နောက်တစ်ခါ
မနောပဒေါသိက နတ်ဆိုတာလည်း ရှိသေးတယ်။ မနောပဒေါသိက ဆိုတာ စိတ်ဆိုးလို့ သေတာ၊ လူတွေ
ကျတော့ စိတ်ဆိုးရုံနဲ့သေတာရှားတယ်။ သေတဲ့သူက heart attack နဲ့ နှလုံးရောဂါရှိရင်တော့
စိတ်ဆိုးရင် သေတာ၊ ဒါ့ပြင် ရောဂါနဲ့ သေချင်သေမှာပေါ့၊ လူ့ရဲ့ ခန္ဓာကိုယ်က ကြမ်းတယ်၊
နတ်တွေကျတော့ စိတ်ဆိုးခံလို့ မရဘူး၊ စိတ်ဆိုးလို့ရှိလျှင် နတ်က သေမှာ၊ လူတွေလည်း စိတ်ဆိုးလို့သာ
သေမယ်ဆိုရင် စိတ်ဆိုးရဲမှာ မဟုတ်ဘူး။
အဲဒီနတ်တွေ ဘယ်လို စိတ်ဆိုးကြသလဲဆိုရင်
နတ်တွေ ဥယျာဉ်သွားကြတယ်၊ သွားတဲ့အခါ လမ်းမှာ ဆုံကြတယ်ပေါ့၊ တစ်ဦးနဲ့တစ်ဦး စည်းစိမ်ချမ်းသာချင်းက
မတူဘူး၊ အတိတ်ဘဝက ကံရှိရင် ရှိသလို တောက်တောက်ပြောင်ပြောင်၊ လူတွေမှာလည်း ရှိတာပေါ့၊
ဒီလူက ကားကောင်းကြီး စီးလာတယ်၊ ဟိုလူက ကားစုတ်စီးလာတယ်၊ ကားစုတ် စီးလာတဲ့သူက ကားကောင်း
စီးလားတဲ့သူကို မနာလိုတဲ့အကြည့်နဲ့ ကြည့်တယ်။
အဲဒါမျိုးလိုပဲ နတ်တွေမှာလည်း အခြံအရံနဲ့
ခမ်းခမ်းနားနားကြီး ထွက်လာတဲ့အခါ အခြံအရံနည်းနည်းနဲ့ မတောက်ပြောင်တဲ့နတ်က ကြည့်တာပေါ့၊
ကြည့်တဲ့အခါ မျက်စောင်းလေးထိုးပြီးတော့ ကြည့်တယ်၊ မျက်စောင်းလေးထိုးကြည့်ပြီး မေးငေါ့တယ်။
အဲလို မေးငေါ့တာကို ဟိုနတ်ကလည်း မြင်တယ်၊ ဒီကောင် ငါ့ကို မနာလို ဖြစ်နေတယ်။ သူကလည်း
ပြန်ပြီးတော့ ငါ့ကုသိုလ်ကံနဲ့ ငါဖြစ်တာ၊ မင်းနဲ့ ဘာဆိုင်လို့လဲ ဆိုပြီးတော့ ပြန်စိတ်ဆိုးတယ်၊
ဒီနတ်ကလည်း “ ဒီကောင် ကြွားတားတားနဲ့” ဆိုပြီး စိတ်ဆိုးတယ်၊ ၂-ယောက် စိတ်ဆိုးတဲ့အခါ ဟိုနတ်ကလည်း စိတ်ဆိုး၊ ဒီနတ်ကလည်း
စိတ်ဆိုးနဲ့၊ စိတ်ဆိုးတယ်ဆိုတာ သိသာတယ်၊ စိတ်ဆိုးတဲ့မျက်နှာ
မသိသာဘူးလား၊ သိသာပါတယ်၊ သိသာသည့်အတွက်ကြောင့် ဟိုကလည်း စိတ်ဆိုး၊ ဒီကလည်း စိတ်ဆိုး၊
ဒါပေမယ့် လူတွေလိုတော့ ထ,မထိုးကြပါဘူး၊ စိတ်ဆိုးတာပဲ ရှိတယ်။
