မျက်နှာအနေအထားနှင့် ဂတိမှန်းဆဖွယ်
စုနေခါနီး၌
မျက်နှာအနေအထား ကြည့်ပါ။ ကြည်ကြည်လင်လင် ရှိလျှင် အာရုံကောင်း
ထင်နေပြီဖြစ်၍ သုဂတိ သွားရလိမ့်မည်ဟု မှန်းဆနိုင်သည်။ မျက်နှာအနေ
ညိုးငယ်လျှင် သို့မဟုတ် ကြမ်းတမ်းသော အမူအရာ ဖြစ်နေလျှင် မကောင်းသော
အာရုံထင်နေပြီဖြစ်၍ ဧကန်မုချ ဒုဂ္ဂတိသို့ သွားရတော့မည်ဟု မှန်းဆနိုင်ပေသည်။ (တချို့ကား ရှေးက ခံစားခဲ့ရသော ကာမဂုဏ်ကြောင့် ပြုံးနေပေလိမ့်မည်။ ထိုအပြုံးကား ကောင်းသော ပြုံးခြင်း မဟုတ်ပါ။)
ယောင်ယမ်းပုံဖြင့် မှန်းဆဖွယ်
တချို့စုတေခါနီး၌
ညင်ညင်သာသာ မရှိဘဲ ပြောလား၊ ဆိုလား၊ ယောင်လား၊ ယမ်းလား လုပ်၏။ ရှေးတုန်းက
ရဟန္တာရှင်သောဏ၏ ခမည်းတော် ငယ်ရွယ်စဉ်က မုဆိုးကြီးဖြစ်၍ ကြီးမှ ရဟန်းပြု၏။
စုတေခါနီးသော် (မိနစ်အတော်ဝေးဝေးကပင်) ခွေးကြီးတွေက သူ့ကို ကိုက်တော့မည်ဟန် ထင်နေသဖြင့် “သားရဲ့၊ ခြောက်ပါဟဲ့ ခြောက်ပါဟဲ့”ဟု အော်သတဲ့။
ဂတိနိမိတ်ထင်ပုံတစ်မျိုး
တချို့စုတေခါနီး လားရာဂတိ၌ တွေ့ကြုံရမည့် အရာဝတ္ထုကို တိုက်ရိုက်ပင် မျက်စိဖြင့် တွေ့ရ၏။ “ရေ၀တီ”
မည်သော မိန်းမသည် ဘုရား ကျောင်း ဒါယကာ နန္ဒိယသူကြွယ်၏ ဇနီးတည်း။
နန္ဒိယသူကြွယ်က သဒ္ဓါတရား ရှိသလောက် ရေ၀တီမှာ သဒ္ဓါတရား ကင်းမဲ့၏။ ဗုဒ္ဓဘာသာဟူ၍
မဆိုထိုက်။ ရဟန်းတော်များကို ဆဲရေးတတ်၏။ နန္ဒိယသူကြွယ်က ရှေးဦးစွာ စုတေ၍
နတ်ပြည်၌ ဖြစ်ပြီးနောက် ရေ၀တီသေချိန်ရောက်သော် ငရဲမှ ငရဲထိန်း ၂-ဦး
လာရောက်၍ အတင်းဆွဲယူကာ နတ်ပြည်သို့ ခေါ်သွား၍ နန္ဒိယ၏ စည်းစိမ်ကို ပြပြီးမှ
ငရဲသို့ အတင်းဆွဲချသွားသတဲ့။
ဘုရားလက်ထက်တော်တုန်းက “ဓမ္မိက”
ဥပါသကာသည် ဥပါသကာပေါင်းများစွာကို ခေါင်းဆောင်၍ သူတော်ကောင်း
အဖြစ်နေထိုင်၏။ စုတေခါနီးသော် ရဟန်းတော်များ၏ တရားကို နာစဉ် နတ်ပြည်
၆-ထပ်မှ နတ်ရထား ၆-စင်းတို့ ကောင်ကင်၌ တည်လျက် “သူ့ရထားတင်မည်၊ ငါ့ရထားတင်မည်”ဟု
ပြောဆိုနေသံကို တရားနာနေရသော ဓမ္မိက ဥပါသကသည် မြင်လည်း မြင်ရ၊ ကြားလည်း
ကြားရ၏။ ထို့နောက် မကြာမီပင် စုတေ၍ တုသိတာ နတ်ရထား၌ နတ်သားအဖြစ်ဖြင့်
ပါသွားလေသည်။
မြေမျိုသူတို့ကား
အ၀ီစိက မီးအရှိန်သည် လူ့ပြည်တိုင်အောင် ဟပ်သဖြင့် မီးပူအတွေ့ကို မသေခင်က
တွေ့ရလေသည်။ ဤသို့လျှင် စုတေခါနီး ဂတိနိမိတ် ထင်လာပုံ အမျိုးမျိုးရှိ၏။
