ဓမ္မဂုတ်။ ။ ခေတ်အလိုက် မပြုပြင်တတ်မှုကြောင့်
ကိုယ်တော် ငယ်စဉ်က ကျန်းမာရေး မကောင်းတာကတော့ သိရပါပြီ,စာရိတ္တတော့ ဘယ့်နှယ်တုန်း။
တပည့်တော်။ ။ စကားပြောတတ်တဲ့ အချိန်ကစပြီး ဘိုးရဲ့
အသင်အပြကို ရခဲ့တာကြောင့် အကျင့်စာရိတ္တတော့ ကောင်းမည့်ဘက်သို့ ရှေးရှုနေပါတယ်၊ ပီးတော့
ပတ်ဝန်းကျင်အိမ်တွေက ဆွေမျိုးတွေချည်း ဖြစ်တော့ မတော်တာကို မြင်တွေ့ကြလဲ
ဆုံးမလေ့ရှိကြပါတယ်။
ဓမ္မဂုတ်။ ။ သင်ပြပုံကလေးတွေကို မှတ်မိသလောက်
ပြောစမ်းပါ ကိုယ်တော်။
တပည့်တော်။ ။ လူကြီးတွေအနားမှာ ဘိနပ်စီး၍ မသွားရပါ၊
လူကြီးတွေရှေ့မှာ မတ်မတ်ရပ်ပြီး မနေရပါ၊ လူကြီးများရဲ့ အနီးအပါး သွားစရာရှိလျှင်
ခပ်ငုံ့ငုံ့ ခပ်ကုန်းကုန်း သွားရပါတယ်၊ နောက်ဖေးသွား ရှူးရှူးပေါက်တို့ကို
လူနှင့်ဝေတဲ့ နေရာမှာ သွားရပါတယ်၊ သောက်ရေအိုးနားတံတွေးမထွေးရ, နှပ်မညှစ်ရပါ၊
ထမင်းစားတုန်း စကားမပြောရပါ၊ ပျက်ပျက် မမြည်အောင် စားရပါတယ်၊ ထမင်းစားတဲ့အခါ ဟင်းကို
များများမစားဘဲ ထမင်းကို များများစားရပါတယ်။
ဓမ္မဂုတ်။ ။ ဟင်းစားနဲတဲ့ အကျင့်ကတော့ ယခုခေတ်နဲ့
မလျော်ဘူးနော်။
တပည့်တော်။ ။ မှန်ပါတယ်-တပည့်တော်တို့ငယ်ငယ်တုန်းက
လူကြီးတွေနဲ့ အတူမစားရသေးပါဘူး၊ ထိုခေတ်က ဇလုံထဲမှာ ထမင်းရော ဟင်းရော ထည့်ပေးပြီး
ထမင်းမကုန်ခင် ဟင်းမကုန်အောင် စားရပါတယ်၊ ဟင်းဆိုတာလဲ အမဲခြောက်ဖုတ်တို့
ငါးတို့ဖြစ်ပါတယ်၊ အဲဒီလို ဟင်းကိုနဲနဲစားရပေမဲ့ ထိုခေတ်က မောင်းထောင်းဆန်
ထမင်းထဲမှာ အာဟာရဓာတ်က များလို့ တော်ပါသေးတယ်။
ဓမ္မဂုတ်။ ။ ကစားဖေါ် အပေါင်အသင်းတွေက အရေးကြီးတယ်, ဘယ်လိုကစားရတုန်း။
တပည့်တော်။ ။ ၅နှစ်သားအတွင်းမှာ ဟိုအိမ် ဒီအိမ် သွားပြီး
ကစားလေ့မရှိပါဘူး၊ အိမ်တွေက အသီးအသီး ဝင်းထရံ ကာထာလို့ အိမ်ဝင်းက ကျယ်တော့ တစ်အိမ်နဲ့
တစ်အိမ်လယ်ဘို့လဲ ကလေးအရွယ်မှာ မလွယ်ပါဘူး၊ လူကြီးတွေသွားမှ လိုက်ရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ့်အိမ်မှာ မောင်နှမချင်း
ကစားကြတာဘဲလား။
တပည့်တော်။ ။ တပည့်တော်အောက် ဒုတိယက နှမဖြစ်ပါတယ်၊
တပည့်တော်အောက် ၂ နှစ်လောက်ငယ်တော့ သူလဲ တပည့်တော် ၃-၄နှစ် ရှိပေမဲ့
