စိတ်ကိုအာရုံနှင့်
လေ့ကျင့်ခြင်း - စိတ်ဖြစ်စဉ်ကို လေ့လာသုံးသပ်တဲ့အခါမှာ ပင်ကိုယ်ပကတိ ရိုးရာစိတ်တွေက
အာရုံနဲ့လေ့ကျင့်နေစရာ မလိုဘူး၊ ဖြစ်ပေါ်လာတဲ့ အာရုံမှာ အလိုအလျောက် စိတ်က တွေးတောကြံစည်မှုတွေ
ပြုပြီး အာရုံထဲနစ်မျောသွားတယ်။
အရင့်အရင်များက ဘုန်းကြီးတို့ ပြောခဲ့ပြီ
- အဆင်းအာရုံလေးတစ်ခု မျက်စိတံခါးက ဝင်လာတဲ့အခါမှာ ထိုအာရုံနဲ့ အလုပ်လုပ်တဲ့ စိတ်ပေါင်း
၇-မျိုး - ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော, တဒါရုံလို့
စက္ခဒွါရမှာ ရ-မျိုး၊ အဲဒီမျက်စိတံခါးက ထင်လာတဲ့ အာရုံနဲ့ပဲ ကြုံတွေးပြီးတော့ အလုပ်လုပ်တဲ့စိတ်တွေက
မနောဒွါရမှာ မနောဒွါရာဝဇ္ဇန်း, ဇော, တဒါရုံ ဆိုပြီးတော့ ဝီထိစိတ် ၃-မျိုး၊ ပထမအကြိမ်
မနောဒွါရ ဝီထိဖြစ်တယ်၊ ဒုတိယအကြိမ်လည်း မနောဓွရဝီထိ ဖြစ်တယ်၊ တတိယအကြိမ်လည်း မနောဒွါရဝီထိ
ဖြစ်တယ်။
ဖြစ်ကြိမ်အားဖြင့် ပြောမယ်ဆိုရင်
ပထမအကြိမ်းက ဝီထိစိတ်က ၁၄-ကြိမ်ဖြစ်တယ်၊ ဝီထိမုတ်စိတ်က ၃-ကြိမ်ဖြစ်တော့ အားလုံး ၁၇-ကြိမ်၊
၁၇-ကြိမ်ပြည့်တာနဲ့ တစ်ပြိုင်နက် မျက်စိမှာ ထင်လာတဲ့ ရူပါရုံလေးရဲ့ သတ်တမ်းဟာ ကုန်သွားပြီ၊
စိတ်ထဲမှာ မှတ်ထားလိုက်တဲ့ အာရုံလေးပေါ်မှာ တစ်ခါ တွေးတောတဲ့ အလုပ်ကို ဆက်လုပ်ကြတယ်။
နားက အသံကြားရတဲ့ အခါမှာလည်း ထို့အတူပဲ
အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒဆိုတဲ့ ဘဝင် ၃-ကြိမ်ဖြစ်ပြီးတဲ့ အခါမှာ ပဉ္စဒွါရာဝဇ္ဇန်းက
တံခါးဖွင့်ပေးလိုက်လို့ သောတဝိညာဏ်စိတ် ဖြစ်တယ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော၊
တဒါရုံ ၂-ကြိမ် ဖြစ်ပြီးတဲ့ အခါမှာ အသံလေးရဲ့သက်တမ်း ကုန်ဆုံးသွားလို့ ချုပ်ငြိမ်းသွားတယ်။
အဲဒီအသံလေးကို စိတ်က မှတ်ထားပြီး
ပြန်တွေးတဲ့အခါ မနောဒွါရမှာ ထပ်ဆင့်ဖြစ်ပေါ်လာပြန်တယ်၊ ဘဝင် ၂-ကြိမ် ဖြစ်ပြီးတဲ့အခါ
