အခန်း - ၇
သတ္တဝါတို့၏ ၃၁-ဘုံအကြောင်း
ဒီကနေ့ အပိုင်းအားဖြင့် “ဝီထိမုတ်ပိုင်း”၊ အဘိဓမ္မတ္ထသင်္ဂဟကျမ်း ငါးနံပါတ် ဝီထိမုတ်ပိုင်းကိုပဲ
ဘုံပိုင်းလို့ ရှေးတုန်းက ခေါ်ခဲ့ကြတယ်၊ ၃၁-ဘုံ အကြောင်းနဲ့ပတ်သက်ပြီး သိစရာ အချက်အလက်များရှိတယ်၊
သတ္တဝါတွေမျိုးစုံရှိတဲ့ ၃၁-ဘုံ အကြောင်း၊ ဗုဒ္ဓမြတ်စွာ ဟောကြာတော်မူခဲ့တဲ့ ထိုထိုကျမ်းဂန်တွေမှာ
ပါရှိတယ်၊ ၃၁-ဘုံက အဘိဓမ္မကျမ်းမှာတင် ပါရှိတာမဟုတ်ဘူး၊ မူလပရိယာယသုတ်မှာလည်း ဘုံတွေ
အကြောင်းပါတာပဲ၊ တခြားသုတ္တန်တွေမှာလည်း ပါတယ်၊ အဘိဓမ္မာ ၇-ကျမ်းမှာ အပါအဝင်ဖြစ်တဲ့ ‘ဝိဘင်္ဂ’ လို့ခေါ်တဲ့ ဝိဘင်းကျမ်းမှာလည်း ဒီဘုံနဲပ့
သက်တမ်းတွေ အကြောင်း ရှင်းလင်းဖော်ပြထားတာရှိတယ်။
ဘုန်းကြီးတို့ ငယ်ငယ်တုန်းက တွေ့ဖူးတယ်၊
“၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ” ဆိုပြီး ရေးထားတဲ့စာအုပ်။ အမှန်တော့ ဘုရားက လက်မခံတာ မဟုတ်ပါဘူး၊
သူ လက်မခံတာ၊ တကယ်ကတော့ ရေးသင့်တာ “၃၁-ဘုံဝါဒ ကျွန်ုပ် လက်မခံ” ဆိုရင်တော့ ကောင်းတာပေါ့နော်၊ ဘုရားနာမည်ကို အလွဲသုံးစားလုပ်တယ်လို့
ဒီလိုပြောရမှာ။
အေး - တော်တော်များများက တခြားနိုင်ငံတွေမှာလည်း
Buddhism “ဗုဒ္ဓဝါဒ” လို့ ခေါင်းစတပ်ပြီး ရေးလိုက်တဲ့အခါ ကျတော့ သူတို့အယူအဆတွေချည်းပဲ
ရေးကြတယ်၊ အဲဒါမျိုးတွေ တော်တော်များများ တွေ့နေရတယ်၊ သတိထားစရာ ကောင်းတာပေါ့နော်၊
ရိုးသားဖြောင့်မတ်ဖို လိုအပ်တယ်၊ ကိုယ်မကြိုက်တာနဲ့ မရှိဘူးလို့ ပြောလို့မရဘူးတဲ့။
ကိုယ်မမြင်ရလို့ ပြောစတမ်းဆိုလို့ရှိရင်
နှစ်ပေါင်း ၂၅၀၀-ကျော်က ပွင့်ခံတဲ့ဘုရားလည်း ကိုယ်မြင်ရတာမှ မဟုတ်ဘဲကိုး၊ မမြင်ရလို့
လက်မခံဘူးဆိုရင် လက်မခံရမယ့် အကြောင်းတွေ အများကြီးပဲ၊ ဗိုက်ထဲနေတုန်းက ကိုယ့်အဖေလည်း
ကိုယ်မြင်ခဲ့တာမှ မဟုတ်ဘဲနဲ့၊ အပြင်ရောက်မှ ဘေးလူတွေက အဖေ လို့ပြောလို့ ကိုယ်လက်ခံနေကြရတာ၊
ဟုတ်တယ်မို့လား၊ အေး ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ ဆိုပြီး အရင်တုန်းက စာအုပ်တစ်အုပ် မြန်မာပြည်မှာ