အဲသလို ကိုယ့်ရဲ့ဒေါသကို မထိန်းနိုင်တဲ့အခါ
အဲဒီနတ်တွေ တစ်ဦးဒေါသ တစ်ဦးကူးပြီးတော့ “မင်းနဲ့ ဘာဆိုင်လို့ ကြည့်ရတာတုန်း”၊ ဟိုကလည်းပဲ “ငါ့ဟာငါကြည့်တာ မင်းနဲ့ ဘာဆိုင်တုန်း” ဆိုပြီးတော့ ဟော ဒေါသတွေ မထိန်းနိုင်ကြဘူး။ အဲဒီနတ် နှစ်ယောက်စလုံးဟာ
ဒေါသမီးအလောင်ခံရပြီး ပျောက်ကွယ်သွားကြတယ်၊ သေဆုံးသွားကြတယ်တဲ့၊ အဲဒီနတ်မျိုးကို မနောပဒေါသိက နတ်လို့ခေါ်တယ်၊ အဲလို သေတဲ့နတ်လည်းရှိတယ်၊
ဒါလည်း ဥပစ္ဆေဒကမရဏ လို့ ခေါ်ရမှာပဲ။
အေး တခြား ဥပစ္ဆေဒကတွေထဲမှာ လယ်တီဆရာတော်ဘုရားကြီး ကတော့
ရောဂါဖြစ်လို့ သေတာတွေလည်း ဥပစ္ဆေဒကမရဏထဲမှာ ထည့်ထားတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ ရောဂါက
ကံကြောင့်ချည်းဖြစ်တာ မဟုတ်ဘူး၊ လေကြောင့်ဖြစ်တဲ့ ရောဂါရှိတယ် - ဝါတသမုဋ္ဌာနနော်၊ သလိပ်ကြောင့်ဖြစ်တဲ့ ရောဂါရှိတယ်-
သေမှသမုဋ္ဌာန၊ သည်းခြေကြောင့်ဖြစ်တဲ့ရောဂါ-
ပိတ္တသမုဋ္ဌာန၊ နောက် ဥတုဝိပရိဏာမ - ဥတုပြောင်းလဲလို့ ရောဂါရတာတဲ့၊
ဝိသမပရိဟာရ - အနေအထိုင် မတက်လို့ ရောဂါရတာတဲ့၊
သြပက္ကမိက၊ သူ့လုံ့လ၊ ကိုယ့်လုံ့လကြောင့်
ရောဂါရတာ၊ သန္နိပါတ - လေ၊ သလိပ်၊ သည်းခြေ၊
သုံးခုဖြစ်စေ၊ နှစ်ခုဖြစ်စေ ပေါင်းပြီးတော့ ရောဂါရတာ။ နောက်ဆုံးကတော့ ကမ္မဝိပါကဇ - ကံရဲ့ အကျိုးအနေနဲ့ ဖြစ်ပေါ်လာတဲ့ရောဂါလို့
ရောဂါရှစ်မျိုးရှိတယ်။
လေကြောင့်ဖြစ်တဲ့ရောဂါ၊ သလိပ်ကြောင့်ဖြစ်တဲ့ရောဂါ၊
သည်းခြေကြောင့်ဖြစ်တဲ့ရောဂါ၊ သန္နိပါတရောဂါ၊ ဥတုဝိပရိဏာမ၊ ဝိသမပရိဟာရဇ၊ သြပက္ကမိက (စုန်းတွေ
နတ်တွေ ကိုယ့်ကိုပြုစားခံစားရတာ အပါအဝင်)၊ ကမ္မဝိပါကဇ ဆိုပြီးတော့ “သီဝကသုတ်” မှာ ရောဂါ ၈-မျိုး ပြထားတယ်၊ သံယုတ်ထဲမှာ
အဲဒီသုတ်ပါတယ်။
အဲဒီလို ရောဂါ ၈-မျိုး ကမ္မဝိပါကဇနဲ့
