Sunday, September 15, 2013
"(ကာလာမသုတ်) နိဂုံးချုပ်အမှာ"
"(ကာလာမသုတ်) နိဂုံးချုပ်အမှာ"
ဤကာလာမသုတ်တော်ဟာ လွတ်လပ်ပြီးစဖြစ်သော နိုင်ငံတော်အတွက် လွန်စွာ မှတ်သားထိုက်သော တရားတော်ဖြစ်ပေတယ်၊ "တစ်ခြားနိုင်ငံမှာ လုပ်နည်းကိုင်နည်းကို သဘောကျ၍ ဤနိုင်ငံမှာ ဘာမဆို လုပ်သင့်တယ်" လို့ အစွဲအမြဲ မယူရဘူးဆိုတဲ့ ခြောက်နံပါတ်ဟာ လွန်စွာ အရေးကြီးတာပဲ။
ပြီးတော့ နိုင်ငံရေးသမားဆိုတဲ့ လူမျိုးထဲမှာ လူကောင်းလူဆိုး နှစ်မျိုးရှိတယ်၊ နှစ်မျိုးလုံးကဘဲ နိုင်ငံကောင်းစား အောင် ရွက်ဆောင်နေတယ်လို့ ပြောကြတယ်၊ ဒီလိုပြောတိုင်း"ရသေ့ရဟန်း ပြောတာတောင် မယုံရဘူး"လို့
ကိုးနံပါတ် အမိန့်တော်ရှိတယ်၊
ဒါ့ကြောင့် နိုင်ငံရေးသမားတွေက ဘာပဲပြောပြော သူ့ရဲ့ရှေ့အကြောင်းတွေကိုပြန်၍ စဉ်းစားလိုက် ကြ၊ လွန်ခဲ့တဲ့ ရှေ့အကြောင်းမှာအကောင်း မတွေ့လျှင် နောက်အနာဂတ်မှာ သူဟာကောင်းတာ လုပ်လိမ့်မယ်လို့ မမြှော်လင့်ထိုက်ဘူး။
လူကောင်းချင်းတူလျင်ပဲ မျိုးရိုးဇာတိနှင့် ပညာရှိမရှိကို သတိပြုရမယ်၊ မျိုးရိုးကောင်း, ပညာကောင်းသော လူကောင်းကိုသာ ရွေးချယ်ကြနော်၊ တောသားတွေ"လူပါး မဝဘူး"ဆိုပြီး လူလယ်လူညာများ၏ လှည့်ပတ်စရာကလေး များ မဖြစ်ကြအောင် ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများမှ ကြိုးစား၍ ပညာသင်ကြကွဲ့၊
ငယ်ရွယ်စဉ်က ပညာတတ်ထားနှင့်မှ ကြီးတဲ့အခါ ဘယ်နေရာမဆို ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားပြီး အလုပ်လုပ်တတ်ကြမယ်၊
တိုင်းသူ ပြည်သားတွေ ပညာတတ်မှလဲ အစိုးရလုပ်မည့်သူကို ကောင်းကောင်း ရွေးချယ်တတ်ကြမယ်၊
အစိုးရကောင်းရမှလဲ တိုင်းပြည် ကောင်းစား၍ လူအများ ချမ်းသာမယ်ဆိုတာကို အကြောင်းနှင့်အကျိုး ဆက်သွယ်ကာ အရာရာ ကြည့်တတ် ကြပါစေနော်။
*******
(ကာလာမသုတ်တော်ကိုလည်း တင်ပြလိုက်ပါသည်။)
"မစွဲလမ်းရာ ဆယ်ဌာနကိုပြသော ကာလာမသုတ်တော်"
ကောသလတိုင်းတွင်အပါအဝင်ဖြစ်သော ကာလာမမင်းတို့၏အုပ်စိုးရာ ကေသမုတ္တနိဂုံးသည် တောအုပ်တစ်ခု ၏အဝင်ဝ၌ တည်ရှိသောကြောင့် ထိုတောလမ်း ခရီသွားတို့၏ တည်းခိုရာအရပ် ဖြစ်နေ၏၊
အယူဝါဒ အမျိုးမျိုး ရှိကြသော ဆရာကြီးတို့သည် ထိုအရပ်ရောက်လျှင် မိမိတို့အယူကို ဝါဒဖြန့်၍ အခြားအယူများကို ဖိနှိပ်ပြောဟောတတ် ကုန်၏၊ ထိုနိဂုံးသားတို့သည် အယူဝါဒနှင့်စပ်၍ ယောင်ဝါးဝါးဖြစ်ကြစဉ် ဗုဒ္ဓရှင်တော်မြတ်လည်း ထိုအရပ်သို့ ရောက်တော်မူလာ၏၊
ထို နိဂုံးသားတို့သည်"အယူဝါဒအမျိုးမျိုးကိုကြားနေရသဖြင့် ဟိုသူပြောတာဟုတ်နိုးနိုး, ဒီသူပြောတာ ဟုတ်နိုးနိုး တွေးတော်နေကြ၊ ပါကြောင်း"လျှောက်ကြလေရာ ဗုဒ္ဓရှင်တော်မြတ်က အမျိုးမျိုး ကြားနာနေရသော သင်တို့မှာ ယုံမှားတွေးတောစရာတွေ ပဲဟု မိန့်တော်မူပြီးလျှင် နားထောင်ကြ ကာလာမအမျိုးသားတို့…….
