အခါတစ်ပါး လယ်တီတိုက် ဒေါ်ငြိမ်းအေးကျောင်းမှာ သီတင်းသုံးနေတဲ့
ကိုယ်တော်လေးတစ်ပါး ဝမ်းလျှောတဲ့ ရောဂါ ဖြစ်တော့ သီတင်းသုံးဖော်များက အနားမကပ်ရဲ
မပြုစုရဲကြပဲ ရှိနေကြပါသတဲ့။
ဒီသတင်းကို လယ်တီဆရာတော်ကြီး ကြားသိတော်မူတော့ ချက်ချက်ပဲ
ဝမ်းလျှော့တဲ့ ကိုယ်တော်ထံ သွားရောက်ပြီး ကိုယ်တော်တိုင် ကြပ်မတ်ပြုစု စောင့်ရှောက်တော်မူပါတယ်။
ဝမ်းရောဂါဖြစ်နေတာဆိုတော့ သင်္ကန်းတွေ စောင်တွေမှာ
မစင်တွေက ကြည့်ရှုလို့ မကောင်းလောက်အောင် လူးနေ ပေနေတော့တာပေါ့။
အဲဒီသင်္ကန်းတွေ စောင်တွေကို လယ်တီဆရာတော်ဘုရားကြီးကိုယ်တော်တိုင်
ရေချိုးအိမ်သို့ ယူသွားတော်မူတော့ ဝမ်းလျှောရောဂါကြောင့် ဖြစ်တဲ့ မစင်နံ့တွေက အလွန့်အလွန်
နံစော်နေလို့ သည်းမခံနိုင်ဖြစ်တော်မူလို့ ရွံပြီးရင်ထဲမှာ ပျို့အန်ချင်တာမျိုး ဖြစ်တော်မူလာတယ်
ထင်ပါတယ်။
ဒီတော့ ဆရာတော်ကြီးက စိတ်ကိုအားတင်းကာ “ ဟယ်..စိတ်၊
ငါ့အားလှည့်စားသလော”ဆိုပြီး ကိုယ့်စိတ်ကို ဒီလို ဟိန်းဟောက်ခြိမ်းခြောက်လိုက်ပါသတဲ့။
ဒီလိုဟိန်းဟောက် ခြိမ်းခြောက်တော်မူလိုက်ပြီး သင်္ကန်းနဲ့ စောင်တွေမှာ လူးနေတဲ့ မစင်တွေကိုလည်း
ဆရာတော်ရဲ့ ကိုယ်ပေါ်မှာ ပွတ်တိုက်လိုက်ပါတယ်။
အဲဒီနောက်မှာမှ သင်္ကန်းနဲ့စောင်ကို ဆက်လက်လျှော်ဖွပ်တော်မူပါသတဲ့။
တကယ်တော့ ဆရာတော်ကြီးက သက်တော်ကြီးတော်မူတဲ့ ဘုန်းတော်ကြီး ဘဝရောက်မှ ဒီလို သူနာပြုကိစ္စ တွေကို
ပြုလုပ်ဆောင်ရွက်တော်မူခဲ့တာ မဟုတ်ပါဘူး၊ စာသင်သားဘဝ စာချဘုန်းကြီးဘဝ မန္တလေးစံကျောင်းတိုက်မှာ
နေတော်မူစဉ်ကပင် ဒီလို သူများမလုပ်နိုင်တဲ့ အလုပ်မျိုးကို လုပ်တော်မူခဲ့တာပါ။
ဒီလိုဖြစ်ရပ်နဲ့စပ်ပြီး ဆရာတော်က စကားစပ်လို့ မိန့်တော်မူတာက….
“ ငါ့ကွယ်…စံကျောင်းတိုက်ထဲ နေစဉ်အခါတုန်းက ကနုတံဆေး၊
ကုဋီအိမ်ရေလောင်း၊ မကျန်းမာတဲ့ ရဟန်းများ၏ ကျင်ကြီးကျင်ငယ်ပေကျံနေတဲ့ သင်္ကန်းတွေ ဖွပ်လျှော်ပေးနဲ့
အဲသည်လို လုပ်လာခဲ့တာ အမြဲပဲဟေ့..။ လူမမာမပြုစုတာကြာတော့
ထိုမောင်ပဉ္စင်းလေးရဲ့ သင်္ကန်းနဲ့စောင်တွေကို ရုတ်တရက်ရွံသလိုလို ဖြစ်မိတယ်။ စိတ်ပေါက်ပေါက်ရှိလေတော့
ကျင်ကြီးကျင်ငယ်ပေနေတဲ့ သူ့သင်္ကန်းနဲ့ ငါ့တစ်ကိုယ်လုံး အတင်းပွတ်တိုက်ပြီး သိဒ္ဓိတင်လိုက်တော့မှ
ငါ့စိတ်ထဲရဲတင်းသွားပြီး ရွံတဲ့စိတ်ပျောက်သွားတော့တယ်ဟေ့” လို့ အားရပါးရ မိန့်တော်မူပါတယ်။
ဝမ်းလျှော့ရောဂါဖြစ်လို့ ဆရာတော်ကြီးကိုယ်တိုင်ပြုစုခဲ့တဲ့
ရဟန်းတော်လေးက နောင်မှာ ရသေ့ထူးဦးစံသိန်းဆိုပြီး ထင်ရှားပါသတဲ့။
ကျွန်ုပ်တို့တတွေလည်း တွန့်ဆုတ်စရာကြုံရင် ရဲတင်းအောင်
သိဒ္ဓိတင်ဖို့လိုအပ်ပါတယ်၊ လယ်တီဆရာတော်ကြီးကတော့ ရွံစရာကို မရွံရှာအောင် သိဒ္ဓိတင်တော်မူခဲ့တာပါ၊
တွန့်နေရင် မတွန့်အောင် သိဒ္ဓိတင်လို့ရပါတယ်၊ ပျင်းနေရင် မပျင်းအောင်၊ မကောင်းတဲ့အာရုံမှာ
ပျော်နေရင်လဲ မပျော်မွေ့အောင်၊ လမ်းမှာနေရင် လမ်းမှန်အောင်၊ ကုသိုလ်ရေးမှာ တွန့်နေရင်
မတွန့်အောင် စသည်စသည်ဖြင့် သိဒ္ဓိတင်လို့ ရမှာပါ၊
ကဲ..မိတ်ဆွေတို့ရေ….တွန့်နေသလား လယ်တီဆရာတော်စကားနဲ့
သိဒ္ဓိတင်လိုက်ရအောင်ဗျာ
“ ဟယ်…စိတ် ၊ ငါးအားလှည့်စားသလော”