ပါဏာတိပါတသိက္ခာပုဒ်
ဆရာ။ ။ “ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ”
လို့ဆောက်တည်ထားသူဟာ လူ့အသက်လဲ မသတ်ရဘူး, ကြက်ငှက်တို့ရဲ့ အသက်လဲ မသတ်ရဘူး၊ ကြက်ဥ
ဘဲဥ သန်းဥ တို့ကိုလဲ အထဲကအကောင် မပျက်သေးလျှင် မကြော်ရမပြုတ်ရ မတုတ်ရဘူး၊
အသေမသတ်ဘဲ ကြိုးပဲ့ကန်းသွားအောင် နာကျင်အောင်လဲ မညှဉ်းဆဲရဘူး၊ သတ်ဖြတ် ညှဉ်းဆဲတဲ့
သူဟာသေရင် ငရဲ ကျရတတ်တယ်၊ ငရဲက လွတ်ရင် ပြိတ္တာ ဖြစ်တတ်တယ်၊ ကလေးမျာမှာ
ကိုယ်ချင်းစာတရား အမြဲရှိရမယ်၊ ကလေးများကို သူများက သတ်ရင် ညှဉ်းဆဲရင် သဘောကျသလား,
မကျဘူးလား။
တပည့်များ။ ။ သဘောမကျဘူး ဆရာ။
ဆရာ။ ။ အေး, ကိုယ်ကို ရိုက်နှက် ညှဉ်းဆဲရင်နာသလို
ကလေးများက နိုင်တဲ့ သူကို ညှဉ်းဆဲရင် နာမှာဘဲ, မခံချင်မှာဘဲ၊ဒါကြောင့်
ကိုယ်ချင်းစာပြီး သူများကို မညှဉ်းဆဲ ရဘူးလို့ ဘုရားက ဟောတော်မူထားတယ်၊
ဆရာဖတ်ပြမယ်။
သတ္တဝါဟူသမျှတို့သည်
တုတ် (ဓားစသည်) မှ ကြောက်ကြကုန်၏၊ သတ္တဝါဟူသမျှတို့သည် သေရမည်မှ ကြောက်ကြကုန်၏၊
မိမိ(ကြောက်လန့်မှု) ကို ဥပမာပြု၍ (ကိုယ်ချင်းစာ၍ ) သူတစ်ပါးကို မညှဉ်းဆဲရ, မသတ်ရ”။
သဗ္ဗေ
တသန္တိ ဒဏ္ဍဿ, သဗ္ဗေ ဘာယန္တိ မစ္စုနော၊
အတ္တာနံ
ဥပမံ ကတြာ, န ဟေနယ် န ဃာတေယ။
(ဓမၼပဒ,
ဒ႑ဝဂၢ, ဆဗၺဂၢိယဘိကၡဳ ဝတၳဳ၊)
ငါးကိုညှဉ်းဆဲသောကလေးများအား
တရားဟောပုံ။
ဘုရားလက်ထက်တော်အခါ၌
များစွာသော လူငယ်တစ်စုတို့သည် သာဝတ္ထိမြိုနှင့် ဇေတဝန် ကျောင်းတိုက်၏
လမ်းခရီးအကြား၌ ငါးတို့ကို ညှဉ်းဆဲနှိပ်စက် နေကြလေသည်၊ ဗုဒ္ဓမြတ်စွာသည်
ဆွမ်းခံကြွတော်မူလာစဉ် တွေ့မြင်တော်မူ၍ ထိုလူငယ်မျာ၏ အနီးသို့ ကြွတော်မူပြီးလျှင်
“သင်တို့ကိုယ်တိုင်
ဆင်းရဲမှာကို ကြောက်ကြရဲ့မဟုတ်လား, ဆင်းရဲဒုက္ခကို ရွံမုန်းကြရဲ့ မဟုတ်လား”ဟု
မေးတော်မူလေသည်၊ ထိုအခါ၌ လူငယ်အားလုံးပင် “ဆင်းရဲမှာကို ကြောက် ကြပါသည်၊
ဆင်းရဲဒုက္ခကို ရွံမုန်းကြပါသည်” ဟု လျှောက်ကြလေသည်၊
ထိုအခါ
တရား ဟောတော်မူသည်မှာ-
“သင်တို့သည်
ဆင်းရဲမှာကို ကြောက်ကြရင်, ဆင်းရဲဒုက္ခကို ရွံမုန်းကြရင်, (လူများ၏) ရှေ့မှာ ဖြစ်စေ,
ကွယ်ရာမှာ ဖြစ်စေ ယုတ်မားသော အလုပ်ကို မပြုလုပ်ကြနှင့်”။
သစေ ဘာယထ ဒုက္ခဿ, သစေ ဝေါ
ဒုက္ခမပ္ပိယံ၊
မာကတ္ထ ပါပကံ ကမ္မံ, အာဝိဝါ ယဒိဝါ
ရဟော။
(ဥဒါန်း, သောဏတ္ထေရဝဂ္ဂ, ငါးညှဉ်းဆဲသော
သူငယ်များဝတ္ထု။)
ကဲ, ကဲဒီတရားတော်များနှင့်
ညီမျှအောင် သူ့အသက်ကို မသတ်ပါ,မညှဉ်းဆဲပါဘူးဆိုတဲ့