၁။ ။ကလေးဘဝမှစ၍ ကြားနာ မှတ်သားခဲ့ရခြင်းဖြင့်လည်း "ဟုတ်တယ် မှန်တယ်"ဟု အစွဲအမြဲ မယူကြနှင့်
၂။ ။ မိဘဘိုးဘွားစသည်တို့မှ ဆင်းသက်၍ (ပရပရ=အဆက်ဆက်) မှတ်ယူ လုပ်ကိုင်ရိုး ဖြစ်၍လည်း အမြဲအစွဲ မှတ်ယူမထားကြနှင့်။
၃။ ။"ဣတိကိရ=ဒီဟာက ဒီလိုတဲ့"ဟု အခြားတစ်ယောက်က ပြောလိုက်ရုံမျှဖြင့်လည်း အမြဲမှတ်ယူ မထားကြနှင့်။
၎။ ။"ဒီ အယူအဆသာ ငါတို့ သင်ထားသောကျမ်းစာနှင့်ညီတယ်"ဟု မိမိတို့ ကျမ်းစာနှင့် ညီနေရုံမျှဖြင့် လည်း အတည်တကျမှတ်ယူ မထားကြနှင့်။
၅။ ။မိမိဘာသာ ကြံစည်ထားသောအရာကိုလည်း "ဟုတ်လှပြီ မှန်လှပြီ"ဟု အမြဲအစွဲ ယူမထားကြနှင့်။
၆။ ။အခြားနေရာ (အခြားနိုင်ငံ)တို့၌ သူတစ်ပါးတို့လုပ်နည်း ကိုင်နည်းကို သဘောကျ၍လည်း ဤနေရာ ၌သင့်တော်လှပြီဟု အမြဲအစွဲ ယူမထားကြနှင့်။
၇။ ။တစ်စုံတစ်ရာ ပြုဖို့ရာအကြောင်း အထောက်ကို စဉ်းစားရာဝယ် အကြောင်းအထောက်ကောင်းးရ၍ သဘောကျသဖြင့်လည်း အမြဲအစွဲ ယူမထားကြနှင့်။
၈။ ။"သူပြောသော အယူဝါဒသည် ငါတို့ စဉ်းစားကျေနပ်ထားသော အယူနှင့်ညီမျှပေသည်"ဟု အယူဝါဒချင်း တူမျှရုံဖြင့်လည်း အမြဲအစွဲ မယူကြနှင့်။
၉။ ။"ဤရသေ့ ရဟန်းကား ယုံကြည်ထိုက်သော အထက်တန်းပုဂ္ဂိုလ်တည်း၊ ဒီလိုပုဂ္ဂိုလ်၏ စကားကို လေးလေးစားစား မှတ်သားထိုက်သည်"ဟုလည်း စွဲစွဲ မြဲမြဲ မှတ်ယူမထားကြနှင့်။
၁၀။ ။"ဤရသေ့ ရဟန်းကားငါ့တို့ ကိုးကွယ်ထားသောဆရာ ဖြစ်၏၊ ငါ့ဆရာစကားကို ငါမှတ်သားသင့် သည်"ဟုလည်း စွဲစွဲမြဲမြဲ မှတ်ယူမထားကြနှင့်။
ကာလာမအမျိုသားတို့……."ဤအကျင့်တွေသည် ကောင်းလည်းမကောင်း, အပြစ်လည်းမကင်း, ပညာရှိ ကဲ့ရဲ့စရာလည်း ဖြစ်၏၊ ထိုအကျင့်အကြံ အလုပ်အကိုင်ကို ပြုလိုက်လျှင် စီးပွားမဲ့ဖို့, ဒုက္ခရောက်ဖို့ဖြစ်၏"ဟု ကိုယ်တိုင် နားလည်လာသည့်အခါ ထိုအကျင့် ထိုအပြုအမူများကို စွန့်လိုက်ကြ၊
"စီးပွားတိုးတက်၍ သုခရဖို့ အကျင့်အကြံများ"ဟု ကိုယ်တိုင် နားလည်ထားသော အကျင့်အကြံအပြုအမူများကိုသာ လိုက်နာပြုကျင့်ကြ……..
ဤသို့ ဟောတော်မူပြီးလျှင် ဒုစရိုက် သုစရိုက်များကို ခွဲခြား၍ မေတ္တာ ကရုဏာစသော တရားများကို ဟောတော်မူလေသည်။
[အင်္ဂုတ္တိုရ်, တိကနိပါတ်, ဒုတိယပဏ္ဏာသ, ၂-မဟာဝဂ်, ပဉ္စမသုတ်။]
"ဆောင်ပုဒ်"
(၁) ကလေးဘဝ, စ၍မှလျှင်, ကြားရဖန်ဖန်၊ (၂)ပရံပရ, မိဘဘိုးဘွား, ဆက်ဆက်အားဖြင့်, မှတ်သားခဲ့ဘိ, ပြုရိုးရှိ၏၊ (၃) ဣတိကိရ, ကြားလူကပြော၊ (၄) ကျမ်းသဘောနှင့်, နှီးနှောညီပြန်၊ (၅) အကြံသက်သက်, ကြံစည်ချက် တည်း၊ (၆) တစ်နည်းမှန်းဆ, နည်းလမ်းရယူ၊ (၇) တစ်မူအကြောင်း, ကြံကောင်းကြံရ၊ (၈) ကိုယ့်ယူဆကို, အားရနှစ် သက်, ညီညွတ်ချက်ပါ၊ (၉) ရဟန်းမှာမူ, ပြောရာမှန်ကန်, ဖြစ်သင့်တန်၏၊ (၁၀) တစ်ဖန်သူဟာ, တို့ဆရာဟု, ဆယ်ဖြာ ကြောင်းစု, တစ်ခုခုကြောင့်, ယူမူတိမ်းစောင်း, မှားတက်ကောင်းသည်,…..အပေါင်းစဉ်းစားကြစေသောဝ်။
(ဗုဒ္ဓဘာသာလက်စွဲကျမ်း မှ)
Labels:
ဘာသာရေး
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