မကစားတတ်သေးပါဘူး၊ နောက်ညီ ၂ယောက်လဲ ၅နှစ်,၉နှစ် ငယ်ပါတယ်,တပည့်တော်နဲ့
မကစားကြရပါဘူး၊ တပည့်တော်က အကိုကြီးဖြစ်တော့ သူတို့က တပည့်တော်ကို လေးစားကြရပါတယ်၊
တပည့်တော်ကလဲ ဝမ်းကွဲ အစ်ကိုကြီး အစ်မကြီးများကို လေးစားရပါတယ်။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်တော်ရဲ့ ကလေးဘဝဟာ
ပျင်းစရာကြီးဘဲနော်။
တပည့်တော်။ ။ မှန်ပါတယ်,တပည့်တော်လဲ တစ်ခါတုန်းက နေ့လည်မှာ
တစ်ယောက်ထဲပျင်းလို့ စဉ်းစားဖူးပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လို စဉ်းစားသလဲ ကိုယ်တော်။
တပည့်တော်။ ။ အိမ်ရဲ့ အရှေ့ဘက်မှာ မန်ကျည်းပင် ရှိပါတယ်၊
အရှေ့ပြူတင်းပေါက်က မန်ကျည်းပင်ကို ကြည့်ပြီးတော့ “လူဖြစ်ရတာထက်
မန်ကျည်းရွက်တွေဖြစ်ရတာ ကောင်းသေးတယ်, သူတို့တော့ ပျင်းကြမှာ မဟုတ်ဘူး”လို့။
ဓမ္မဂုတ်။ ။ ကိုယ်တော်က မန်ကျည်းရွက်တွေကို “သက်ရှိ
အကောင်တွေလို့”ထင်နေသလား။
တပည့်တော်။ ။ ထင်နေပါတယ်, မန်ကျည်းပင်က မိခင်ကြီး, မန်ကျည်းရွက်
မန်ကျည်းသီးတို့က သားသ္မီးတွေလို့ ထင်နေပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ဟာ အတွေးလွန်နေတာဘဲနော်။
တပည့်တော်။ ။ ဟုတ်ပါတယ်, အတွေးလွန်နေတာပါ၊ တပည့်တော်သာ အတွေးလွန်တာ
မဟုတ်ပါဘူး, အိန္ဒိယက ရှေးလူတွေလဲ အတွေးလွန်ကြပါတယ်၊ “ဇီဝသညီနော ဟိ မနုဿာ
ရုက္ခသ္မိံ=လူတွေက စိမ်းစိုသော မြက်သစ်ပင်တွေမှာ အသက်ရှိတယ်,မြက်သစ်ပင်တွေဟာလဲ
သက်ရှိအကောင်ကလေးများဖြစ်ကြတယ်လို့ မှတ်ထင်ကြတယ်”ဟု မိန့်တော်မူပါတယ်၊
(ဝိနည်းပါစိတ်,ဘူတဂါမသိက္ခာပုဒ်)။
ဓမ္မဂုတ်။ ။ အိန္ဒိယက ရှေးလူတွေကလဲ
“မြတ်သစ်ပင်တွေမှာ အသက်ရှိတယ်လို့ ထင်ကြတာဘဲ”ကိုး။
တပည့်တော်။ ။ ဒီလို ထင်နေကြလို့ပေါ့ ဘုရား, မိုးတွင်းမှာ
ခရီးသွားတဲ့ ရဟန်းများကို “အသက်ရှိတဲ့ မြက်ပင်ကလေးတွေကိုနင်းပြီး
ညှဉ်းဆဲကြတယ်”လို့ လူတွေက ကဲ့ရဲ့ကြတော့ ဘုရားရှင်ကလဲ “သစ်ပင်ကို
မနင်းမခုတ်ကြနှင့်, မိုးတွင်းမှာ အသွားအလာမရှိဘဲ ငြိမ်သက်စွာနေကြ”လို့
ပညတ်တော်မူရတာပေါ့။
ဓမ္မဂုတ်။ ။ “သစ်ပင်တွေမှာ အသက်ရှိတယ်”လို့ ယူဆတဲ့
အယူဟာ မှန်လို့ ဘုရားရှင် ပညတ်တော်မူတာလား။
တပည့်တော်။ ။ မှန်လို့တော့ ဘယ်ဟုတ်မလဲဘုရား, တချို့လူတွေက