ထွက်ဖူးတယ်၊ တကယ်ကတော့ သူလက်မခံတာပါ။
စာပေကျမ်းဂန်မှာ ကြည်ယ်ဆို၇င် ထေရဝါဒပိဋကတ်
သံဂါယနာ ၆-တန်က အသိအမှတ်ပြုလက်ခံထားတဲ့ ကျန်းဂန်တွေထဲမှာ ၃၁-ဘုံဆိုတာ အတိအလင်း ပါရှိပြီးသားဖြစ်တယ်၊
ထိုထိုဘုံတွေရဲ့ အကြောင်းကို ရေးသားထားတာ အကြောင်းအားလျော်စွာပေါ့နော်၊ တချို့လည်းပဲ
လူတွေကို “ဘုံပိုင်းနဲ့ မြှောက်တယ်” လို့ ဒီလိုထင်ကြသေးတယ်၊ ဘုံ ဆိုတာ သူ့ဟာသူရှိနေတာ၊ မြှောက်စရာအကြောင်းလည်း
မဟုတ်ဘူးနော်၊ “ဘုံဆိုတာ သတ္တဝါတို့ရဲ့ ဖြစ်ရာဋ္ဌာန” ကို ပြောတာလေ၊ “ဘူမိ” ဆိုတဲ့ ပါဠိစကားလုံးကနေ လာတယ်။ လူသတ္တဝါတွေနဲ့ ဖြစ်ရာနေရာကို
လူဘုံလို့ ဒီလိုခေါ်တာ၊ လူသတ္တဝါတွေနဲ့ မတူညီတဲ့ အခြားသတ္တဝါတွေ မြောက်မြားစွာရှိတယ်ဆိုတာ
- ဒါက မမြင်ရပေမယ့်လို့ ရှိနိုင်တယ်ဆိုတာ အများကြီး လက်ခံရတယ်။
အဲဒီလို သတ္တဝါတွေ ရှိတယ်ဆိုတာ စိတ်ကူးယဉ်ပြီး
ပြောတာတော့ မဟုတ်ဘူး၊ ထိုသတ္တဝါတွေဟာ ဘယ်ကံကြောင့် အဲဒီဘုံ ရောက်တယ်၊ ထိုဘုံရဲ့ ပဋိသန္ဓေစိတ်က
ဘာတွေလဲ၊ ထိုဘုံမှာ ဘာတွေဖြစ်သလဲဆိုတာ တိတိလင်းလင်း ဟောထားတာ၊ စိတ်ကူးပြီးတော့ ဘယ်ဘုံမှာရှိတယ်လို့
ပြောတာတင်မှ မဟုတ်ဘဲ၊ အဲဒီဘုံမှာ သတ္တဝါတွေ ဘာကြောင့်ဖြစ်တယ်ဆိုတာကို အတိအကျ အကြောင်းနဲ့အကျိုးနဲ့
သေသေချာချာ ဟောထားတာ ဖြစ်သည့်အတွက်ကြောင့် သာမန်မှန်းသန်းရမ်းပြီး ပြောတာမျိုး မဟုတ်ဘူး။
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က
“ဟောတယ်
သာမံ ဉာတံ၊ သာမံ ဝိဒိတံ” “ငါကိုယ်တိုင်သိတာတဲ့
ငါကိုယ်တိုင် သိပြီးတာကို ဟောတာ” “သူများဆီက
ကြားပြီးတော့ဟောတာ မဟုတ်ဘူး” တဲ့၊ ၃၁-ဘုံနဲ့ ပတ်သက်ပြီး၊ ဘုံတွေနဲ့
ပတ်သက်ပြီး မြတ်စွာဘုရားက ငါကိုယ်တိုင်သိလို့ ငါကိုယ်တိုင်မြင်လို့ ဟောတာလို့။
ဒါဖြင့် ဘုရားက ဘာနဲ့ မြင်တာတုန်းလို့မေးရင်
မြတ်စွာဘုရားမှာ ဒိဗ္ဗစက္ခု ဆိုတဲ့ အင်မတန်အစွမ်းထက်တဲ့ စိတ်ကို အာရုံနဲ့လေ့ကျင့်လိုက်သည့်အတွက်ကြောင့်
