ပုညကြိယ၀တ္ထု ၁၀-ပါး
မိမိစိတ်အစဉ်ကို သန့်ရှင်းဖြူစင်စေတတ်သော တရားကို ပါဠိလို “ပုည”၊ မြန်မာလို “ကောင်းမူ=ကောင်းသောအမူ” ဟုခေါ်၏။ ထိုပုညစုကို ဧကန်ပြုထိုက်သောကြောင့် ပါဠိလို “ကြိယ”၊ မြန်မာလို ပြုသင့်သောတရား” ဟုခေါ်၏။ [၀တ္ထု = ကောင်းကျိုးချမ်းသာ၏ တည်ရာ] ဤစကားစဉ်ဖြင့် ကောင်းကျိုးချမ်းသာ မင်္ဂလာ၏တည်ရာ ဖြစ်သောကြောင့် စင်စစ် ပြုထိုက်သော ကောင်းမူများကို “ပုညကြိယ၀တ္ထု”ဟုခေါ်သည်ဟု မှတ်ပါ။ ထိုပုညကြိယ ၀တ္ထုတို့သည် ၁၀-ပါးရှိ၏။
၂။ သီလ
၃။ ဘာဝနာ
၎။ အပစာယန
၅။ ဝေယျာဝစ္စ
၆။ ပတ္တိဒါန
၇။ ပတ္တာနုမောဒန
၈။ ဓမ္မဿဝန
၉။ ဓမ္မဒေသနာ
၁၀။ ဒိဋ္ဌိဇုကမ္မ…တည်း။
ဒါနအကြောင်း
စွန့်ကြဲပေးကမ်းလှူဒါန်းမူကို “ဒါန”ဟုခေါ်၏။ ဤဒါနသည် စေတနာဒါန၊ ၀တ္ထုဒါနဟု ၂-မျိုးရှိ၏။ ဆွမ်း၊ သင်္ကန်း၊ ကျောင်းစသော လှူဖွယ်ဝတ္ထုများသည် “၀တ္ထုဒါန” မည်၏။ ထိုဝတ္ထုများကို စွန့်ကြဲပေးကမ်း လှူဒါန်းနေသောအခါ ကိုယ်အတွင်း၌ စိတ်စေတနာတို့ကို ဖြစ်စေ၏။ ထိုစေတနာကို “စေတနာဒါန”ဟု
ခေါ်၏။ နောက် ဘ၀သံသရာဝယ် အကျိုးပေးရာ၌ ဆွမ်း၊ သင်္ကန်း၊ ကျောင်းစသော
ဝတ္ထုဒါနများကသာ အကျိုးပေးကြသည်။ လှူဖွယ် ၀တ္ထုက မွန်မြတ်လျှင် စေတနာလည်း
မွန်မွန်မြတ်မြတ် ဖြစ်တတ်သည်။
ဆက်ပါဦးမည်
- ဆွမ်းလှူရာ၌ ထိုဆွမ်းကို အာရုံပြု၍ လည်းကောင်း၊ ဆွမ်းဘုဉ်းပေးကြသော
သံဃာများကို အာရုံပြု၍လည်းကောင်း အတွင်းသန္တာန် စိတ်စေတနာများစွာ ဆက်၍
ဖြစ်နေ၏။ ထိုစိတ်စေတနာတွေသည် ဖြစ်ပြီးလျှင် ချုပ်ကြသော်လည်း တစ်ခါတည်း
မျိုးပြုတ်အောင် ချုပ်ပျောက်ကြသည် မဟုတ်။ နောင်အခါ အကျိုးပေးရန် မိမိတို့
သတ္တိကို မြှုပ်နှံ၍ ချုပ်သွားကြသည်။ (ကံ၏ သတ္တိများ ခန္ဓာအစဉ်၌
ကျန်ရစ်ပုံကို ကံအခန်း၌ ပြမည်။ ထိုဆွမ်းကျွေးမူ ကုသိုလ်ပြုရာ အချိန်သည်
၃နာရီကြာလျှင် ထိုအတွင်း၌ စေတနာပေါင်း မည်မျှများပြားမည်ကို မှန်းဆပါ။
လက်ဖျောက် တစ်ချက်တီးအချိန်တွင် စိတ်ပေါင်း ကုဋေတစ်သိန်းမက
ဖြစ်ပျက်နိုင်ပါသည်။)
ဆွမ်းစသော
လှူဖွယ်ဝတ္ထု၊ ရဟန်း သံဃာတော် စသော အလှူခံ ပုဂ္ဂိုလ်များသည် နောက်နောက်ဘ၀၌
လိုက်၍ အကျိုးမပေးနိုင်ကြသော်လည်း စေတနာထက်သန်ကား ကူညီနိုင်ကြသည်။ သာမန်
ရိုးရိုး ဆွမ်းလှူရသောအခါနှင့် အထူးတလည် ချက်ပြုတ်စီစဉ်လှူရသောအခါ
၂-မျိုးတွင် ရိုးရိုးဆွမ်းကို အာရုံပြုရသော စေတနာသည် လွန်စွာ