သိက္ခာပုဒ်ကို ဆောက်တည်ကြကွဲ့။ [ဆရာက “ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ”ဟု
ချပေးပါ၊ ကလေးများ သံပြိုင် ညီညီလိုက်၍ ဆိုစေ၊ မြန်မာလိုလဲ “သူ့အသက်ကို
သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏” ဟု ချပေး၊ ညီညီလိုက်၍ ဆိုစေ။]
အဒိန္နာဒါန
သိက္ခာပုဒ်။
ဆရာ။ ။ ဗုဒ္ဓမြတ်စွာက “ကိုယ်ချင်းစာ ရမယ်, ကိုယ်ဆင်းရဲမှာ ကြောက်ရင်
သူများကို ဆင်းရဲအောင် မလုပ်ကြနဲ့” လို့ ဆုံးမတော်မူထားတယ်၊ သည်တော့ အဒိန္နာဒါန
စသော သီလအတွက် စဉ်းစားကြစို့၊ ကိုယ်ဥစ္စာကို တစ်ခြားလူက ခိုးရင် လုယူရင်ခံချင်သလား,
မခံချင်ဘူးလား။
တပည့်များ။ ။ မခံချင်ဘူး ဆရာ
ဆရာ။ ။ မခံချင်ပေမယ့် နိုင်တဲ့သူက အတင်းယူရင်ဓားပြတိုက်ရင် စိတ်မှာ
ဆင်းရဲမလား မဆင်ရဲဘူးလား။
တပည့်များ။ ။ ဆင်းရဲမယ် ဆရာ။
ဆရာ။ ။ အဲ, ကိုယ်ဥစ္စာခိုးရင်, လုရင်, ဓားပြတိုက်ရင် မခံချင်ဘဲ
စိတ်ဆင်းရဲသလို
တစ်ခြားလူတွေလဲ သူတို့ဥစ္စာခိုးရင်
မခံချင်ရှာမှာဘဲ၊ ဆင်းရဲရှာမှာပဲလို့ ကိုယ်ချင်းစာပြီး တော့ သူများဥစ္စကို
တစ်သက်လုံးမခိုး ဘူး, မလုဘူး, ဓားပြ မတိုက်ဘူးလို့စိတ်မှာ ထားကြကွဲ့၊ နှုတ်ကလဲ
ရွတ်ပြီး ဆောက်တည်ကြပါဦး၊ [ဆရာကနှုတ်တိုက်ချပေး၊]
တပည့်များ။ ။ (သံပြိုင်ညီညီ) အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
ဆရာ။ ။ မြန်မာလိုကွဲ့ “သူဥစ္စာကို ခိုးယူ လုယက်ခြင်းမှ ရှောင်ကြဉ်ပါ၏”ဟု
ချပေး။
တပည့်များ။ ။ ညီညီ သံပြိုင်လိုက်ဆို။
ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်
ဆရာ။ ။ ကလေးများက ငယ်ကြသေးလို့ နားမလည်ပေမယ့် ကိုယ်မယားကို သူများခိုးပြီး
လွန်ကျုးရင် သိပ်နာတာပဲ၊ဒါ့ကြောင့် သူမယားကို ဘယ်တော့မှ မခိုးပါဘူးလို့ ဆောက်တည်ကြ၊
မိန်းကလေးများလဲ ကိုယ့်ယောကျာ်းက လွဲပြီး တစ်ခြားယောက်ျားနဲ့ မဖောက်ပြန်ပါဘူးလို့
စိတ်ကိုပိုင်းထားကြ၊ [ဆရာက “ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ” လို့
တိုင်ပေး၊ တပည့် များ လိုက်ဆို၊]
မြန်မာလို တိုင်ပေး။ ။ သူမယား သူသမီးပျိုကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်ပါ၏။
(မိမိယောက်ျားမှ
တစ်ပါးသောယောက်ျားတို့နှင့် ဖောက်ပြန်ခြင်းမှ ရှောင်ကြဉ်ပါ၏ ဟုမိန်းကလေးများ
ဆိုစေ။)
မုသာဝါဒသိက္ခာပုဒ်
ဆရာ။ ။ ကလေးများကို လိမ်ရင် ညာရင် ခံချင်မလား။
တပည့်များ။ ။ မခံချင်ဘူး ဆရာ။