ကျန်တဲ့ ၇-မျိုးက လူတွေရဲ့ သန္တာနမှာ ဖြစ်ပေါ်လာလို့ ဒီလူဟာ ဒီရောဂါကြောင့် သေဆုံးရတယ်ဆိုလို့ရှိရင် ဒါလည်းပဲ ဥပေစ္ဆေတကမရဏပဲလို့ လယ်တီဆရာတော်ကြီးက ဒီလိုရေးတယ်နော်၊
သေလောက်အောင် ရောဂါတစ်ခုဖြစ်လာလို့ သက်တမ်းမစေ့ခင် ကံမကုန်ခင် သေသွားတယ်လို့ ဒီလိုဆိုတယ်၊
အဲဒီတော့ လူ့လောကမှာ ရှာကြည့်မယ်ဆိုရင် အများကြီးပေါ့။
သြပက္ကမိတ ဆိုတာ သူများက သတ်လို့သေတယ်၊
ကားက ကိုယ့်ကို ဝင်တိုက်သွားလို့ သေတယ်၊ နောက် ကိုယ့်ဟာကိုယ် အိမ်ပေါ်က လိမ့်ကျလို့သေတယ်၊
ကိုယ့်ဟာကို သတ်သေတယ်၊ အမျိုးစုံပေါ့။ မတော်တဆ သေနတ်မှန်လို့သေတယ်၊ ဘာဖြစ်လို့ သေတယ်၊
ညာဖြစ်လို့ သေတယ်။ အများကြီးပဲပေါ့၊ လူ့လောက လူဖြစ်လာတယ်ဆိုလို့ရှိရင် အဲဒီ သေခြင်းအကြောင်း
လေးမျိုးထဲက တစ်ခုခုနဲ့ လူတွေ သတ္တဝါတွေဟာ သေဆုံးကြတရတယ်တဲ့။
သေဆုံးပြီဆိုလိုက်တဲ့ အချိန်ပိုင်းလေးမှာ
ဘယ်လိုနည်းနဲ့ပဲသေသေ သေခါနီးအချိန်မှာ လူ့ရဲ့နှလုံးသားဟာ အားပျော့လာတယ်၊ အားပျော့လာတဲ့အတွက်ကြောင့်
“မရဏသန္နဇော” လို့ သေခါနီးမှာ ဇောစိတ်တွေ ဖြစ်လာတယ်၊ အဲဒီဇောစိတ်တွေဟာ
ဘာကို အာရုံယူပြီးတော့ဖြစ်တုန်းဆိုလို့ရှိရင် သေခါနီးဆဲဆဲမှာ လူဟာ မျက်စိက မြင်တာပဲဖြစ်စေ,
နားက ကြားတာပဲဖြစ်စေ သို့မဟုတ် စိတ်ထဲမှာ အိမ်မက်မ်ကသလို ပေါ်တာမျိုးပဲ ဖြစ်စေ မျက်စိကလည်း
မြင်လို့ရတယ်၊ ကံ ကမ္မနိမိတ် ဂတိနိမိတ်ကို အာရုံယူပြီးဖြစ်တယ်။
သေခါနီးမှာ ပဋိသန္ဓေကို အကျိုးပေးမယ့်
ကံတရားရဲ့ စွမ်းအား သို့မဟုတ် ထင်ဟပ်ပေါ်လွင်စေတက်တဲ့ ကံရဲ့စွမ်းအား၊ အဲဒီကံရဲ့စွမ်းအားကြောင့်
နောက်ဘဝမှာ ပဋိသန္ဓေအကျိုးပေးမယ့် ကံကိုသော်လည်းကောင်း, ထိုကံပြုနေတဲ့ အချိန်ကာလ အခြေအနေကိုသော်လည်းကောင်း,
သွားရမယ့် ဘဝရဲ့ အရိပ်အယောင်ကိုသော်လည်းကောင်း ဒီတစ်ခုခုကို မြငပြီေးတာ့ အဲဒီစိတ်က
အဲဒီအာရုံနဲ့ပဲ နစ်မြောနေတဲ့အချိန်မှာစုတိစိတ်ကလေး ကျသွားတယ်။
