မြတ်စွာဘုရားက ‘သေခြင်းတစ်ပါး၊ ဤတရားကား စီးပွားများမြောင် အကျိုးဆောင်သည်၊
အိုအောင် အောက်မေ့စီးဖြန်းကြ’ ဆိုတဲ့အတိုင်း တစ်သက်လုံး စီးဖြန်းလို့
ဒီလိုပြောတာ၊ စီးဖြန်းခိုင်းတာ၊ စီးဖြန်းတယ်ဆိုတာ စိတ်ကို လေ့ကျင့်ပေးထားတာ။
အာဠဝီပြည် မြတ်စွာဘုရား ကြွပြီးတော့
တရားဟောတာ၊ မရဏဿတိကမ္မဋ္ဌာန်းကို ဟောခဲ့တာပဲ၊ အဲသလို မရဏဿတိကမ္မဋ္ဌာန်းကို ဟောလိုက်တဲ့အခါမှာ
ထောင်ပေါင်းများစွာသော ပရိသတ်တွေ လာပြီးနာပေမယ့်လို့ ပရိသတ်ထဲမှာ ပရဏဿတိဘာဝနာကို လေ့ကျင့်တဲ့ပုဂ္ဂိုလ်က
တစ်ယောက်တည်းပဲရှိတယ်၊ ကျန်တဲ့ပုဂ္ဂိုလ်တွေက မလေ့ကျင့်ကြဘူး၊ နာပြီး ပျောက်သွားတာပဲ။
လေ့ကျင့်တာကတော့ ရက္ကန်းသည်ရဲ့ သမီးကလေးတစ်ယောက်ပဲ၊
မြတ်စွာဘုရားဟောထားတဲ့ တရားကို စွဲစွဲမြဲမြဲမှတ်သားပြီးတော့ သေခြင်းတရားကို အမြဲတမ်း
ဆင်ခြင်တယ်၊ သူတစ်ယောက်ပဲရှိတယ်တဲ့၊ ဒါကြောင့်မို့ မြတ်စွာဘုရားကြွလာလို့ မေးခွန်းမေးတဲ့အခါကျတော့
အမှန်ဖြေနိုင်တာ သူတစ်ယောက်ပဲရှိတယ်၊ ကျန်တဲ့သူတွေ ဘာဖြေရမှန်းမသိဘူး၊ ဖြေလိုက်ရင်
အလွဲချည့်၊ မေးခွန်း ၄-ပုဒ်၊ အားလုံးသိကြတဲ့အတိုင်း။
အဲဒီသတို့သမီးလေး လာတဲ့အခါ မြတ်စွာဘုရားက
သူ့အနားလာဖို့ အရိပ်အယောင်ပြတော့ အမျိုးသမီးက ဘုရားနားလေးထိအောင်လာပြီး ဝတ်ပြုတယ်။
မြတ်စွာဘုရားက မေးတယ် - “ဘယ်က လာတာတုန်း” လို့မေးတယ်၊ သေခြင်းတရားကို ဆင်ခြင်စဉ်းစားမှုမပြုတဲ့ ပုဂ္ဂိုလ်တွေကတော့
အိမ်က လာတယ်လို့ပဲ ထင်တယ်၊ မြတ်စွာဘုရားက မေးလိုတာက ဘယ်ဘဝကလာခဲ့တာတုန်းလို့မေးတာ၊ အဲဒီတော့ ဘယ်ကလာတာတုန်းဆိုတော့ သူက အဖြေမှန်ပေးနိုင်တယ်
- “မသိပါ ဘုရား” . . . ဟော သေခြင်းတရားကို သူစဉ်းစားထားတာကိုး၊ ဘယ်ဘဝကလာခဲ့တာတုန်းဆိုတဲ့
မေးခွန်းလေးကိုဖြေတာ၊ “ဘယ်က လာတာတုန်း?” “မသိပါဘုရား”၊ ဟ - ဘယ်လိုတုန်း အိမ်ကလာတာ သိလျက်သားနဲ့ ဘယ်နှယ့်ကြောင့်
မသိဘူးဖြေရတာတုန်း သူတို့က ထိုအမျိုးသမီးလေးဖြေတဲ့ အဖြေကို အဖြေမှားလို့ ထင်နေကြသေးတယ်နော်။
“ဘယ်သွားမလို့တုန်း”
လို့ မြတ်စွာဘုရား မေးတဲ့အခါ “မသိပါဘုရား”၊ ကျန်တဲ့သူတွေက ဟာ ရက္ကန်းရုံ သွားမလို့၊ ဘယ့်နှယ်ကြောင့်