ယခုကာလ တချို့စုတေခါနီး၌ကား တီးသံ မူတ်သံနှင့် အမွှေးအကြိုင်များကို
အနီးအပါးမှ လူအများပင် ကြားရ မွှေးရ၏။ ဤဂတိနိမိတ်နှင့်တကွ ပြခဲ့သော ကံ ကမ္မ
နိမိတ်တို့သည် မျာသောအားဖြင့် အကျိုးပေးခွင့်ရသော ကံအစွမ်းကြောင့်
ထင်လာသည်ဟု မှတ်ပါ။
စုတေခါနီးပြုပြင်ပေးရပုံ
မကျန်းမာခြင်း
စသည်ကြောင့် ဖြည်းဖြည်းသက်သာ သေရသော အချို့လူတို့ စုတေခါနီး ကာလ၌
ဆရာသမားကောင်း၊ ဆွေကောင်း မျိုးကောင်းများက အာရုံကောင်း ထင်လာဖို့ရာ
ပြုပြင်ပေးကြရမည်။ လူမမာသည် ယခု ရောဂါမှ လွတ်နိုင်တော့မည် မထင်လျှင် လူမမာ၏
အနီးအပါး၌ သန့်ရှင်းနိုင်သမျှ သန့်ရှင်းအောင် ပြုပြင်ရမည်။ ဘုရားကို
ရည်စူး၍ ပန်းများကို ရေမွှေး ကောင်းကောင်း ဆွတ်ဖျန်းလျက်
လှူဒါန်းပူဇော်ထားရမည်။ ညဉ့်အခါဖြစ်လျှင် ဆီမီးတွေ ထိန်လင်းအောင်
ညှိထွန်းထားရမည်။
ဂိလာနကိုလည်း “ပန်းတွေ၊ ဆီမီးတွေ (အမေ့အတွက်၊ အဖေ့အတွက်) ပူဇော်ထားပါသည်။ ကြည်ညိုဝမ်းမြောက်ပါ”ဟု
ပြောရမည်။ အရွတ်အဖတ် ကောင်းကောင်းနှင့် ဓမ္မစကြာစသော တရားစာကို
ရွတ်ဖတ်ရမည်။ ထိုသို့ ပူဇော်ရွတ်ဖတ်မူကို စုတေခါနီး မိနစ်အနည်းငယ်
အချိန်ကျမှ မဟုတ်ဘဲ ရက်အတော်ကြာကပင် ကြိုတင်၍ ပြုရမည်။
ဂိလာနကလည်း
အားမငယ်ရ၊ ပြုစုသူ ဆွေမျိုးများလည်း ၀မ်းမနည်းရ။ ထိုကဲ့သို့
ပြုပြင်ခံနေရသူမှာ ထို ပန်း၊ ဆီမီး၊ အမွှေးနံ့၊ တရားသံကိုလည်းကောင်း၊
ဘုရားသံကို လည်းကောင်း အာရုံပြုကာ ရက်အတော်ကြာအောင် ကုသိုလ်တွေ
အထုံရနေပါလိမ့်မည်။
ထို့နောက်
စုတေချိန် နီးကပ်လာသောအခါ ပန်း၊ ဆီမီး၊ အမွှေး၊ တရားသံတို့ကလည်း ရှိတုန်း၊
မျက်စိ၊ နားတို့ကလည်း မြင်တုန်း၊ ကြားတုန်းဖြစ်လျှင် ထိုအာရုံ တစ်ခုခု
မပျောက်ခင်မှာပင် စုတေစိတ် ကျရောက်တတ်၏။ ထိုအခါ ထိုပန်း ဆီမီး စသည်တို့ကို
ပူဇော်သော ကုသိုလ်ကံက ဧကန် အကျိုးပေးတော့မည်။ သုဂတိဘ၀သို့ ဧကန်မုချ
ရောက်ရတော့မည်။
ဤသို့ အာရုံတိုက်ရိုက်ရှိတုန်း စုတေနိုင်အောင်
ဆိုင်ရာဆွေမျိုးများမှာ ပြုပြင်ဖို့ တာဝန်ရှိသည်ကို လူတိုင်း
သတိပြုသင့်သည်။ အရှင်သောဏ၏ ဖခင်ရဟန်းကြီးမှာ အရှင်သောဏတည်းဟူသော သားကောင်းက
ပြုပြင်ပေးမူကြောင့် ငရဲနိမိတ်များ ကွယ်ပျောက်၍ နတ်ပြည်နိမိတ်များ
ထင်လာရသည်။