အပြစ်မြင်နေကြတော့ ဘုရားရှင်က
မဆန့်ကျင်အောင် ပညတ်တော်မူတာဖြစ်ပါတယ်၊ မိုးတွင်းမှာ ခရီးမသွားဘဲ တရားကို
ကြိုးစားစေလိုသောကြောင့် ပညတ်တော်မူတာလဲ ဖြစ်ပါလိမ့်မယ်။
ဓမ္မဂုတ်။ ။မြက်သစ်ပင်တွေ အသက်ရှိတယ်ဆိုတဲ့
အယူမျိုးဟာ တိတ္ထိတို့ အယူထဲမှာ ပါသလား။
တပည့်တော်။ ။ မက္ခလိဂေါသာလဆရာကြီးက စိမ်းစိမ်းစိုစိုနဲ့
ကြီးပွားနေတဲ့သစ်ပင်ဟူသမျှ ကောက်ပင်, ပဲပင်, မြက်ပင်, သစ်ပင်အားလုံးကို
“ဇီဝ=အသက်ရှိတဲ့ အကောင်တွေ”လို့ ယူပါသတဲ့။
ဓမ္မဂုတ်။ ။ ဟုတ်ကော ဟုတ်ရဲ့လား ကိုယ်တော်။
တပည့်တော်။ ။ ဘယ်ဟုတ်မှာလဲ ဘုရား, အသက် (ဇီဝ) ဆိုတာ
ရုပ်တရား နာမ်တရားထဲမှာ ပါတဲ့ ဇီဝိတကို ခေါ်တာပါ၊ ရုပ်ထဲမှာပါတဲ့ “ဇီဝိတ”ဟာ
ကံကြောင့်ဖြစ်ရတဲ့ ရုပ်ပါ၊ ဒါ့ကြောင့် သတ်လို့သေသေ, ရောဂါကြောင့်သေသေ, ကံအစွမ်းကုန်လို့
သေသေ, အသက်တမ်းစေ့လို့ ဘဲသေသေ, သေတာမှန်သမျှ ထိုဇီဝိတရုပ်, ဇီဝိတနာမ်တွေ တဘဝအတွက်
နောက်ထပ်မဆက်တော့ဘဲ ချုပ်တာချည်းပါဘဲ၊ အဲဒီ ဇီဝိတကိုပင် အာယု=အသက်လို့လဲ ခေါ်ရတယ်၊
မြက်သစ်ပင်တွေမှာ ထိုဇီဝိတမျိုး မရှိပါဘူး။
ဓမ္မဂုတ်။ ။ အော်……ကိုယ်တော်ဟာ ငယ်ငယ်တုန်းက
ဒိဋ္ဌိကလေးပေါ့နော်။
တပည့်တော်။ ။ တပည့်တော် ငယ်ငယ်တုန်းက မြက်သစ်ပင်တွေကို
အသက်ရှိတယ်လို့ ယူရုံတွင်မက, အဲဒီမြက်သစ်ပင်တွေကို နွား, ကျွဲ, မြင်း စသော အကောင်တွေက
စားတော့ ထိုသစ်ပင် သစ်ရွက်မှ အသက်တွေဟာ နွား, ကျွဲ, မြင်းတို့အထဲရောက်ပြီး
ထိုမှတဆင့် နွားထီး,နွားမ စသည်တို့ ပေါင်းစပ်လို့ နွားဖြစ်,ကျွဲဖြစ် ,မြင်း
စသည်ဖြစ်တယ်၊ လူတွေက သစ်သီး သစ်ရွက် စားကြရာမှ တဆင့်လူလဲ ဖြစ်နိုင်တယ်လို့
ယူဆနေပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်ဟာ ကလေးဘဝကတည်းက ဒိဋ္ဌိမှ မိစ္ဆာဒိဋ္ဌိကိုဖြစ်နေတာပေါ့နော်။
တပည့်တော်။ ။ အယူမှားလျှင် မိစ္ဆာလို့ ဆိုချင်ဆိုနိုင်ပါတယ်၊
ဒါပေမဲ့ ကံနှင့်ကံ၏ ကောင်းကျိုးဆိုးကျိုးကို မပယ်သမျှတော့ မိစ္ဆာဒိဋ္ဌိဖြစ်တယ်လို့
မဆိုနိုင်ပါဘူး၊ တပည့်တော်ငယ်ငယ်တုန်းက အယူမှားတခု ရှိပါသေးတယ်၊ အဲဒီအယူကတော့
ငါးနှစ်အရွယ်ကျော်မှ ဖြစ်တယ်လို့ ထင်ပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လို အယူတုန်း ကိုယ်တော်။