မသိပါဘုရား ဖြေရတာလဲ ဒီလိုတွေ ဖြစ်ကြပြန်တာပေါ့၊ အဲဒီတော့ တရားသိတဲ့သူနဲ့ မသိတဲ့သူဟာ
အဖြေထုတ်ရင် တစ်မျိုးစီ ထွက်လာမှာပဲဆိုတာ ထင်ရှားတာပေါ့၊ “မသိဘူးလား” လို့ မေးတဲ့အခါ “သိပါတယ်ဘုရား” တဲ့၊ ဒီတော့ ရီစရာ လုပ်သလိုဖြစ်နေတယ်၊
“မသိဘူးလား” ဆိုမှ “သိပါတယ်”၊ “သိရဲ့လား” ဆိုတော့ “မသိပါဘုရား” တဲ့၊ ဟောဒီလို ဖြေတာကိုး။ မသိဘူးလားဆိုတော့ “နင်သေရမှာ မသိဘူးလား”
“သိပါတယ်” တဲ့၊ “ဒါဖြင့် ဘယ်နေ့ ဘယ်ရက် သေမှာဆိုတာ သိရဲ့လား” လို့ဆိုတော့ “မသိပါဘုရား” လို့ ဖြေတာ။
ဒီမေးခွန်းတိုတိုလေးဟာ မြတ်စွာဘုရားက
စောစောကလည်း သင်ထားပေးခဲ့ပုံရပါတယ်၊ ကျန်တဲ့သူတွေက မေ့ကုန်တာ ဖြစ်လိမ့်မယ်၊ ဘဝတစ်ခုဟာ
သေဆုံးခြင်းနဲ့ အဆုံးသတ်ပြီး နောက်ဘဝတစ်ခု ထပ်ပြီး ခရီးတက်ပြီးနေကြတာဖြစ်လို့ သံသရာခရီးသွားနေတဲ့အကြောင်းကို
မြတ်စွာဘုရား မေးခွန်း ၄-ခုနဲ့ ပုစ္ဆာထုတ်တာတဲ့။
အဲဒီတော့ လောကလူတွေဟာ သေကြရမှာ
ဆိုတာတော့ လူတိုင်းသိတယ်၊ သို့သော် ဘယ်နေ့ ဘယ်ရက် ဘယ်အချိန် ဘယ်နေရာမှာ သေမယ်ဆိုတာ
မသိဘူးလို့ ဒီလိုပြောတာနော်၊ ဘာမှ မသိနိုင်ဘူး။
အခု လမ်းလာရင်းတောင်မှ လမ်းမှာ
မိန်းကလေးတစ်ယောက် ကားတိုက်သွားတာ တွေ့ခဲ့ရတယ်၊ ကြည့် ဒီကနေ့လည်း သေခြင်းအကြောင်း ဟောမယ်ဆိုမှ
လမ်းမှာ သေသလား၊ ရှင်သလားတောင် မသိဘူး၊ ကားတိုက်သွားတာ။
လူတွေကလည်း ညကျလို့ရှိရင် လမ်းလယ်ခေါင်မှာ
ရပ်ပြီး တော့နေကြတယ်၊ ဟိုဘက်ကကား ဒီဘက်ကား လာတဲ့နေရာလမ်းပေါ်မှာ ရပ်ပြီးတော့နေတာ အလွန်မှ
အန္တရာယ်များတယ်၊ ဟိုဘက်က ကားမီးကထိုးလိုက်၊ ဒီဘက်က ကားမီးလာထိုးလိုက်နဲ့ အလယ်ခေါင်မှာ
ပျော်နေတယ်၊ အဲဒီအချိန်မှာ ကျော်တက်တဲ့ ကားနဲ့ တွေ့လို့ရှိရင် တိုက်သွားမှာပဲ။
အရင်တုန်းက ဘုန်းကြီးတစ်ပါးလည်း
ဒီလိုပဲ၊ လမ်းလယ်ခေါင်ရပ်နေတုန်း ကားတိုက်သွားဖူးတယ်၊ ကြုံရဖူးတယ်၊ အဲဒါကြောင့်မို့လို့
ခရီးလမ်းသွားတဲ့ ပုဂ္ဂိုလ်တွေ အန္တရာယ်ကို သတိထားသင့်တယ်ပေါ့၊ ကူးမယ်ဆိုလျှင် မြန်မြန်ကူး၊
တချို့က ကိုယ့်အိမ်ပေါ်ကိုယ်လမ်းလျှောက်နေသလိုပဲ ကူးနေတာ၊ အဲတော့ ကားလာတဲ့ဘက်ကို မကြည့်ဘူး၊ ကိုယ်ကြည့်ချင်တဲ့ဘက်ကို ကြည့်ပြီးကူးတယ်၊ တချို့က