မသေခင်တကည်းက ကံ ကမ္မနိမတ် ဂတိနိမိတ်ဆိုတဲ့
အာရုံ တစ်ခုခုကို အာရုံပြုထားသည့်အတိုင်း ထိုအာရုံကို အဝိဇ္ဇာက ဖုံးကွယ်ပေးတယ်။ အပြစ်အနာဆာ
မမြင်ရအောင် ဖုံးကွယ်ပေးတယ်၊ တဏှာက တွယ်တာတယ်၊ အာရုံပေးမှာ စိတ်ကိုညွှတ်သွားစေတယ်၊ အဲသလို
ညွှတ်သွားပြီးတော့ ထိုတွေးတောနေတဲ့ စိတ်အစဉ်, ထိတ်လန့်ကြောက်လန့်နေတဲ့ စိတ်အစဉ်၊ အဲဒီ
စိတ်အစဉ်ပေးလာတယ်လို့ ဒီလိုပြောတာနော်။
အဲဒီစုတိစိတ်ကလေး ပေါ်လာလိုက်တာနဲ့
တစ်ပြိုက်နက် ဒီဘဝမှာ ရှိတဲ့ ကမ္မဇရုပ်အားလုံးသည် ချုပ်ငြိမ်းသွားတယ်၊ ကံကြောင့်ဖြစ်တာတွေမှန်သမျှ
အတိတ်ဘဝကလာခဲ့တဲ့ ပဋိသန္ဓေအကျိုးကို ပေးလိုက်တဲ့ကံ။ ထို ပဋိသန္ဓေအကျိုးကို ပေးလိုက်တဲ့
ကံကနေထုတ်လုပ်တဲ့ ကမ္မဇရုပ်တွေ၊ အဲဒါတွေဟာ တစ်ပြိုင်နက် ချုပ်ပြီးတော့ သွားကြတယ်တဲ့၊
ချုပ်သွားလို့ရှိရင် သေတယ်လို့ သတ်မှတ်ရတယ်။
အဲဒီတော့ သေတယ်လို့ သတ်မှတ်တာက
နှလုံးခုန်ရပ်သွားတာနဲ့တင် သေတယ်လို့ သတ်မှတ်လို့ မရဘူးနော်။ ပိဋကတ်စာပေအရ ပြောမယ်ဆိုရင်
သေတယ်ဆိုတာ အင်္ဂါ ၃-ချက် ညီမှသာ ပြောရမယ်တဲ့၊ ဘာတုန်းဆိုရင် -
“အာယု ဥသ္မာစ ဝိညာဏံ၊
ယဒါ
ကာယံ ဇဟန္တိမံ၊
အပဝိဒ္ဓေါ
တဒါသေတိ၊
နိရတ္တံဝ
ကဠိင်္ဂရံ”
တဲ့။ သံယုတ္တနိကာယ်
ဖေကာပိဏ္ဍူပ သုတ်မှာ ဆိုထားတာ။
အာယု - ခန္ဓာကိုယ်ရဲ့ ရုပ်ဓမ္မ နာမ်ဓမ္မတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့
ဇီဝိတဆိုတဲ့အသက်၊ အဲဒါလည်းပဲ ချုပ်ငြိမ်းသွားတာဖြစ်ရမယ်တဲ့၊ ဥသ္မာ - ကံကြောင့်ဖြစ်တဲ့ တေဇောဓာတ် အငွေ့ ခန္ဓာကိုယ်အငွေ့ ကံကြောင့်ဖြစ်တဲ့ဟာလည်းပဲ
ဆက်လက်မဖြစ်ပေါ်တော့ဘူး၊ အသစ်မလာတော့ဘူးပေါ့၊ အဟောင်းက တော့ ရှိကောင်းရှိနေဦးမယ်ပေါ့၊
ကမ္မဇရုပ်ကလည်း ချုပ်ငြိမ်းသွားတယ်တဲ့၊ တေဇောဓာတ်လည်း ချုပ်ငြိမ်းသွားတယ်၊ ဝိညာဏ - လို့ဆိုတဲ့ ဘဝင်စိတ်အစဉ်၊ စိတ်အားလုံးဟာလည်းပဲ