တပည့်တော်။ ။ တောင်အရပ်က လူကြီးတယောက် မအိုသေးဘဲ
သေဆုံးပါတယ်၊ ထိုအခါ တပည့်တော်က စဉ်းစားပါတယ်၊ “ဒီလူကြီးဟာ ခရီးအသွားများတယ်, စကား
အပြောများတယ်,လူတယောက်မှာ တဘဝအတွက် ခရီးမည်မျှ သွားနိုင်တယ်စကားမည်မျှ
ပြောနိုင်တယ်, အစားမည်မျှစားနိုင်တယ်”စသည်ဖြင့် သတ်မှတ်ချက်ရှိပြီးဖြစ်တယ်၊
ဒီလူကြီးဟာအဲဒီ သတ်မှတ်ချက်ကုန်လို့ သေဆုံးရတယ်လို့ တွေးမိပါတယ်။
ဓမ္မဂုတ်။ ။ ဒီအယူလဲ မိစ္ဆာအယူထဲမှာ ပါနေတာပေါ့နော်။
တပည့်တော် ။ ။ ပါနေပါတယ်, မက္ခလိဆရာကြီးက “သတွာတိုင်းမှာ
သုခနှင့်ဒုက္ခကို ချင့်တောင်းနှင့်ချင့်ထားသလို
ပိုင်းခြားသတ်မှတ်ပြီးဖြစ်တယ်”လို့ယူပါတယ်၊ တပည့်တော်အယူဟာလဲ ထိုအယူနဲ့
ခပ်ဆင်ဆင်ဖြစ်နေပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်က တွေးတောစဉ်းစားတဲ့အလေ့ဟာ
ကလေးဘဝတုန်းက ပါနေတာဘဲကိုး။
တပည့်တော်။ ။ တပည့်တော်ငယ်ငယ်က နဲနဲမိုးချုပ်မှ အဖေနဲ့ အတူလှည်းနဲ့
“ဗန်သင်”ဆိုတဲ့ တောက ပြန်လာတုန်းမှာ မိုးပေါ်ကြည့်ပြီး “မိုးပေါ်က ကြယ်တွေမှာ
လူရှိသလား”လို့ မေးဘူးပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့် အဖေက ဘယ်လိုပြန်ပြောတုန်း။
တပည့်တော်။ ။ ပြန်ပြောတာတော့ မမှတ်မိပါဘူး,
“လူမရှိဘူး-နတ်ရှိတယ်”လို့ပြောမယ်ထင်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော် အတွက်ကတော့ ဗုဒ္ဓမြတ်စွာရဲ့
ဘာသာရေး စာပေတွေကို တတ်သိရတာ အလွန်ကံကောင်းတာဘဲ,သာသနာပမှာ ကိုယ်တော်စဉ်းစားလေ့
ရှိပုံမျိုးနဲ့ စဉ်းစားရင်တော့ ကိုယ်တော့်အတွက် သွက်သွက်လယ်အောင် မှားတော့မှာဘဲ။
တပည့်တော်။ ။ ဒါ့ကြောင့်မို့ “တပည့်တော် ကံကောင်းတာတွေကို
တွေ့ရပါလိမ့်ဥုးမယ်”လို့ လျှောက်ခဲ့တာဘဲ၊ ဒါ့ကြောင့်လဲ ယခုတွေ့ရတဲ့ ဗုဒ္ဓမြတ်စွာရဲ့
သာသနာတော်ကို မတိမ်ကောစေချင်တာပါ၊ မတိမ်ကောအောင် စောင့်ရှောက်ဘို့လဲ တပည့်တော်မှာ
တာဝန်ရှိတယ်လို့ ယူဆနေတာပါဘဲ၊ သာသနာကြီးဟာ တပည့်တော်ရဲ့ တစ်သံသရာလုံးအတွက်
ကျေးဇူရှင်ကြီးမဟုတ်ပါလားဘုရား။
ဓမ္မဂုတ်။ ။ ဟုတ်ပါတယ် ဟုတ်ပါတယ်, ကိုယ်တော့်အတွက်
“ဘုရားကျေးဇူးတော်သည် အဆုံးမရှိ”ဆိုတာ မှန်ပါတယ်။
♣ တစ်ဘဝသံသရာ စာအုပ်မှ ပူဇော်ပါသည်။