ထူးခြားတဲ့ အမြင်တစ်မျိုးကို ရရှိထားတယ်၊ သမာဓိစွမ်းအားနဲ့ အဲဒီ ဒိဗ္ဗစက္ခုဆိုတဲ့ အဘိညာဉ်ရလိုက်တာနဲ့
တစ်ပြိုင်နက် ထိုဒိဗ္ဗစက္ခုဉာဏ်ရဲ့ အပွားဖြစ်တဲ့ “ယထာကမ္မူပဂဉာဏ်”၊ ဘယ်အလုပ်လုပ်ရင် ဘယ်ကံဖြစ်တယ် ဆိုတာကို မြတ်စွာဘုရားသခင်
ကိုယ်တော်မြတ်က ကြည့်ရင် မြင်ရတယ်ပေါ့၊ အကြောင်းတရားတွေကို ကြည့်ပြီးတော့ မြင်တာ။
ဒီကနေ့ခေတ် ကြည့်လိုက်ရင် လူတိုင်းဟာ
တူညီတဲ့ အနေအထား မရှိဘူး၊ အလုပ်အကိုင်တွေက ကွဲပြားခြားနားနေတယ်၊ အလုပ်အကိုင်လို့ ဆိုတဲ့နေရာမှာ
အသက်မွေးဝမ်းကျောင်း လုပ်တာကိုတင် ပြောတာ မဟုတ်ဘူး၊ လူတွေရဲ့ လုပ်ကိုင်မှု စိတ်နေ စိတ်ထားတွေဟာ
ကွဲပြားခြားနားမှု ရှိတယ်တဲ့၊ ဘယ်လိုကွဲပြားခြားနားမှု ရှိတာတုန်းဆိုရင် တချို့က သူများအသက်ကို
သတ်တယ်, တချို့က သူများအသက်သတ်ခြင်းမှ ရှောင်တယ်၊ မတူညီတဲ့ အလုပ်တွေ၊ တချို့တွေက သူများဥစ္စာကို
ခိုးတယ်, လိမ်လည်လှည့်ဖျားပြီးတော့ ယူတယ်၊ တချို့က သူများဥစ္စဆို လက်ဖျားနဲ့မှ မတို့ဘူး၊
တချို့က သူများသားမယားစော်ကားတယ် ပြစ်မှားတယ်, တချို့က စိတ်ကူးထဲထောင် မထည့်ဘူး၊ မတူညီတဲ့
အလုပ်မရှိဘူးလား၊ မတူညီတဲ့အလုပ် ရှိနေတာကိုတော့ သေချာမြင်ရတာပဲလေ၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာလည်း
ရှိတယ်။
အဲဒါလိုပဲ နှုတ်နဲ့ပတ်သက်လာရင်လည်း
တချို့က လိမ်ပြောတယ်၊ တချို့က မှန်တာကိုသာ ပြောတယ်၊ တချို့က တစ်ယောက်နဲ့ တစ်ယောက် မတည့်အောင်
ကုန်းတိုက်တယ်၊ မတည့်အောင် ပြောတယ်၊ ကုန်းချောတယ်၊ တချို့ကျတော့ မတည့်တဲ့လူကို တည့်အောင်
ဖေးဖေးမမပြောတယ်၊ ညီညွတ်အောင် စေ့စပ်ပေးတယ်၊ တချို့ကျတော့ ဆဲတက်တယ်၊ တချို့က မဆဲတက်ဘူး၊
တချို့က အကျိုးမရှိတဲ့ စကားတွေ၊ မဟုတ်တန်းတရားတွေ လျှောက်ပြောတယ်၊ တချို့က မပြောတက်ဘူး၊
အပြောအနေနဲ့ ပတ်သက်လို့လည်း လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် တူညီမှုရှိရဲ့လား၊ မရှိဘူး
ဒီအချက်ကတော့ ထင်ရှားနေတာပဲလေ။
နောက်တစ်ခု စိတ်နေစိတ်ထား ကြည့်ဦးမလား၊