မနောဒွါရဝဇ္ဇန်း၊ ဇော ၇-ကြိမ်၊ တဒါရုံ ၂-ကြိမ်။ ဒီလို ဝီထစိတ်တွေဟာ အသံအာရုံလေးနဲ့ ဆက်သွယ်ပြီး
အလုပ်လုပ်တယ်၊ ဒုတိယအကြိမ် တစ်ခါထပ် အလုပ်လုပ်ပြန်တယ်၊ တတိယအကြိမ် တစ်ခါထပ် အလုပ်လုပ်ပြန်တယ်၊
အဖြေမတွေ့မချင်း လုပ်မယ်ပေါ့၊ တတိယအကြိမ်လောက်နဲ့ အဖြေတွေ့သွားရင် ဒီအပေါ်မှာ နောက်ထပ်
ထပ်စဉ်းစားမှုဆိုတဲ့ ဝီထိစိတ်တွေ မြောက်မြားစွာဖြစ်ဦးမယ်၊ ဒါက ရိုးရာဖြစ်လို့ လေ့ကျင့်နေစရာမလိုဘူး။
မျက်စိကမြင်တဲ့ အာရုံအပေါ်မှာလည်းပဲ
လေ့ကျင့်နေစရာ မလိုဘူး၊ ဖြစ်ပေါ်လာတဲ့ အာရုံပေါ်မှာ စိတ်ကူးစိတ်သန်းတွေဟာ ဖြစ်ပြီးသွားကြတယ်၊
နှာခေါင်းက အနံ့ရတဲ့အာရုံ၊ လျှာက အရသာခံရတဲ့အာရုံ၊ ခန္ဓာကိုယ်က တွေ့ထိလာတဲ့အာရုံလို့ဆိုတဲ့
ပဉ္စဒွါရမှာ ထင်လာတဲ့ အာရုံတွေကို ယခုကဲ့သို့ စိတ်တွေဟာ အာရုံနဲ့ အလုပ်လုပ်ပြီးတော့
အဖြေထုတ်သွားလိုက်ကြတာ အဲဒီအဖြေနဲ့ပဲ လူ့လောကမှာ လူတွေဟာ ပျော်မွေ့ပြီးတော့ နေကြတယ်နော်၊
စိတ်ထဲက အဖြေထုတ်ထားတာတွေနဲ့ ပျော်မွေ့ပြီးတော့ အဲဒီလို နေကြတယ်။
စက္ခုဒွါရမှာဆိုလည်းပဲ “အတိမဟန္တာရုံ” ဆိုတဲ့ အလွန်ကြီးတဲ့အာရုံမျိုးနဲ့
တွေ့တဲ့အခါမှာ အခုလို စိတ်အစဉ်ဖြစ်တယ်၊ မဟန္တာရုံ ဆိုတဲ့အခါကျတော့ စိတ်အစဉ်တစ်မျိုး
ပြောင်းသွားမယ်၊ ပရိတ္တာရုံ ဆိုတဲ့ အခါမှာလည်းပဲ တစ်မျိုးပြောင်းသွားမယ်၊ အတိပရိတ္တာရုံ
ဆိုတဲ့ သိပ်သေးတာကျတော့ ဘဝင်အစစ်ဟာ မပြတ်တော့ဘဲနဲ့ ဝီထိစိတ်တောင် မပေါ်တော့ဘူး၊ ဘဝင်ကလေးလှုပ်ရုံမျှ
လှုပ်ပြီးတော့ ချုပ်ငြိမ်းသွားတယ်၊ အတွေးတွေဟာ ဝင်မလာနိုင်တာမျိုးလည်း ရှိတယ်ပေါ့၊ အရုံရဲ့
ဒီဂရီအတိုင်း အဲဒီလိုသွားတယ်၊ mind door မှာ ကျတော့ တွေတောတဲ့ အာရုံတစ်ခုဟာ ထင်ရှားတယ်၊
မထင်ရှားဘူး ဆိုတာ ၂-မျိုးနဲ့လာပြီး အာရုံကို ဆက်ပြီး စဉ်းစားပြီး အလုပ်လုပ်သွားကြတယ်။