ချုပ်ငြိမ်းပြီး သွားတယ်၊ အဲဒီ “အာယု၊
ဥသ္မာ၊ ဝိညာဏ” လို့ဆိုတဲ့ ဒီ ၃-ခု ချုပ်သွားပြီ၊လုံးဝရပ်ဆိုင်းသွားပြီဆိုရင်
ဒါသေတယ်လို့ သတ်မှတ်ရတယ်၊ အဲဒါမဟုတ်ဘဲနဲ့ အသက်မရှူတော့တာနဲ့ သေတယ်လို့ ဆိုပြီး သွားဆုံးဖြတ်ရင်
ပြဿနာတွေ တက်မယ်၊ ခုခေတ်မှာလည်းပဲ ဒါမျိုးတွေ ရှိတက်တယ်နော်။
ဘုန်းကြီးတို့ ငယ်ငယ်က သတင်းစာတစ်စောင်မှာ
ဖတ်ဖူးတယ်။ ဗမာပြည်မှာလည်း ဒီလိုဝတ္ထုတွေ ရှိတာပဲ၊ အင်္ဂလားဒေ့ရှ်မှာ ဖြစ်ခဲ့တဲ့ ဝတ္ထုလေးတစ်ခု၊
သတင်းစာ အပိုင်းအစလေးထဲမှာ ဖတ်ရတာ၊ အဲဒီ ဘင်္ဂလားဒေ့ရှ်မှာ လူတစ်ယောက်ကို သေပြီလို့ ဆရာဝန်ကနေ
နားကြပ်နဲ့ထောက် ဆုံးဖြတ်လိုက်တာ၊ သူက တခြားဘာသာဝင်ဆိုတော့ နေ့ချင်းရက်ချင်း သူ့ကို
သွားမြှုပ်လိုက်ကြတယ်၊ မြှုပ်တဲ့အခါမှာ ခပ်ဖွဖွမြှုပ်တယ်၊ သူ့ကို မီးသင်္ဂြိုလ်လိုက်ရင်တော့
အစပါ ပျောက်သွားမှာပေါ့နော်၊ မြေကြီးထဲ မြှုပ်လိုက်တယ်၊ ၅-နာရီလောက်ကြာတဲ့အခါ ပြန်သတိလည်လာတယ်။
သတိလည်လာတဲ့အခါ လူငယ်လူရွယ်ဆိုတော့ အားကောင်းတယ်၊ မြေကြီးပုံထဲကနေ တွန်းပြီးတော့ ထွက်လာတယ်၊
အိမ်ပြန်လာတယ်၊ အိမ်ကလူတွေက ကြောက်လို့ လက်မခံရဲဘူး၊ သေလို့ မြှုပ်ထားပြီး အိမ်ပြန်ရောက်လာတယ်ဆိုတော့
တစ္ဆေလို့ အောက်မေ့မှာပေါ့နော်၊ အဲဒီအခါမှာ ဆုံးဖြတ်ချက်ပေးတဲ့ ဆရာဝန်ကို တရားစွဲတယ်ဆိုတဲ့
ဇာတ်လမ်းလေး တစ်ခုတွေ့တယ်။
ဒါထက် အဖြစ်အပျက် လွန်ခဲ့တဲ့ ၄-၅
နှစ်က ထင်ပါရဲ့၊ မန္တလေးမှာလည်း အဲသလို အဖြစ်အပျက်မျိုး တစ်ခုကြုံတယ်၊ တရုတ်အမျိုးသမီးလေးတစ်ယောက်၊
သေပြီဆိုပြီး ကြာနီကန် သုသာန်ပို့တယ်၊ သုသာန်ဝရောက်တဲ့အခါ သတိလည်လာတယ်၊ ဒီတော့ မင်္ဂလာမရှိဘူးဆိုပြီးတော့
အဲဒီကလေးမလေး အိမ်ပြန်မခေါ်တော့ဘူးတဲ့၊ အိမ်ပြန်မခေါ်ဘဲနဲ့ အဲဒီသုသာန်နားမှာပဲ တိုက်ကလေးဆောက်ပေးထားတယ်လို့
ပြောတယ်။