နားကြပ်လေးတပ်ပြိး သီချင်းနားထာင်ပြီး သွားတာရှိသေးတယ်နော်၊ အန္တရယ်အလွန်များတယ်ပေါ့၊
ဟိုဘက်ရောက်တော့မှ အေးအေးဆေးဆေးနေ၊ အဲသလို မဟုတ်ဘူး၊ လမ်းလယ်ခေါင် မတ်တပ်ကြီးတွေရပ်လို့၊
ဝတ်ထားတဲ့ အဝတ်က အနက်ရောင်ဆိုတော့ ပိုဆိုးသေး၊ မှောင်ကြီးထဲမှာ။
အေး - သေခြင်းရဲ့ အကြောင်းတရားတွေက အလွန်ပဲ များတယ်၊ သက်တမ်းစေံလို့
သေတာကတော့ထားတော့၊ ဘဝတစ်ခု ချုပ်ငြိမ်းသွားတာ၊ သက်တမ်းစေ့လို့ သေတာတဲ့နော်- နံပါတ်-၁
သေခြင်းက သက်တမ်းစေ့လို့ သေတာတဲ့နော်၊ သက်တမ်းစေ့အောင်နေပြီး သေရတဲ့လူဟာ လောကမှာ အလွန်နည်းတယ်လို့
ပြောရမှာပေါ့။
နောက်တစ်ခုက ဘာကြောင့် သေကြရတုန်းဆိုရင်
ကမ္မက္ခယေန - လူ့ဘဝကို ပို့ပေးလိုက်တဲ့ ကံက
အလွန်အားနည်းတဲ့ကံ ဖြစ်နေတယ်၊ ထိုကံက ဘဝတစ်ခု ဆုံးသည်ထိအောင် ဆက်လက်ပြီးတော့ မထိန်းနိုင်ဘူးတဲ့၊
ဆိုပါစို့ - လူ့ဘဝကို ပို့ပေးလိုက်တဲ့ကံက အားနည်းသည့်အတွက်ကြောင့် လူ့ဘဝသက်တမ်းမှာ
၁၀၀-တမ်း ဖြစ်ပေမယ့်လို့ ထိုပုဂ္ဂိုလ်က ၂၀-၃၀ လောက်နဲ့ သေသွားတယ်၊ ဘာဖြစ်လို့တုန်း၊
ရှေ့ဆက်နေဖို့ရာ သူ့မှာ ကံမရှိတော့ဘူး, ကံရဲ့ထောက်ပံ့မှုကို မရတော့ဘူး၊ ဒီလို ကံကုန်လို့
သေရတဲ့ ပုဂ္ဂိုလ်မျိုးက ရှိသေးတယ်၊ ဘာကြောင့်ရယ်လို့ မဟုတ်ဘဲနဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားရတဲ့
ပုဂ္ဂိုလ်တွေနော်၊ ကံကုန်လို့ သေတယ်လို့ ဒီလိုပြောရမယ်၊ အဲသလို ပုဂ္ဂိုလ်များလည်း ရှိတယ်။
သက်တမ်းမစေ့ခင် ခုနက ဥပစ္ဆေဒက တို့
ဘာတို့ တစ်စုံတစ်ခုသောကြောင်းအကြောင့် မဟုတ်ဘဲနဲ့ သတ်တမ်းမစေ့ခင်ပဲ ရောဂါရသည်ဖြစ်စေ၊
အကြောင်းတစ်ခုခုကြောင့်ဖြစ်စေ သေဆုံးပြီးတော့ သွားကြတယ်၊ ကမ္မယ္ခယတဲ့၊ ကုသိုလ်ကံက ဒီလောက်ပဲ
သူ့ကို အသက်နေခွင့်ပေးလို့ ငယ်ငယ်နဲ့ သေသွားကြတယ်၊ ဒီလိုပုဂ္ဂိုလ်မျိုးတွေလည်း ရှိတာပဲ။
နောက်တစ်ခုက “ဥဘယက္ခယ” တဲ့၊ ဥဘယဆိုတာ နှစ်မျိုးစုံ၊ သက်တမ်းကလည်းကုန်တယ်၊
ကံကလည်း ကုန်တယ်တဲ့၊ “မီးစာကုန် ဆီခမ်း” လို့ပြောကြတယ် ဗမာပြည်မှာ၊ အော် - သူကတော့ မီးစာကုန် ဆီခန်းပဲတဲ့၊
မီးစာလည်း ကုန်တယ်၊ ဆီလည်း ခမ်းသွားတယ်၊ ဒီမီးတောက်ကလေး ငြိမ်းသွားတယ်၊ သက်တမ်းလည်းကုန်
ကံလည်းကုန်လို့ သေဆုံးသွားတယ်။