တချို့က သူများပစ္စည်း ကိုယ့်ပစ္စည်း ဖြစ်လိုမှုဆိုတဲ့ လောဘဇောက အမြဲတိုက်နေတယ်၊ သူများပစ္စည်း
ကိုယ့်ပစ္စည်းဖြစ်ချင်တဲ့ အဘိဇ္ဈာတရားတွေ လွှမ်းမိုးနေတယ်၊ တချို့ကျတော့လည်း သူများပစ္စည်း
ကိုယ့်ပစ္စည်းတွေကို သွားရည်မကျဘူး၊ အဲလိုပုဂ္ဂိုလ်မျိုးတွေလည်း ရှိတာပဲ၊ တချို့ပုဂ္ဂိုလ်ကျတော့
ကိုယ့်ရဲ့ပတ်ဝန်းကျင်က ပုဂ္ဂိုလ်တွေ ပျက်စီးသွားတာကို မြင်ချင်တယ်၊ တချို့က ကြီးပွားချမ်းသာတာကို
မြင်ချင်တယ်၊ ကံကံ၏ အကျိုးကို မယုံကြည်တဲ့ပုဂ္ဂိုလ်တွေ ရှိသလို၊ ကံ ကံ၏အကျိုးကို လက်ခံယုံကြည်ထားတဲ့
ပုဂ္ဂိုလ်တွေလည်း ရှိတယ်ဆိုတော့လူတွေကျင့်သုံးနေတဲ့ ဒုစရိုက် သုစရိုက် ဆိုတာတွေကိုကြည့်။
ကိုယ့်ရဲ့ပတ်ဝန်းကျင် ကိုယ့်လူနေအသိုင်းအဝိုင်းထဲမှာကြည့်။ အခုလို ၂-မျိုး ၂-စား ကွဲပြားခြားနားနေတာကို
မတွေ့ရဘူး၊ ဒီပုဂ္ဂိုလ်တွေဟာ သေသည့်အခြားမဲ့မှာ တူညီတဲ့ ဘဝရောက်နိုင်ပါ့မလား၊ (မရောက်နိုင်ပါဘူးဘုရား)၊
အဲဒါကို ထောက်ထားလို့ရှိရင် သူတို့ကံနဲ့ သူတို့ “ယထာ ကမ္မံ ဂတော” ကံအားလျော်စွာ ဖြစ်ရမယ်ဆိုတဲ့ နေရာမျိုး ရှိရမှာပေါ့။
အဲဒီတော့ “ဘုံဆိုတာဟာ ကံတရားရဲ့ အကျိုးပေးဌာန” တွေပဲ၊ ကံတရားက မျိုးစုံသလို သတ္တဝါတွေကလည်း မျိုးစုံပဲ၊
ထိုမျိုးစုံတဲ့သတ္တဝါတွေရဲ့ တည်ရာဌာနဆိုတဲ့ ဘုံတွေကလည်း မျိုးစုံတယ်၊ တစ်ဘုံတည်းဆိုတာ
မဖြစ်နိုင်ဘူးတဲ့၊ ဘာဖြစ်လို့တုန်းဆိုရင် မတူညီတဲ့လုပ်ရပ်တွေနဲ့ ရှိနေတဲ့ပုဂ္ဂိုလ်တွေရဲ့
ဘဝနိဂုံး ရောက်ရာဘဝ destination ဟာ ဘယ်နည်းနဲ့မှ မတူနိုင်ဘူး၊ မီရထားကြီး ရန်ကုန်ကနေ
စီးသွားတယ်၊ မန္တလေးသွားတယ်၊ လမ်းမှာ ဘူတာတွေ ဆိုက်ပြီးတော့သွားတယ်၊ တချို့က လမ်းဘူတာတွေ
မှာ ဆင်းသွားတယ်၊ မန္တလေးထိ သွားတဲ့လူတွေ မဟုတ်ဘူး၊ အဲဒါမျိုးလိုပဲ - ကံမျိုးစုံ လုပ်ထားတော့ လူတွေလည်း ဘဝခရီးလမ်းတွေက
အမျိုးကို စုံနေတာပဲ၊ အဲဒီမျိုးစုံနေတာတွေကိုပဲ ဂတိ ၅-ပါးလို့ အကြမ်းဖျင်းအားဖြင့်
ပြောမယ်ဆိုရင် ဂတိ ၅-မျိုး၊ Destination လို့ခေါ်တယ်၊ ခရီးဆုံး ၅-မျိုးလို့ ဒီလိုဆိုတယ်။
