ခွက်ခံပြီး ပူဇော်ကြကွဲ့၊
အိမ်ပေါ်မှာ ပူဇော်တဲ့အခါလဲ ဘုရားမီးက ကူးစက်ပြီး အိမ်ပါ လောင်သွားတတ်တယ်၊
သတိထားရမယ်၊ ပြီးတော့ "မီး" ဆိုတာ မှောင်တဲ့အခါမှာ လင်းအောင်ပူဇော်ရတာ
ဖြစ်တယ်၊ နေ့လယ် ကြောင်တောင်မှာ မီးပူဇော်တာတော့ စည်းစနစ်မကျးပေဘူး၊ မှောင်တဲ့အခါ
မှောင်တဲ့နေရာမှာသာ ပူဇော်ကြ။
ယော
အန္ဓကာရမှိ တိမိသိကာယံ, ပဒီပကာလမှိ ဒဒါတိ ဒီပံ-အကြင်သူသည် ညဥ့်မှောင် မိုက်ရာ
မီးထွန်းချိန်အခါ၌ မီးကို လှူ၏။
(ဣတ္ထိဒီပဝိမာန,
နဝမ, ပီဌ-ပဌမဝဂ္ဂ။)
တပည့်များ။ ။ဟုတ်ကဲ့ဆရာ။