ဒါကြောင့်မို့လို့ ရှေးတုန်းက လူတစ်ဦးသေတယ်
ဆိုလို့ရှိရင် ၇-ရက်လောက် ထားလေ့ရှိကြတယ်၊ အခုတော့ အဲလို မထားကြဘူး၊ ဒီနေ့သေ မနက်ဖြန်
သင်္ဂြိုလ်။ လုပ်ပစ်လိုက်ကြတဲ့အခါ ကံမကောင်းအကြောင်းမလှတဲ့သူတချို့ ရေခဲတိုက်ထဲ ပို့လိုက်တယ်၊
ရေခဲတိုက်ထဲ ဝုန်းဒိုင်းလုပ်နေတော့ သရဲခြောက်တယ်ဆိုပြီး အရိုက်သတ်ခံနေရဦးမယ်။
တစ်ခါတုန်းက ပြောသံကြားဖူးတယ်၊
တောရွာတစ်ရွာမှာ အသက်ကြီးကြီး လူကြီးတစ်ယောက် သေပြီဆိုပြီး သွားမြှုပ်ကြတယ်၊ မြှုပ်မလို့
တွင်းထဲထည့်ပြီး မြေကြီး တစ်ဂေါ်နှစ်ဂေါ်ထည့်လိုက်ခါရှိသေး၊ သူက ပြန်သတိလည်းလာပြီး ရေတောင်းတယ်၊
အဲဒီလို အသက်ရှင်တာကို ကယ်ရမယ့်အစား မကယ်ဘဲနဲ့ ကြောက်ကြောက်နဲ့ ခေါင်းကို တူနဲ့ထုပြီး
ပြန်ပြီး မြှုပ်လိုက်သတဲ့၊ အဲသလို ဇာတ်လမ်းတွေလည်း ကြားဖူးတာပဲ၊ ဒီတော့ ဘဝဆိုတာ ကံတရားအတိုင်းပဲလို့
မြန်မာတွေ တွေးတဲ့အတိုင်းတွေးရင် စိတ်သက်သာတာပေါ့နော်။
အဲဒါကြောင့်မို့လို့ သေဆုံးခြင်းဆိုတာ
အာယု၊ ဥသ္မာ၊ ဝိညာဏ်ရယ်၊ အဲဒီ ၃-ခု ချုပ်ငြိမ်းသွားပြီဆိုမှ ဖြစ်တာ။ အဲဒီ ခန္ဓာကိုယ်ကြီးက
အပူဓာတ် temperature တွေလည်းပဲ လုံးဝချုပ်ငြိမ်းသွားတယ်၊ ဇီဝိတဆိုတဲ့ အသက်လည်း ချုပ်ငြိမ်းသွားတယ်၊
ဝိညာဏ်ဆိုတဲ့ စိတ်လည်း ချုပ်ငြိမ်းသွားပြီ ဆိုလို့ရှိရင်တော့ ဒါ လုံးဝသေချာတယ်လို့
ဒီလိုမှတ်ချက်ချရတယ်။ ဆေးပညာအရတော့ တစ်မျိုး ယူကောင်းယူမယ်ပေါ့၊ ဗုဒ္ဓဘာသာရဲ့ ကျမ်းစာအရကတော့
အဲဒီအတိုင်းပဲ၊ ဒီအကြောင်း ၃-မျိုး ချုပ်ငြိမ်းပြီဆိုရင် သေပြီလို့ သတ်မှတ်တယ်တဲ့၊
ကဲ - သေခြင်းအကြောင်း သေပုံသေနည်း ၄-မျိုးတဲ့။
ဒီလို သေတဲ့အခါမှာ အာရုံနိမိတ်တွေက
အင်မတန်မှ အရေးကြီးတယ်၊ ပြောင်းလဲပေးလို့ရတဲ့ အာရုံနိမိတ်တွေရှိတယ်၊ သေခါနီးမှာ မိမိရဲ့
ကံအားလျော်စွာ ကောင်းတာတွေလည်း ထင်၊ မကောင်းတာတွေလည်း ထင်၊ အဲဒီတော့ ဗုဒ္ဓဘာသာဝင်တွေ
