ဆရာ။ ။ဆွမ်းတော် ရေတော် ပန်းတော် မီးတော်များကို
ကပ်လှူပူဇော်ရသော ကောင်းမှုကြောင့် အပါယ်လေးပါး မလားရဘဲ လူ နတ်စည်းစိမ်များကို
အကြိမ်ကြိမ်ခံစားရပုံ, နောက်ဆုံး၌ ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ရပုံကို ကြားသိရပြီနော်၊
ဒီလိုလူတွေဟာ အမှန်တော့ သူတို့ပြုတဲ့ ကောင်းမှုအပြင် နဂိုကလဲ စိတ်ကောင်းရှိတဲ့
သူတွေဖြစ်လို့သာ ဒါလောက် ကြီးကျယ်တဲ့အကျိုးကို ရနိုင်ကြတာဖြစ်တယ်၊ ကလေးများလဲ
စိတ်ကောင်း စိတ်ကောင်းထားကြနော်။
တပည့်များ။ ။ဟုတ်ကဲ့ဆရာ။
ဆရာ။ ။စိတ်ကောင်း ရှိပလားဆိုရင်
ပြုလိုက်သမျှကောင်းမှုတွေအတွက် (သူ့နောက်က အရိပ်ပါ နေသလို) အခွင့်သာတိုင်းအကျိုးပေးဖို့
ချမ်းသာသုခလဲ အမြဲပါနေတာပဲလို့ ဗုဒ္ဓမြတ်စွာ ဟောတော်မူတယ်၊ ဆရာဖတ်ပြဦးမယ်။
"ကြည်လင်သောစိတ်(ကောင်းသောစိတ်)ဖြင့်
ပြောဆိုပြုလုပ်(အားထုတ်ကြံစီ)သူ၏ နောက်သို့ သုခသည် အစဉ်လိုက်ပါနေ၏၊ ဥပမာ-လူရိပ်သည်
လူ့နောက်သို့ အစဉ်လိုက်နေသကဲ့သို့တည်း" ။
မနသာ
စေပသန္နေန, ဘာသတီ ဝါကရောတိ ဝါ၊
တတော
နံ သုခမနွေတိ, သာယာဝ အနုပါယိနိ" ။
(ဓမ္မပဒ,
ယမကဝဂ္ဂ, မဋ္ဌကုဏ္ဍလီဝတ္ထု။)
ဆရာ။ ။စိတ်ကောင်းလို့ အကျိုးခံစားရတဲ့ ဝတ္ထုတွေ
အများကြီးရှိတယ်၊ ဝတ္ထု တစ်မျိုး ဖတ်ပြမယ်၊ မှတ်မိအောင် နားထောင်ကြကွဲ့။
မဋ္ဌကုဏ္ဍလီအကြောင်း။
ငါတို့ဘုရား
လက်ထက်တော်အခါ သာဝတ္ထိမြို့၌အလွန်နှမြော ကပ်စေးနဲသော ပုဏ္ဏား သူဌေးကြီးမှာ
သားကလေးတစ်ယောက်ရှိလေသည်၊ ထိုပုဏ္ဏားသည် ပန်းထိမ်သည်အား လက်ခ ပေးရမည်
စိုးသောကြောင့် သူကိုယ်တိုင် ရွှေပြားခတ်၍ လိပ်ပြီးလျှင် သားကလေးအား နာဍောင်းလုပ်ပေးလေသည်၊[ထိုစင်းချော
နားဍောင်းရှိသူ ဖြစ်၍ထိုသားကို "မဋ္ဌကုဏ္ဍလီ" ဟု ခေါ်ကြလေသည်။]
ထို
မဋ္ဌကုဏ္ဍလီ ဆယ့်ခြောက်နှစ်လောက် ရှိသောအခါ အသားဝါ၍ အစာမကြေရောဂါဖြစ်၏၊
ကပ်စေးနဲသောအဖသည် ဆေးဆရာကို မပင့်၊ မိခင်က မနေနိုင်၍ "သားကို ဆေးကုပါဦး"