ကမ္ဘာလောကကြီးကို ကြည့်မယ်ဆိုရင်
လူတွေ ခရီးသွားနေကြတာ၊ ကိုယ့်ဦးတည်ချက်နဲ့ ကိုယ်သွားနေကြတာ၊ ဘယ်ပုဂ္ဂိုလ် ဘယ်သွားနေတယ်ဆိုတာဟာ
သူကိုင်ထားတဲ့ လက်မှတ်ကို ကြည့်လို့ရှိရင် သိတာပေါ့၊ ရထားစီးသွားတဲ့ပုဂ္ဂိုလ်တွေ ရှိသလို
ကားနဲ့စီးသွားတဲ့ ပုဂ္ဂိုလ်တွေလည်းရှိတယ်၊ တခြားနည်းလမ်းနဲ့ လေယျာဉ်ပျံနဲ့သွားတဲ့ ပုဂ္ဂိုလ်တွေလည်း
ရှိတယ်၊ အဝင်အထွက်များတဲ့ နိုင်ငံတကာ လေဆိပ်ကြီးတွေမှာ ကြည့်မယ်ဆိုရင် - တစ်မိနစ် တစ်စင်းလောက်
လေယျာဉ်ပျံကြီးတွေ ဆင်းနေတာ၊ အဲဒီ တစ်မိနစ်တစ်စေင်းလောက် ဆင်းနေတဲ့ လေယျာဉ်ပျံကြီးတွေနဲ့
လူတွေသွားလာနေကြတာပဲ၊ အကုန်လုံး သွားလာနေတဲ့ လူတွေဟာ destination အားလုံးက တူညီကြတာ
မဟုတ်ဘူး၊ သူတို့ကိုင်ဆောင်ထားတဲ့ လက်မှတ်အတိုင်း သွားနေကြတာ။
လူ့ဘုံလူ့ဘဝ ရောက်လာတယ်ဆိုတဲ့ အခါမှာလည်းပဲ
ကံဆိုတဲ့ လက်မှတ်တွေ ဝယ်ထားပြီးတော့ ထိုကံရှိရာ ကံအကျိုးပေးရာဘုံကို ဦးတည်ပြီးတော့
သွားနေကြတာ၊ အဲဒီလို သွားနေတာကို မြတ်စွာဘုရားက မှန်းဆပြီးတော့ ဟောတာမဟုတ်ဘူး၊ ခုနကပြောခဲ့တဲ့
ဒိဗ္ဗစက္ခုမှာပါတဲ့ “ယထာကမ္မူပဂအဘိညာဉ်” ဆိုတဲ့ ဉာဏ်တော်ကြီးနဲ့ တစ်လောကလုံးကို ခြုံငုံပြီးတော့
ကြည့်လိုက်တဲ့အခါမှာ အေး - ဒီလူကတော့ဖြင့် ဒုစရိုက်တွေ လုပ်နေတယ်၊ ဒီလူရဲ့ သွားရာလမ်းက
ဘယ်မှာလဲဆိုတာကို မြတ်စွာဘုရားက မြင်နေတယ်။
လမ်းကြောင်းကြီး ၅-သွယ်တဲ့၊ နေရာဌာနတစ်ခုမှာ
လမ်းကြောင်းကြီး ၅-သွယ် ရှိတယ်၊ အဲဒီလမ်းကြောင်းကြီး ၅-သွယ်ထဲမှာ တစ်ခုသောလမ်းဆုံမှာ
မီးကျီးတွင်းကြီး ရှိတယ်၊ မြတ်စွာဘုရား
ကမြင်တယ် - ဒီလူတစ်ယောက်ကတော့ မီးကျီးတွင်းဆီ သွားတဲ့ လမ်းပေါ် လျှောက်နေပြီ၊ လမ်းဆုံးရင်တော့
သူ မီးကျီးတွင်းထဲ ကျပြီးတော့ ဒုက္ခရောက်မှာပဲလို့
မြင်တယ်၊ မြင်တဲ့အတိုင်းပဲ ဒီလူလျှောက်သွားနေတာ၊ လမ်းလည်းဆုံးရော မီးကျီးတွင်းကြီးထဲ
ကျပြီးတော့ ဒုက္ခရောက်နေတယ်၊ အဲဒါ ဘယ်လို ပုဂ္ဂိုလ်မျိုးတုန်းဆိုတော့ ငရဲဘုံ ရောက်သွားတဲ့ပုဂ္ဂိုလ်၊ သြော် . .