အနေနဲ့ကတော့ နောက်ဆုံးအချိန် ရောက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို အနီးအနားမှာ ဟိုပြောဒီပြော
မပြောဘဲနဲ့ အားပေးစားလေးပဲပြောပြီး စိတ်ချမ်းသာအောင် ထားဖို့၊ ငြိမ်ငြိမ်သက်သက်နဲ့ အားပေးစကားပြောပြီး သူနှစ်သက်တဲ့
တရားလေး ဖွင့်ပြ၍ဖြစ်စေ အဲသလို အေးအေးချမ်းချမ်း သေခွင့်ရအောင် ထားဖို့ ကောင်းတယ်ပေါ့။
အဲဒီအချိန်ကျမှာ ဘဏ်စာအုပ်က ဘယ်ထားခဲ့တုန်းတွေ
ဘာတွေ မမေးသင့်ဘူးနော်၊ လက်စွပ်က ဘယ်သူ့ပေးထားခဲ့တုန်း၊ ဘယ်အပ်ထားတုန်း၊ ဘယ်အပေါင်ဆိုင်တွေ
ထားတာတုန်းတွေ ဘာတွေ မမေးသင့်ဘူးပေါ့၊ မေးလျှင် အဲဒီလူဟာ လမ်းဖြောင့်မှာ မဟုတ်ဘူး၊
ဒုက္ခရောက်တက်တယ်တဲ့။
တချို့ကလည်း မသေခင်ကငိုတာ ရှိသေးတယ်၊
ငိုရင် ပိုပြီးတော့ ဆိုးတယ်၊ သူ့မှာ ဒေါမနဿတွေဖြစ်ပြီးတော့ သေဆုံးသွားတက်တယ်၊ အဲဒီတော့
သေခါနီးမှာ သိပ်အရေးကြီးတယ်။
ဘုန်းကြီးတို့ စစ်ကိုင်းမှာ ဆရာတော်ကြီးတစ်ပါး
ဒီအတိုင်းပဲ၊ သေခါနီးအချိန် ဆလိုင်းသွင်းပေးတာပေါ့လေ၊ ရမလားလို့ ပြုစုတဲ့ ပုဂ္ဂိုလ်တွေက
လုပ်တယ်၊ သူက မသွင်းဖို့ ပြောတယ်၊ ငြင်းတယ်၊ အတင်းသွင်းပေးတဲ့အခါကျတော့ သူဘာမှ မပြောတော့ဘူး၊
ဘာမှမပြောပေမယ့်လို့ မကျေနပ်တဲ့အခါကျတော့ အရိပ်အယောင်တွေပြတယ်၊ အဲဒီ မကျေနပ်တဲ့ အရိပ်အယောင်တွေနဲ့ပဲ
ပျံလွန်တော်မူသွားတဲ့အခါ ပြုစုတဲ့ပုဂ္ဂိုလ်တွေပေါ်မှာ စိတ်ကွက်မိလို့တဲ့ တစ္ဆေဖြစ်နေတယ်၊
ဒါ ဒီပြင် လူတစ်ယောက်က ပြေတာ၊ ကောင်းမှုလုပ်ပြီး သူ့အတွက် အမျှအတမ်းပေးဝေပေးပါ၊ အမျှအတမ်းပေးလိုက်တဲ့
အခါကျတော့ သူ အထက် နတ်ပြည်ကို သွားတော့မယ်တဲ့ အကြောင်းပြောတယ်၊ ဟုတ်တယ် မဟုတ်တယ်တော့
မသိဘူး၊ ရန်ကုန်က လူတွေကတော့ လူသေရင် လေချွန်နတ်သွားမေးလေ့ရှိကြသတဲ့။
လောကမှာ ဘဝဆိုတာ ရှိတာသေချာတယ်။