ဆရာ။ ။ အေး အေး, ကိုယ်ချင်းစာပြီးတော့ သူများကို မလိမ်ကြနဲ့, မညာကြနဲ့ကွဲ၊
ဘယ်သူကမေးမေး မှန်တာပြောကြ၊ လိမ်ပြောရလောက်အောင် ကိုယ့်မှာလဲ အပြစ်မရှိကြစေနဲ့၊
နည်းနည်း ပါးပါး အပြစ်ကလေး ပြုမိတဲ့အခါ ဆရာတို့ မိဘတို့က ပြုမိသလားလို့ မေးရင်
“ပြုမိပါတယ်” လို့ မှန်မှန် ဝန်ခံကြ၊ ဆရာ မိဘတို့က “နောင်မလုပ်နဲ့” လို့
ပြောလိမ့်မယ်၊ လိမ်ပြောတာကို “မုသာဝါဒ” လို့ခေါ်တယ်၊ မြန်မာလိုတော့ “မုသားပြောတယ်”
လို့ ဆိုကြတယ်၊
ကဲ ကဲ, တစ်သက်လုံး
မုသားမပြောပါဘူးလို့ ဆောက်တည်ရအောင်၊ [ဆရာက “မုသာဝါဒါ ဝေရမဏိ သိက္ခာ ပဒံ
သမာဒိယာမိ”လို့ တိုင်ပေး၊ တပည့်များက သံပြိုင် ညီညီလိုက်ဆိုစေ။]
မြန်မာလိုကွဲ့။ ။ “လိမ်၍ ညာ၍ ပြောခြင်းမှ ရှောင်ကြဉ်ပါ၏”။
သုရာမေရယသိက္ခာပုဒ်
ဆရာ။ ။ သေရည် အရက်သောက်တော့ မူးတယ်ကွဲ့၊ အဲဒီလို မူးယစ်လာတဲ့အခါ
ကိုယ်လုပ်ရမယ့် အလုပ်ကို မေ့နေတယ်ကွဲ့၊
မမေ့ရင်လဲ ကောင်းကောင်းလုပ်ဖို့
မဖြစ်ဘူးကွဲ့၊ မယုံရင် လူနာကို ခွဲစိတ်ကုသရတဲ့ ဆရာဝန်များကို မေးကြည့်စမ်း အရက်
သောက်ပြီး လူနာကို ခွဲစိတ်ကုသရင် ဖြစ်ပါ့မလားလို့။
ကျေးရွာများမှာတော့ ပွဲရှိရင် ထန်းရည်မူးတယ်ကွဲ့၊
ထန်းရည်ကို ရဲဆေးလို့ခေါ်ကြတယ်၊ မူးပြီးရင် ကြောက်တတ်တဲ့ သူတောင် ရဲပြီး ရန်ဖြစ်ကြ
ရိုက်ကြ ခုတ်ကြတာပဲ။
မြို့ကြီးများမှာတော့ အရက်
သောက်ပြီး နဂိုက မကဝံ့တဲ့ လူကြီး လူကောင်းတွေ၊ အမျိုး သမီးတွေဟာ တစ်ယောက်ပြီး
တစ်ယောက်တွဲပြီး ရင်ချင်းကပ်ပြီး ကဝံ့ကြသတဲ့ကွဲ့။
ဒါလောက်တောင် အရှက်နည်းအောင် မိုက်ဖြစ်အောင်
အလုပ်ကိစ္စတို့၌ မေ့မေ့ လျော့လျော့ ပေါ့ပေါ့ဆဆ ဖြစ်အောင်ပြုတတ်တဲ့ ဒီအရည်ကို
လူကောင်းတစ်ယောက် ဖြစ်ချင်တဲ့လူဟာ သောက်စားလို့ တော်မလား, မတော်ဘူးလား ကွယ်ရို့။
တပည့်များ။ ။ မတော်ဘူး ဆရာ။
ဆရာ။ ။ အေး အေး, ဒီလို မူးယစ်စေတတ်သော ထန်းရည် (သေရည်) အရက်ဘိန်း ကဇော်
လှော်စာတို့ကို တစ်သက်လုံး ရှောင်ကြရအောင်ကွဲ့။
တိုင်ပေး။ ။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
[“သူရာ” ဟု မဆိုဘဲ “သုရာ” ဟု
ဆိုပါ။]
တပည့်များ။ ။ သံပြိုင် ညီညီလိုက်ဆို။
မြန်မာလို။ ။ “သေရည် အရက်ကို
သောက်စားခြင်းမှ ရှောင်ပါ၏” ဟု တိုင်ပေး။
တပည့်များ။ ။ သံပြိုင် ညီညီ လိုက်ဆို။
[ဤနေရာ၌ ဆရာများသည် ငါးပါးသီလပျက်၍
ငရဲ၌ကျရသော ဇာတ်ဝတ္ထုများကို ရေးသားထားသော ဘုရားတန်ဆောင် စသောအရပ်များသို့
(ဥပုသ်နေ့များ၌ တပည့်များကို ခေါ်၍ ပြသင့် ကြသည်။]