. မကောင်းမှု ဒုစရိုက်တွေလုပ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို မြတ်စွာဘုရားက ဒီလူက မီးကျီးတွင်းကြီးရှိရာကို
ဦးတည်သွားနေပြီလို့ ဒီလို မြင်တာ၊ အဲဒါက “နိရယဂတိ” ဆိုတဲ့လမ်း။
အဲဒီလို မြတ်စွာဘုရားက ဂတိ ၅-ပါးနဲ့
ပတ်သတ်ပြီးတော့ မဇ္ဈိမပဏ္ဏာသပါဠိတော်မှာ မဇ္ဈိမနိကာယ်မှာ ဥပမာတွေနဲ့ ဟောထားတာရှိတယ်၊ ထို့အတူပဲ
နောက်တစ်လမ်းက “တိရိစ္ဆာန်နဂတိ” ဆိုတဲ့လမ်း၊ အေး - ဒီလူတစ်ယောက်ကတော့ ဒီလမ်းပေါ်လျှောက်နေပြီ၊
အဲဒီလမ်းရဲ့အဆုံးမှာ ဘာရှိတုန်းဆိုရင် အင်မတန်နက်လှတဲ့ မစင်တွင်း ကြီးရှိတယ်၊ လူတစ်ယောက်ဟာ ဒီလမ်းအတိုင်း လျှောက်သွားရင်တော့
မစင်တွင်းကြီးထဲ ရောက်မှာပဲလို့ မြတ်စွာဘုရားက ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ မြင်တယ်။ ဒီလူလုပ်နေတဲ့
အလုပ်တွေက နောက်ဆုံးအဲဒီလိုနိဂုံးချုပ်သွားမှာပဲလို့ ကိုယ်တော်မြတ်က ယထာကမ္မူပဂအဘိညာဏ်နဲ့
သိနေတာ၊ သိမြင်တဲ့အတိုင်းပဲ ပုဂ္ဂိုလ်ဟာ နောက်ဆုံးမှာ မစင်တွင်းထဲ ကျသွားတယ်၊ ဒါက ဘယ်လိုပုဂ္ဂိုလ်တွေလဲဆိုရင်
တိရိစ္ဆာန် ဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေ။
နောက်လမ်းတစ်သွယ်ကတော့ လမ်းဆုံးမှာ
ဘာရှိတုန်းဆိုရင် တောခေါင်ခေါင်နဲ့ သစ်ပင်ကျိုးတိုးကျဲတဲနဲ့ အင်မတန်ပူပြင်းတဲ့ အရိပ်အာဝါသကင်းမဲ့တဲ့ နေရာကြီး တစ်ခုရှိတယ်၊
ပုဂ္ဂိုလ်တစ်ယောက် လမ်းလျှောက်ရင်တော့ အဲဒီစခန်းရောက်မှာပဲလို့ မြင်ရသလိုပဲ မြတ်စွာဘုရားသခင်
ကိုယ်တော်မြတ်က ပုဂ္ဂိုလ်တစ်ဥိး တစ်ယောက်ရဲ့ လုပ်ရပ်ကိုကြည့်ပြီး အဲဒီလမ်းကြောင်းပေါ်
တက်နေမယ်ဆိုရင် နောက်ဆုံးတစ်နေ့ဟာ အင်မတန်မှ ပူပြင်းလှတဲ့ အရိပ်နားခိုစရာလည်းမရှိ၊
အရွက်ကျိုးတိုးကျဲတဲနဲ့ သစ်ပင်, လွင်တီးခေါင်နဲ့တူတဲ့ ပြိတ္တာဘုံကို ရောက်တော့မှာပဲ