အဲဒီတော့ သေခါနီး အာရုံနိမိတ်ဟာ အလွန်တရာမှ အရေးကြီးတယ်တဲ့၊ ဒါကြောင့်မို့ ငြိမ်းငြိမ်းချမ်းချမ်းလေး
သေနိုင်အောင် နံပါတ်တစ် ကိုယ့်ကိုယ်ကိုယ် ကြိုးစားဖို့ လိုတယ်ပေါ့။ ကိုယ့်နောက်ဆုံးအချိန်ရောက်လာပြီဆိုရင်
စိုးရမ်စိတ်တွေ ကိုယ့်မှာ မရှိဖို့၊ အားကိုးတရား
နှလုံးသွင်းဖို့တွေရှိဖို့၊ ကုသိုလ်ကောင်းမှုတွေကို စဉ်းစားဖို့၊ ဒါလေးတွေက စောစောကြိုတင်ပြီးတော့
လေ့ကျင့်ထားသင့်တယ်ပေါ့၊ မလေ့ကျင့်လို့ရှိရင် ထိုအချိန်ကျမှ ခြေမကိုင်မိ လက်မကိုင်မိ
ဖြစ်ပြီး ဘဝခရီးဟာ မဖြောင့်တန်းဘဲ ရှိတက်ပါတယ်တဲ့။
ဒါကြောင့်မို့ ဘဝခရီးလမ်းဖြောင့်တန်းဖို့ရာအတွက်
နေ့စဉ်နဲ့အမျှ မိမိရဲ့စိတ်ကလေး ကုသိုလ်ကောင်းမှုဘက်ညွှတ်ပြီး နေတက်အောင်၊ သေတက်တဲ့ အသေမျိုးလည်း
သေတက်မှာပါ၊ ဒါမို့လို့ တရားလေးနှလုံးသွင်းပြီးတော့ နေတက်အောင် ဟိုတွေးဒီတွေး မတွေးဘဲနဲ့၊
ဟိုအတွက်စိုးရိမ် ဒီအတွက်စိုးရိမ်, ဟိုဟာတွယ်တာ ဒီဟာတွယ်တာ မရှိဘဲနဲ့ မိမိရဲ့တရားလေးကိုသာ
ဆင်ခြင်စဉ်းစားပြီးတော့ ကိုယ့်ကိုယ်ကျင့်တရား ကိုယ်စီလက်ကိုင်ထားပြီး ဆင်ခြင်စဉ်းစားပြီးတော့
ကိုယ်ကျင့်တရား ကိုယ်စီလက်ကိုင်ထားပြီး ဘဝတစ်ခု ငြိမ်းငြိမ်းချမ်းချမ်း နဲ့ နိဂုံးချုပ်နိုင်ရမယ်၊
ထိုသို့ နိဂုံးချုပ်နိုင်မှသာလျှင် နောက်ဆုံးမှာ အငြိမ်းဓာတ်ဖြစ်တဲ့ နိဗ္ဗာန်ကို မရမချင်း
အိုလိုက် နာလိုက် သေလိုက် ဆိုတဲ့ ဆင်းရဲဒုက္ခ ကြုံနေရမှာဖြစ်တယ်၊ နိဗ္ဗာန်ချမ်းသာသည်သာလျှင်
အိုခြင်းကင်းရာ နာခြင်းကင်းရာ သေခြင်းကင်းရာ ဖြစ်တယ်လို့ ယုံကြည်ပြီးလျှင် နိဗ္ဗာန်ချမ်းသာကို
ရရာရကြောင်း သူတောင်ကောင်းတရားကို ကြိုးစားအားထုတ်နိုင်ကြပါစေကုန်တတည်း။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) မှ ပူဇော်ပါသည်။
*** အခန်း(၉) ဘဝသစ်၌ ပြန်လည်မွေးဖွားဖြင်းကို ဆက်လက်ပူဇော်ပါမည်။