ဟု ပြောသည့် အခါ "မင်းက ငါ့ဥစ္စာတွေ ကုန်တာကို ကြည့်ချင်လို့လား" ဟု
ပြော၏၊ ထိုပုဏ္ဏားသည် ဆေးဆရာများထံ သွား၍ ဆေးနည်းကိုမေး၏၊ ဆေးဆရာတို့သည်
သူ၏ကပ်စေးနဲပုံကိုသိ၍ တော်အောင်လျော်အောင် ဆေးနည်းကို ပြောလိုက်ကြ၏။
ပုဏ္ဏားသည်
ထိုဆေးမီးတိုကလေးများဖြင့် ဆေးကုလေရာ ရောဂါတိုး၍ လာလေတော့၏၊ ထိုအခါကျမှ ဆေးဆရာ
တစ်ယောက်ကိုပင့်၍ ပြလေသည်၊ ဆေးဆရာ သည်လူနာကို အကဲခက်၍ ကုလို့မရကြောင်းကို သိသောကြောင့်
"ကျုပ်မှာ ကိစ္စရှိပါသေးသည်, သည့်ပြင် ဆရာကို ပင့်ပါ" ဟု ပြော၍
ထွက်သွားလေ၏၊ ပုဏ္ဏားသည် သူ၏ အိမ်တွင်းပစ္စည်းများကို လူမမာ မေးလာသူတွေ မြင်မှာစိုး၍
လူမမာကို အိမ်၏ အပြင်ဘက် ဆင်ဝင်သို့ ထုတ်ထားလေသည်။
ဗုဒ္ဓမြတ်စွာသည်
ထိုအကြောင်းကို သိတော်မူ၍ မဋ္ဌကုဏ္ဍလီကို သနားတော်မူသောကြောင့် ဆွမ်းခံကြွတော်မူရင်း
ထိုပုဏ္ဏား၏ အိမ်ပေါက်သို့ ရပ်တော်မူ၍ မဋ္ဌကုဏ္ဍလီ မြင်လောက်အောင် ရောင်ခြင်တော်ကို
လွှတ်တော်မူလေသည်၊ သတိုးသားငယ်သည် ထိုရောင်ခြည်တော်နှင့် ဘုရားကို ဖူးမြင်ရ၍
လက်အုပ်ချီနိုင်လောက်အောင် အားမရှိသောကြောင့် စိတ်ဖြင့်သာ ကြည်ညို ရှာလေ တော့သည်၊ ထိုသို့ ကြည်ညိုသော စိတ်အစဉ် မပျောက်ခင်ပင်
ဘုရားရှင်ကြွသွား၍ မျက်စိတဆုံး လောက် အရောက်မှာ သတို့သား စုတေ၍ တာဝတိံသာနတ်ပြည်၌
နတ်သားဖြစ်ရလေသည်။
ဆရာ။ ။ကလေးများ....အဲဒီ မဋ္ဌကုဏ္ဍလီကလေးဟာ လက်ကလဲ ဘာမှ
မလုပ်နိုင်, နှုတ်ကလဲ ဘာမှ မပြောနိုင်ဘဲ စိတ်ထဲက ကြည်ညိုနေရုံနဲ့
နတ်စည်းစိမ်ကြီးကို ရတယ်မဟုတ်လား။
တပည့်များ။ ။ဟုတ်ပါတယ် ဆရာ။
ဆရာ။ ။အေး အေး, ဒါ့ကြောင့် ဆွမ်းတော် ရေတော်
ပန်းတော် မီးတော်ကပ်လှူတဲ့အခါ မျက်စိမှိတ်ပြီး အသက်ရှိနေတုန်းက ဘုရားကို
ကပ်လှူနေရသလို ထင်လာအောင် ကြည်ကြည် လင်လင်နဲ့ ကပ်လှူကြနော်၊ အဲဒီ ကောင်းမှုဟာ အရိပ်ပါနေသလို
ကလေးများမှာ ပါနေလိမ့်မယ်။
တပည့်များ။ ။ဟုတ်ကဲ့ဆရာ။