လူ့ဘဝဆိုတာ ဒါပါပဲ၊ နေ့စဉ် ဒီအတိုင်း
သွားနေကြတာ၊ အမြင်အာရုံပေါ်မှာ အလုပ်လုပ်တယ်၊ အကြားအာရုံပေါ်မှာ အလုပ် လုပ်တယ်၊ အနံ့အာရုံ၊
အရသာအာရုံ၊ အထိအတွေ့အာရုံ၊ အမြင် အကြား အနံ့ အရသာ အထိအတွေ့ လောလောဆယ်ထိတာမရှိဘူး ဆိုလို့ရှိရင်လည်း
မျက်စိလည်း မှိတ်ထားတယ်၊ နားလည်း ပိတ်ထားတယ်၊ နှာခေါင်းကလည်း အလုပ်မလုပ်ဘူး၊ လျှာကလည်း
အလုပ်မလုပ်ဘူး၊ ခန္ဓာကိုယ်ကလည်း အလုပ်မလုပ်ဘူးဆိုရင် သက်သက်လေး ခေါင်းလေးခြုံပြီး တွေးတောတဲ့
စိတ်တွေကလည်း ဖြစ်သေးတာပဲ၊ မနောဒွါရသက်သက်မှာလည်းပဲ စိတ်ကူး စိတ်သန်းတွေ ဖြစ်နေတယ်။
အဲဒီ စိတ်ကူးစိတ်သန်းတွေကျတော့
မြင်ခဲ့ပြီးတဲ့ အာရုံကို အာရုံပြုပြီးဖြစ်တာရှိသလို မမြင်သေးတဲ့ အာရုံကိုလည်း တွေးတော
ဆင်ခြင်ပြီးတော့ ဖြစ်နေတာမျိုးတွေရှိတယ်၊ ရှိတာကိုလည်း တွေးတောတယ်၊ မရှိတာလည်း တွေးတောတယ်၊
မဟုတ်တာလည်း တွေးတယ်၊ ဟုတ်တာလည်း တွေးတယ်ဆိုတဲ့ အတွေးအာရုံတွေထဲမှာ တွေ့ကြုံခံစားဖူးသမျှ
အာရုံတွေကို အခြေပြုပြီးတော့ လူ့ရဲ့စိတ်ဟာ အာရုံတစ်ခုခုနဲ့ အလုပ်လုပ်နေတယ်လို့ ပကတိရိုးရာ
အချိန်မှာ ဒီအတိုင်းပဲ သွားနေမှာပဲ။
စိတ်ကို အာရုံနဲ့ လေ့ကျင့်ပေးတယ်ဆိုတာကျတော့
သမထကျင့်စဉ်တစ်ခု ဝိပဿနာကျင့်စဉ်တစ်ခုနဲ့ စိတ်ကို အာရုံနဲ့ လေ့ကျင့်ပေးတယ်၊ အဲဒါကျတော့
ပုံစံပြောင်းသွားတယ်၊ ပင်ကိုယ်စိတ်ထက် ဒီအာရုံနဲ့ လေ့ကျင့်ပေးလိုက်လို့ တိုးတက်ဖြစ်ပေါ်လာတဲ့စိတ်က
နေ့စဉ်ဘဝမှာ ထိတွေ့တဲ့စိတ်မျိုး မဟုတ်တော့ဘူး၊ ဆိုပါစို့ - eye door မှာပဲဖြစ်စေ
mind door မှာပဲဖြစ်စေ၊ မျက်စိတံခါးကပဲ ဖြစ်စေ၊ စိတ်တံခါးကပဲဖြစ်စေ အာရုံတစ်ခုခုကို
ယူပြီးတော့ လေ့ကျင့်ယူတဲ့ဟာ၊ လေ့ကျင့်ယူတဲ့အခါကျလို့ရှိရင် သာမန်ဖြစ်ရိုးဖြစ်စဉ် စိတ်တွေထက်