နောက် စတုတ္ထတစ်ခုက “ဥပစ္ဆေဒကကံ” ၊ ဥပစ္ဆေဒက ဆိုတာ ဆက်လက်ရှင်သန်ခွင့်မပေးဘဲ
ဖြတ်တောက်ပစ်တဲ့ကံ သို့မဟုတ် အကြောင်းတရားတစ်ခုခု၊ ဒီဘဝ မိမိလုပ်တဲ့ အကုသိုလ်ကံကြောင့်
ဖြစ်စေ, အတိတ်ကပါလာတဲ့ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ လူတွေဟာ သေနေ့မစေ့ခင်
သေကြတာရှိတယ်။
များသောအားဖြင့် ပြောကြတာတော့ သေတယ်ဆိုရင် သေနေ့စေ့လို့ သေတယ်လို့ ပြောနေကြတယ်နော်၊
ဒီတော့ သေရမှာက ဥပမာ - လူ့ရဲ့သက်တမ်းက ၁၀၀-ဆိုရင် သူ့သေနေ့က ၁၀၀ ပြည့်မှ သေရမှာပေါ့၊
ဘဝတစ်ခုမှာ ကံက အကျိုးမပေဘူး၊ အဲဒီလောက်ထိအောင် မရှိဘူးဆိုရင်တော့ ဒီထက်တိုပြီးတော့
သေမှာပဲ၊ သို့သော် လူဟာအသက်လည်းရှင်နိုင်တယ်၊ ကံကလည်း ရှိနေသေးတယ်၊ ဖြတ်တောက်ပြီးတော့
ဝင်ရောက်လာတဲ အကြောင်းတစ်ခုခု နှိပ်စက်လိုက်လို့ သေသွားတာမျိုးပဲ။
ဥပေစ္ဆဒကကံနဲ့ သေတယ်ဆိုတာ
accident နဲ့ သေတာမျိုးကို ခေါ်တာ၊ accident နဲ့ သေတာမျိုးလည်း ဥပေစ္ဆဒကကံထဲမှာ ထည့်တယ်နော်၊
အတိတ်ဘဝကံကြောင့်ဖြစ်စေ ပစ္စုပ္ပန်လုပ်ရပ်ကြောင့် ဖြစ်စေ လူတစ်ယောက်မှာ ကြားကာလမှာ လူသတ်ခံရတယ်၊
သူများရဲ့ လုံ့လပယောဂ၊ သူများလက်ချက်နဲ့ သေတာ၊ ကိုယ်လက်ချက်နဲ့ ကိုယ်ဟာကိုယ် suicide
လုပ်တယ်၊ ကိုယ့်ကိုယ်ကို သတ်သေတယ်၊ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေဟာ ဥပေစ္ဆဒကကံလို့ ပြောရမယ်၊
တစ်စုံတစ်ခုသော အကြောင်းကြောင့် ဖြစ်သွားတာ၊ ကားတိုက်လို့သေတယ်။ ဒါလည်း ဥပေစ္ဆဒကကံ၊
လေယာဉ်ပျံပျက်ကျလို့ သေတယ်၊ သဘောင်္နစ်လို့သေတယ်၊ မုန်တိုင်းတိုက်လို့ သေတယ်၊ သစ်ပင်လဲကျပြီး
ပိသွားလို့သေတယ်၊ မျိုးစုံပဲ၊ ဥပေစ္ဆဒကကံရဲ့ ဘဝတစ်ခုရဲ့ အကြောင်းကံ တစ်ခုကို ဖြတ်တောက်ပစ်လိုက်တာလို့
ပြောတာ၊ ဥပေစ္ဆဒကဆိုတာ ဖြတ်တောက်ပစ်လိုက်တာ။
အဲဒီထဲမယ် အကုသိုလကံကြောင့် မိမိရဲ့
မှားယွင်းတဲ့လုပ်ရပ်ကြောင့် ကိုယ့်ဘဝတစ်ခုလုံးကို ဖြတ်တောက်ပြီးတော့ သေသွားတယ်ဆိုတာ
လူတွေတောင် မကဘူး၊ နတ်တွေလည်း ရှိတာပဲ၊ ဥပေစ္ဆဒကကံနဲ့ သေတယ်ဆိုတာ နတ်တွေမှာလည်းရှိတယ်။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) မှ ပူဇော်ပါသည်။
*** ဆက်လက်ပူဇော်ပါမည်။