မြင်တယ်။ နောက်ဆုံးမှာ ဘုရား မြင်တော်မူတဲ့အတိုင်းပဲ အဲဒီစခန်းရောက်သွားပြီးတော့ ပင်ပန်းဆင်းရဲစွာ
နေထိုင်ရတယ်၊ ဒါက ပြိတ္တာဘုံ ရောက်သွားတဲ့
ပုဂ္ဂိုလ်တွေကို ပြောတာ။
နောက်လမ်းတစ်သွယ် - ဆိုပါစို့
- လူတစ်ယောက်က အမြင့်တောင်ထိပ်ကနေ ကြည့်နေတယ်၊ လူတစ်ယောက် လမ်းလျှောက်သွားတယ်၊ အဲဒီလမ်းဆုံမှာ
အင်မတန်မှ အရိပ်အာဝါသကောင်းတဲ့ သစ်ပင်ကြီးတွေ ရှိတယ်၊ ရေကန်ကြီးတွေ ရှိတယ်၊ အဲဒီ အရိပ်အာဝါသကောင်းတဲ့သစ်တောကြီး ဆီ ဦးတည်ထားတဲ့
လမ်းကို လျှောက်သွားတဲ့ လူတစ်ယောက်ကိုကြည့်ပြီး ဒီလူဟာ ဒီလမ်းဆုံးရင်ဖြင့် ဒီစခန်းရောက်မှာပဲလို့
မြင်ရသလိုပဲ မြတ်စွာဘုရားက လူတစ်ယောက်ရဲ့ လုပ်ရပ်ကိုကြည့်ပြီး ဒီလူဟာ ဒီဘုံဒီဌာန ရောက်မှာပဲလို့
ယထာကမ္မူပဂအဘိညာဏ်နဲ့ တပ်အပ်ထင်ထင် မြင်တော်မူတယ်၊ အဲဒီမြင်တဲ့အတိုင်းပဲ ထိုပုဂ္ဂိုလ်သည်
ထိုစခန်းရောက်သွားပြီး အင်မတန်မှအေးမြတဲ့ အရိပ်အောက်မှာ အေးချမ်းသာယာစွာ နေထိုင်ရတယ်၊
အဲဒါ လူ့ဘုံ ရောက်သွားတဲ့ ပုဂ္ဂိုလ်၊ ဒီလိုပြောတယ်။
နောက်တစ်ခါ လမ်းတစ်သွယ်ကတော့ အင်မတန်လှပတဲ့
ပြာသာဒ်အဆောင်ကြီး၊ အတွင်းမှာ ပရိဘောဂတွေ ပြည့်ပြည့်စုံစုံနဲ့ လေလုံမိုးလုံ ဆောက်ထားတဲ့
လှပတဲ့ ပြာသာဒ်နန်းဆောင်ကြီး သို့ ဦတည်ထားတဲ့
လမ်းကြောင်းကြီးရှိတယ်၊ လူတစ်ယောက် အဲဒီလမ်းကြောင်းပေါ် လျှောက်နေတယ်၊ လျှောက်နေတာ မြင်လို့ရှိရင်
ဒီလူဟာ ဒီစခန်းရောက်မှာပဲလို့ သိရသလိုပဲ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် က သတ္တဝါတွေရဲ့
လုပ်ရပ်ကို ကြည့်ပြီးတော့ ဒီလမ်းလျှောက်နေရင် ဒီစခန်း ရောက်မှပဲလို့ သိတော်မူတဲ့ အတိုင်း
ထိုပုဂ္ဂိုလ် နန်းပြာသာဒ်ပေါ်မှာ အေးချမ်းစွာ ချမ်းချမ်းသာသာနဲ့ ဘေးရန် အန္တရာယ်ကင်းရှင်းစွာ
ချမ်းသာသုခ ခံစားပြီးနေတာကို မြင်ရတယ်၊ အဲဒါက ဒေဝဂတိ လို့ခေါ်တဲ့ နတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်၊