ထူးခြားပြီးတော့ တည်ငြိမ်တဲ့စိတ်ဓာတ်မျိုးကို ရရှိလာနိုင်သေးတယ်၊ အဲဒါကိုပဲ “တရားကျင့်တယ်” လို့ ပြောတာပေါ့။
ဆိုပါစို့ - ကသိုဏ်းအာရုံလေးတစ်ခုကိုယူတယ်၊
အားလုံးကြားဖူးကြတယ် - ရှင်စူဠပန္ထကဝတ္ထု၊ စူဠပန်မထေရ်ကို မြတ်စွာဘုရားက ပုဝါအဖြူကလေး
ပေးထားတယ်၊ တန်ခိုးတော်နဲ့ ဖန်ဆင်းပြီး ပေးထားတဲ့ ပုဝါလေးဆိုတော့ ဆွတ်ဆွတ်ဖြူနေတယ်၊ အလွန်ဖြူနေတယ်၊ အဲဒီပုဝါပိုင်းကလေးကိုကြည့်ပြီးတော့ စိတ်ကိုလေ့ကျင့်တာ၊ အဖြူအာရုံလေးပေါ်မှာ စိတ်ကို
လေ့ကျင့်တာ၊ ဒီသဘောကို ဓမ္မပဒအဋ္ဌကထာမှာ ကြည့်ရင်လည်း မထင်ရှားဘူး၊ အင်္ဂုတ္ထိုရ်အဋ္ဌကထာမှာ
ကြည့်ရင်လည်း မထင်ရှားဘူး။
သူ့ရဲ့ အတိတ်ဇာတ်လမ်း “အပဒါန” လာ အတိတ်ဝတ္ထုကြောင်းကို ကြည့်မယ်ဆိုလို့ရှိရင်
ရှင်စူဠပန်ကို ဘာကြောင့် ပုဝါပေးတယ်ဆိုတဲ့ သဘောက ထင်ရှားတယ်၊ အတိတ်ဘဝတုန်းက ရှင်စူဠပန်ဟာ
သြဒါတကသိုဏ်း မှာ အလေ့အကျင့်လုပ်ခဲ့တယ်၊ အဲဒါအကြောင်းအရင်းပဲ၊ သြဒါတကသိုဏ်းမှာ အလေ့အကျင့်လုပ်ရတာ၊
အဲဒီအလေ့အကျင့်နဲ့ ဆက်နွယ်ပြီး မြတ်စွာဘုရားက ပုဝါပိုင်းပေးတာ၊ အကြောင်းမဲ့ပေးတာမျိုး
မဟုတ်ဘူး၊ ကမ္မဋ္ဌာန်းအာရုံတစ်ခုကို ပေးထားတာ။
နောက်တစ်ခုက သူဟာ တစ်ခုသောဘဝမှာ
ရှင်ဘုရင်ဖြစ်လို့ တိုင်းပြည်ကို လှည့်လည်စစ်ဆေး ကြည့်ရှုတဲ့အခါမှာ မျက်နှာက ချွေးတွေထွက်တယ်။
ဖြူဆွတ်နေတဲ့ပုဝါလေးနဲ့ မျက်နှာကို သုတ်လိုက်ပြီး အဲဒီဖြူဆွတ်နေတဲ့ ပုဝါလေး မည်းညစ်သွားတာကို
တွေ့တဲ့အခါမှာ စိတ်ထဲမှာ သံဝေဂသဘောလေး ဖြစ်မိတယ်၊ “သြော်
- ဒီခန္ဓာကိုယ်ကြီး အကြောင်းပြုပြီးတော့ အင်မတန်ဖြူစင်တဲ့ပုဝါလေး ညစ်နွမ်းသွားရပါလား” ဆိုတဲ့ သံဝေဂစိတ်ကလေး ပေါ်လာတယ်၊ အဲဒီအချိန်မှာ ဖြစ်ခဲ့တဲ့
သံဝေဂစိတ်ကလေးကို မြတ်စွာဘုရားက ရှင်စူဠပန်ဘဝ ရောက်တဲ့အခါကျတော့ ဝိပဿနာဉာဏ်နဲ့ ဆက်စပ်ပေးခဲ့တယ်။
အဲဒါကြောင့် အရေးကြီးပြီ မှန်ကန်တဲ့