ထက်သန်ခြင်းမရှိ။ အထူးတလည်စီစဉ်ချက်ပြုတ်အပ်သော ဆွမ်းကို အာရုံပြုရသော
စေတနာကား လွန်စွာထက်သန်၏။ အလှူခံ ပုဂ္ဂိုလ်အတွက်လည်း တော်စွာလျော်စွာ
အလှူခံကို လှူရသောအခါ စေတနာသည် သိပ်မထက်သန်လှ။ အလွန်မွန်မြတ်သော
ပုဂ္ဂိုလ်ကို လှူရသောအခါ စေတနာသည် လွန်စွာထက်သန်၏။ ဤသို့လျှင်
လှူဖွယ်ဝတ္ထုနှင့် အလှူခံပုဂ္ဂိုလ်တို့ကလည်း စေတနာကို ထက်သန်အောင်
မွန်မြတ်အောင် ကူညီနိုင်ကြသည်ဟု မှတ်ပါ။
ပစ္စည်းနည်းနည်းကို
လှူဖို့ရန်နှင့် ပစ္စည်းများများကို (ကြီးကြီးကျယ်ကျယ်) လှူဖို့ရန်
အားထုတ်ရာ၌လည်း အားထုတ်မူ လုံ့လချင်း မတူကြချေ။ နည်းနည်းလှူဖို့ရန်
အားထုတ်ရာ၌ တစ်ခဏနှင့် ကိစ္စပြီး၏။ များများလှူဖို့ အားထုတ်ရာ၌ကား
အလှူဝတ္ထုများပြား ကြီးကျယ်သလောက် အချိန်ကြာ၏။ လှူဖို့ရန် ပစ္စည်းကို
ရှာဖွေစုဆောင်းခိုက်မှာလည်း (မလှူမီ ရှေးအဖို့၌ ဗုဗ္ဗစေတနာတွေ) အတော်များစွာ
ဖြစ်နေပြီ။ ထို့ကြောင့် နည်းနည်းအလှူနှင့် များများအလှူ ၂-မျိုး၌
ပုဗ္ဗစေတနာချင်း ယှဉ်ပြိုင်ကြည့်လျှင် များများအလှူက သာလွန်ကြောင်းသိသာပေ၏။
ပေးလှူနေတုန်းအခါမှာလည်း အများကြီး လှူနေရသူမှာ အာရုံက
ကြီးကျယ်ခမ်းနားသလောက် စေတနာလည်း ခမ်းနားကြီးကျယ်နိုင်သည်။ ထို့ကြောင့်
လှူနေတနုး မုဉ္စစေတနာ အခိုက်မှာလည်း အကြီးအကျယ် အများအပြား သားသားနားနား
အလှူ၌သာ စေတနာထက်သန်ပုံ သာလွန်ဖွယ်ရှိပေသည်။ လှူဒါန်းပြီးနောက်
ဝမ်းမြောက်ဝမ်းသာ အပရစေတနာ ဖြစ်ဖို့ရန်လည်း ကြီးကျယ်ခမ်းနားသော
မိမိအလှူကြီးကို ပြန်၍မှန်းလိုက်လျှင် အင်မတန် ၀မ်းမြောက်ကြပေသည်။
ထို့ကြောင့် အပရစေတနာ အခိုက်မှာလည်း ကြီးကျယ်သော အလှူကို အာရုံပြုရသော
စိတ်စေတနာကသာ၍ ထက်သန်တတ်လေသည်။ ဤကား အများဖြစ်ရိုးတည်း။
တချို့မှာကား
လှူရတာများလှ၍ အကြီးအကျယ် လှူဒါန်းရပါသော်လည်း သိပ်ကြီးဝမ်းမမြောက်လှ၊
စေတနာလည်း သိပ်ကြီး မထက်လှ။ အမှတ်တမဲ့ပင် လှူလိုက်ကြ၏။ ထိုသူတို့အတွက်မှာ
လှူဖွယ်ဝတ္ထုက များပြားစေကာမူ စေတနာထက်သန်ဖွံ့ဖြိုးမည်ဟု မဆိုနိုင်။
ဒုဋ္ဌဂါမဏိ အဘယမင်းသည် စုတေခါနီး၌ မဟာစေတီတော်ကြီးကို တည်ရသော ဒါနမူထက်
စစ်ရူံးစဉ်က တောထဲ၌ ဆွမ်းတစ်ထပ်စာလှူခဲ့ဖူးသော ကုသိုလ်ကို သာ၍
ဝမ်းမြောက်ရကား ထိုဆွမ်းကုသိုလ်ကြောင့်ပင် တုသိတာ နတ်ပြည်သို့ ရောက်ရလေသည်။
အချုပ်မှာ အလှူဝတ္ထုထက် စေတနာထက်သန်မူကသာ၍ အရေးကြီးကြောင်း သတိပြုကြပါကုန်။