ဥပမာ ၅-မျိုးနဲ့ မြတ်စွာဘုရားက ဟောထားတယ်။
၃၁-ဘုံကို အကျဉ်းချုံးပြီး ပြောတဲ့အခါ
ဂတိ ၅-မျိုးပဲ၊ အဆိုးဆုံးက “နိရယဂတိ” ပဲ ၊ ပြီးတော့ “တိရိစ္ဆာန်နဂတိ”၊ နောက်ပြီးတော့ “ပေတဂတိ”၊ နောက်ပြီးတော့ “မနုဿဂတိ”၊ အကောင်းဆုံးက “ဒေဝဂတိ” တဲ့၊ ဟော - ဂတိ ၅-ပါး လို့ ခေါ်တယ်။ ဒါက destination ၅-မျိုး။
အဲဒီလို မြတ်စွာဘုရား မြင်တဲ့နေရာမှာ
ဘာကို ကြည့်တာတုန်း၊ အဲဒီပုဂ္ဂိုလ်ရဲ့ ပစ္စုပ္ပန် လုပ်ရပ်ကိုကြည့်တာ၊ ပစ္စပ္ပုန်မှာ သူလုပ်နေတဲ့အလုပ်၊
သူလျှောက်လှမ်းနေတဲ့ လမ်းကြောင်းကို ကြည့်ပြီး ဆုံးဖြတ်ပြီး ပြောပြတာ၊ မြတ်စွာဘုရားက
ပစ္စုပ္ပန်လုပ်နေတဲ့ လုပ်ရပ်ကိုလည်းမြင်တယ်၊ လမ်းဆုံးမှာ ဘာတွေရှိတယ် ဆိုတာကိုလည်းမြင်တယ်၊တောင်ထိပ်က
ကြည့်နေတဲ့ ပုဂ္ဂိုလ်သည် အားလုံးကို ခြုံငုံပြီး မြင်နေရသလို မြတ်စွာဘုရားက ဒိဗ္ဗစက္ခုအဘိညာဏ်
- ယထာကမ္မူပဂအဘိညာဏ် ဉာဏ်တော်ကြီးနဲ့ ဒီအလုပ်လုပ်ရင် ဒီစခန်းရောက်မယ် ဆိုတာကို တပ်အပ်မြင်တယ်၊
ဒါကြောင့်မို့ မြတ်စွာဘုရးက “သူများထံမှ ကြားရလို့ တရားဟောတာ မဟုတ်ဘူးတဲ့၊
ငါ ကိုယ်တိုင်မြင်တာ ငါကိုယ်တိုင် သိတာ” လို့ ပြောတာ။
ဘာနဲ့မြင် ဘာနဲ့ သိတာတုန်းဆိုရင်
ဒိဗ္ဗစက္ခုဉာဏ်ရဲ့ အပွားဖြစ်တဲ့ ယထာကမ္မူပဂဉာဏ်နဲ့ မြင်တယ်လို့ ပြောရမှာ၊ ‘ယထာကမ္မူပဂ’ ဆိုတာ ‘ယထာကမ္မဥပဂ’ - မိမိလုပ်တဲ့ကံအားလျော်စွာ ထိုထိုဘဝ
ရောက်သွားကြတာ၊ သတ္တဝါတွေရဲ့ ကံကိုခွဲခြမ်းစိတ်ဖြာပြီး သိတယ်၊ ဒီအလုပ်လုပ်ရင် ဒီလမ်းလျှောက်ရင်
ဒီစခန်းရောက်လိမ့်မယ်၊ ဒီအလုပ်လုပ်ရင် ဒါမျိုးဖြစ်လိမ့်မယ် ဆိုတာကို ပိုင်းပိုင်းခြားခြားသိတာ၊
အဲဒီလို ပိုင်းပိုင်းခြားခြားသိပြီးမှ ဟောတာ၊ တစ်ဆင့်ကြားနဲ့ ဟောတာ မဟုတ်ဘူးတဲ့။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) မှ ပူဇော်ပါသည်။
*** ဆက်လက်ပူဇော်ပါမည်။