အတွေးလေးတေါဟာ သာန်ကြည့်မယ်ဆိုရင် တန်ဖိုးမရှိဘူးလို့ ထင်ကြရပေမယ့်လို့ တကယ်တန်ဖိုးရှိတာနော်၊
တ၇ားထူး တရားမြတ်ရဖို့ ဘယ်လောက် အထောက်အကူပြုသလဲဆိုတာ ဒီဝတ္ထုက သက်သေပြနေတယ်၊ နဖူးချွေးသုတ်ပုဝါလေးမည်းသွားတာ
ကြည့်ပြီးတော့ ခန္ဓာကိုယ်ရဲ့ အပြစ်ကို မြင်လိုက်တဲ့အမြင်လေးက ဝိပဿနာဉာဏ်ကို ဦးတည်သွားစေနိုင်တယ်။
နောက်တစ်ခု ဆက်စပ်လို့ ပြောရဦးမယ်၊
အားလုံးကြားဖူးကြလိမ့်မယ်၊ “ပဉ္စဂ္ဂပုဏ္ဏားဇနီးမောင်နှံ” ဆိုတာ၊ ဘယ်အခါဖြစ်ဖြစ် သူတို့ဟာ အလှူအတန်း လုပ်တဲ့အခါမှာ
ဦးဦးဖျားဖျားလုပ်လို့ ပဉ္စဂ္ဂလို့ အမည်ပေးထားတာ။ “မြတ်စွာဘုရားနဲ့
တွေ့တဲ့အခါ တရားဟောတယ်”။ သူတို့အတွက် စကားလုံး ရွေးချယ်လိုက်တဲ့အခါမှာ
အတိတ်ဘဝတုန်းက “နာမရူပ” ဆိုတဲ့ စကားလုံးကို အကြိမ်ကြိမ်ကြားဖူးကြလို့ အဲဒီစကားလုံးနဲ့
သူတို့ ယဉ်ပါးနေတယ်၊ ရင်းနှီးနေတယ်၊ familiar ဖြစ်နေတယ်၊ “ဘယ်လိုပုဂ္ဂိုလ်ကို ဘိက္ခုလို့ ခေါ်သလဲ” ဆုတဲ့မေးခွန်းကို ဖြေတဲ့အခါမှာ မြတ်စွာဘုရားက “နာမ်ရုပ်အပေါ်မှာ အစွဲအလမ်းကင်းတဲ့ပုဂ္ဂိုလ်မျိုးကို ဘိက္ခုခေါ်တယ်” လို့ နာမ်ရုပ်နဲ့ ဆက်စပ်ပြီးတော့ ဟောပြောလိုက်တယ်။ ထိုအခါမှာ
မဂ် ဖိုလ် ရသွားကြတယ်၊ ဒါလည်းပဲ အတိတ်ကို အခြေပြုတယ်လို့ ပြောရမယ်။
ဓမ္မအသိဉာဏ်ဆိုတာ သာမန်အားဖြင့်
ပြောမယ်ဆိုလို့ရှိရင် သိပ်ပြီးတော့ အဆင့်မမြင့်ဘူးလို့ ထင်ရပေမယ့်လို့ မြတ်စွာဘုရားနဲ့
တွေ့တဲ့အခါ အင်မတန်မှ အထောက်အကူဖြစ်တယ်လို့ မှတ်ရမယ်နော်၊ အများကြီး အထောက်အကူဖြစ်တယ်။
ရှင်ယသတို့ဝတ္ထုကို ကြည့်လိုက်ဦးမလား၊
ယသ သူဌေးသားတို့ အတိတ်ဘဝတုန်းက နာရေးကိစ္စမှာ မီးသင်္ဂြိုလ်တဲ့ လုပ်ငန်းကို ကုသိုလ်ဖြစ်
လုပ်ကိုင်ခဲ့ကြတဲ့ သူငယ်ချင်းတစ်စု၊ အတိတ်ဘဝတုန်းက ကိုးကွယ်ရာမဲ့သူတွေ၊ ပိုက်ဆံမတက်နိုင်တဲ့သူတွေ
