Monday, August 19, 2013
သူဋ္ဌေးဖြစ်ကြောင်း နည်းလမ်းကောင်း (၁) (သမ္ပဒါတရား)
သမ္ပဒါတရား(ချမ်းသာကြောင်းတရား)
မေးလျှောက်ပုံ။ ။ အခါတစ်ပါး၌ ကောဠိယ၏သားဖြစ်သော ဒီဃဇာဏုအမည်ရှိသော အမျိုးသားတစ်ယောက်သည် ကောဠိယနိဂုံးဝယ် သီတင်းသုံးတော်မူသော ဘုရားရှင်အား လျှောက်ထားသည်မှာ- အရှင်ဘုရား…. ကာမစည်းစိမ်ကို ခံစားလျက် လူဝတ်ကြောင်ဖြစ်ကြသော တပည့်တော်တို့သည် သားသမီးတို့ဖြင့် ကျဉ်းမြောင်းကြပ်တည်းသော အိပ်ရာနေရာ၌ နေကြရပါကုန်၏။ (အိမ်က ကြီးကျယ်စေကာမူ စိုးရိမ်ကြောင့်ကြဖွယ် များသောကြောင့် ’’ကျဉ်းမြောင်း ကျပ်တည်းသည်’’ဟု ဆိုသည်) ကာသိတိုင်းမှထွက်သော စန္ဒကူး နံ့သာကိုလည်း သုံးစွဲကြပါကုန်၏။ ပန်းနံ့သာ အမွှေးအကြိုင် မျက်နှာချေ စသည်တို့ကိုလည်း သုံးစွဲကြပါကုန်၏။ ရွှေငွေကိုလည်း သာယာနှစ်သက် စုံမက်ကြပါကုန်၏။ ထိုကဲ့သို့ သာယာဖွယ်တို့ကို သာယာလျက် ကာမစည်းစိမ်ကို မစွန့်ရက်နိုင်သော တပည့်တော်တို့အား ဤဘ၀၌ စီးပွားချမ်းသာ ဖြစ်စေနိုင်၊ နောက်ဘ၀၌လည်း စီးပွားချမ်းသာ ဖြစ်စေနိုင်သော တရားကို ဟောတော်မူပါ။ (ဒီဃဇာဏု၏အမျိုးသည် ဗျဂ္ဃပဇ္ဇအမည် ရခဲ့ဖူး၏။ ထို့ကြောင့် ’’ဗျဂ္ဃပဇ္ဇ’’ဟု ခေါ်တော်မူလိမ့်မည်။)
ဤဘ၀ချမ်းသာကြောင်းတရား
ဗျဂ္ဃပဇ္ဇ… အမျိုးသားတစ်ယောက်အတွက် ဤဘ၀၌ စီးပွားချမ်းသာဖြစ်ဖို့ရာ အကြောင်းတရားတို့သည် ဥဋ္ဌာနသမ္ပဒါ အာရက္ခသမ္ပဒါ ကလျာဏမိတ္တတာ သမဇီဝိတာအားဖြင့် လေးပါးရှိကုန်၏။
(ဤလေးပါးကိုပင် သမ္ပဒါတရားလေးပါးဟု ရှေးက ခေါ်ခဲ့ကြသည်။)
ဥဋ္ဌာနသမ္ပဒါ။ ။ ဗျဂ္ဃပဇ္ဇ…ဤလူ့လောက၌ အမျိုးသားသည် အသက်မွေးဝမ်းကျောင်းတစ်မျိုးမျိုးဖြင့် အသက်မွေးရသည်။
ထိုသို့ အသက်မွေးရာ၌
(က) လယ်ယာ လုပ်ကိုင်မှုဖြင့် ဖြစ်စေ၊
(ခ) ကူးသန်းရောင်းဝယ်မှုဖြင့် ဖြစ်စေ၊
(ဂ) နွားကျောင်းမှုဖြင့် ဖြစ်စေ၊
(ဃ) လေးအတတ်ဖြင့် ဖြစ်စေ၊
(င) မင်းမှုထမ်းခြင်းဖြင့် ဖြစ်စေ၊
(စ) အခြားသော အတတ်တစ်စုံတစ်ခုဖြင့် ဖြစ်စေ အသက်မွေးရသည်။
(ဤစကားတော်ဖြင့် ’’အသက်မွေးဝမ်းကြောင်း အလုပ်မရှိဘဲ လူပေါ် လူကျော့ လူ့တေလေ လုပ်နေ၍ မရ’’ဟု ဟောတော်မူလိုသည်။)
မည်သည့်အလုပ်ဖြင့် အသက်မွေးသည်ဖြစ်စေ ထိုအလုပ်၌ ကျွမ်းကျင်မှု ရှိရသည်။ မပျင်းမရိ လုံ့လရှိရမည်။ ထိုအမှုကိစ္စနှင့် ဆိုင်ရာဝယ် အကြောင်းအားလျှော်စွာ စူစမ်းနှိုင်းချိန်တတ်သောဉာဏ်လည်း ရှိရမည်။ ကိုယ်တိုင်လုပ်ခွင့်ကြုံလျှင် ကိုယ်တိုင် လုပ်စွမ်းနိုင်ရမည်။ သူ့ကို စီမံခွင့်ကြုံလျှင် စီမံတတ်ရမည်။ ဤသို့ ဆိုင်ရာအလုပ်၌ ကျွမ်းကျင်မှုအခြေခံပညာ၊ မပျင်းမရိ ဇွဲရှိမှု ဝီရိယ၊ စူးစမ်းနှိုင်းချိန်တတ်သော ဉာဏ်၊ ဤသုံးတန်နှင့် ပြည့်စုံခြင်းကို ’’ဥဋ္ဌာနသမ္ပဒါ’’ဟု ခေါ်သည်။
(ဆောင်)။ ။ အလုပ်ဆိုင်ရာ ကျွမ်းကျင်စွာဘိ ပညာရှိ၍ ဝီရိယဇွဲ သတ္တိခဲနှင့် ကိုယ်လည်းလုပ်တတ် စီမံတတ်မှ ဥဋ္ဌာန မည်ရသမ္ပဒါ။
မဟာဂန္ဓာရုံဆရာတော်၏ ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း မှ ပြန်လည်ဖော်ပြပါသည်။
Labels:
စာပေရနံ့
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