နာရေးကိစ္စ ပေါ်လာတဲ့အခါ သူတို့က အခမဲ့ကူညီပြီး မီးသင်္ဂြိုလ်ပေးခဲ့ကြတယ်၊ သူသေကောင်ကို
မီးသင်္ဂြိုလ်ပေးရင်း ကမ္မဋ္ဌာန်းကို စိတ်ထဲမှာ ထင်မြင်လာခဲ့ကြတယ်၊ ခန္ဓာကိုယ်ကြီးရဲ့ မတည်မြဲပုံ၊
ရွံစရာကောင်းပုံ၊ စက်ဆုပ်စရာကောင်းပုံ၊ မတင့်တယ်ပုံ ဆိုတာတွေကို လက်တွေ့အားဖြင့် သူတို့သိမြင်ခဲ့ကြတယ်၊
စိတ်ထဲမှာ ဖြစ်ပေါ်ခဲ့ကြတယ်။
အဲဒီစိတ်အစဉ်ကလေးက သူတို့ရဲ့ ဘဝတစ်ခုမှာ
energy အနေနဲ့ စုပြီးဆောင်းပြီး ဖြစ်သွားတယ်။ ယသ သူဌေးသားဆိုတာ အလွန်ချမ်းသာတယ်၊ မိဘတွေက
ဂရုစိုက်တယ်၊ ညလုံးပေါက် အမျိုးသမီးတွေချည်း တီးမှုတ်တဲ့ တူရိယာတွေနဲ့၊ အဆိုအကတွေနဲ့
ပျော်ရွှင်စေတယ်။ သူ့ရဲ့စံအိမ်မှာ တီးကြမှုတ်ကြ ဖြေဖျော်ကြတဲ့ အမျိုးသမီးတွေ အကန်ုလုံး
အိပ်ပျော်ကုန်ကြတယ်၊ သူနိုးလာတဲ့အခါကျတော့ အိပ်နေကြတာတွေကိုကြည့်၊ တချို့ကလည်း ဟောက်ပြိး
အိပ်နေမှာပေါ့လေ၊ လူဆိုတာ မျိုးစုံပေါ့၊ ပါးစပ်ကြီးဖြဲပြီး အိပ်နေတာလည်း ပါမှာပေါ့၊
အဲဒီအိပ်နေတဲ့ သူတွေရဲ့ အသွင်သဏ္ဌာန်ကို မြင်လိုက်တဲ့အခါ အတိတ်ဘဝတုန်းက သူသေကောင်ကို
မီးသင်္ဂြိုလ်ခဲ့တဲ့ အနေအထားနဲ့ပြန် ဆက်စပ်မိသွားတယ်။
ဆက်စပ်မိသွားတဲ့အခါ သံဝေဂရဲ့ အရှိန်အဝါဟာ
သိပ်ကြီးသွားတယ်၊ ကြီးသွားသည့်အတွက် အိမ်မှာနေလိုစိတ် မရှိလို့ အိမ်ကနေ ထွက်ခွားသွားတယ်၊
ဘုရားနဲ့ သွားတွေ့တယ်၊ “လောကကြီးက ဆိုးလိုက်တာ၊ ဆိုးလိုက်တာ” “ဥပဒ္ဒုတံ
ဝတ ဘော လောကော၊ ဥပဿဋ္ဌံ ဝတ ဘော လောကော” အနှိပ်စက်ခံနေရပြီ ဒီုက္ခကြီးက ဘယ်လိုလွတ်ပါ့မလဲ” လို့ ငြီးတွားပြီး ထွက်ခွာသွားတယ်။ ဘုရားနဲ့တွေ့ တရားဓမ္မနာရလို့
ရဟန္တာဖြစ်သွားတယ်။ ကြည့် - အဲဒီ အတိတ်ဘဝက သံဝေဂကုသိုလ်ဟာ နည်းတဲ့ ကုသိုလ် ဟုတ်ဘူး။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) မှ ပူဇော်ပါသည်။
*** ဆက်လက်ပူဇော်ပါမည်။