၆။ ငါးနှစ်ကျော်ဝယ်-ဆယ်နှစ်ရွယ်
ဓမ္မဂုတ်။ ။ ဥုးဇနကရေ……ကိုယ်တော်ရှင်ပြုပြီးတဲ့အခါ
ကျောင်းနေရောလား။
တပည့်တော်။ ။ မနေရသေးပေါ ဘုရား,ဘိုးက အင်မတန်ချစ်တော့ ၅
နှစ်ပြည့်တောင် ကျောင်းမထားသေးပါဘူး။
ဓမ္မဂုတ်။ ။ လူကြီးတွေက အချစ်လွန်တာလဲ
ချစ်ရာမရောက်ဘဲ နှစ်ရာရောက်တာဘဲနော်။
တပည့်တော်။ ။ မှန်ပါတယ်, တပည့်တော်တို့ အဖေ့ဖက် အမျိုးကိုက
သားသ္မီးကို အချစ်လွန်ဟန်တူပါတယ်၊ ၃ ဆက်မြောက် ဘိုးကြီးက အသက်ရှစ်ဆယ်လောက်ရှိတော့
ပြောပါသတဲ့၊ “ငါသေရမှာ မကြောက်ပါဘူး, ငါသေတဲ့အခါ ငါ့သားကလေးက (နှစ်ဆက်မြောက်
ဘိုးဖြစ်သူက) ငါ့အလောင်းကို ကြောင့်ကြစိုက်ရမှာ သနားတာဘဲ”လို့။
ဓမ္မဂုတ်။ ။ ငါ့သားကလေးဆိုတဲ့သူက
ဘယ်လောက်ကြီးပြီလဲ။
တပည့်တော်။ ။ ငါ့သားကလေးဆိုတဲ့သူက အဲဒီအချိန်မှာ အသက် ၆ဝ
လောက်ရှိပါပြီတဲ့၊ “ဘိုးဖေ”လို့ ခေါ်ပါတယ်၊ ရွှေတောင်ကျောင်းကြီးရဲ့ ကျောင်းဒကာပါ။
ဓမ္မဂုတ်။ ။ ဩော်……အသက် ၆ဝ လောက်ရှိတာတောင်
(သားကလေး) တဲ့လား, ကိုယ်တော့် အမျိုးက သံယောဇဉ်ကြီးပုံရတယ်။
တပည့်တော်။ ။ သံယောဇဉ် ကြီးကြပါတယ်၊ အဖေရဲ့ အဖေ
ဘိုးခင်မောင် ဆုံးခါနီးမှာ တပည့်တော်ကို အပင့်ခိုင်းပါသေး သတဲ့၊ အဖေက
ပင့်မပေးပါဘူး၊ အဲဒီအချိန်မှာ တပည့်တော်က ပခုက္ကူမှာ စာသင်နေပါတယ်၊ ဆုံးမှ
သံကြိုးလာတော့ မဆုံးခင်ကခေါ်လျှင် လာဘို့ပါဘဲ, ဆုံးမှ လာလို့တော့ မထူးပါဘူး, ကူညီပြီး
ငိုဖို့သာ ရှိပါတော့တယ်, “မလာပါရစေနဲ့” လို့ စာပြန်လိုက်ပါတယ်။
ဓမ္မဂုတ်။ ။ အင်း……ကိုယ်တော့် လက်ထက်ကျတော့
ဘဘာဝကျတဲ့ ပိဋကတော်တွေကို သင်ရလို့ အမှန်ကို လိုက်နိုင်ပြီပေါ့နော်။
တပည့်တော်။ ။ မှန်ပါတယ် ဘုရား, ဘုရားရှင်၏ ရွှေနှုက်တော်ထွက်ဖြစ်တဲ့
ပိဋကတော်ဟာ သတ္တဝါတွေ ချမ်းသာဘို့ချည်းဖြစ်ပါတယ်၊ ယခုလူတို့ ဒုက္ခရောက်နေတာဟာ
ငွေမကုန်တန်ဘဲ အပိုကုန်တာတွေများပြီး တကယ်သုံးစရာကြုံတဲ့အခါ မသုံးနိုင်ကြလို့
ဖြစ်ပါတယ်၊ မသာ-အသုဘဟာ (ဘုန်းကြီးပြန်ဖြစ်စေကာမူ) ချဲ့ထွင် ငွေကုန်လေ,လူပန်းလေ
ဒုက္ခများလေ ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ ကိုင်း,ကိုင်း…ရှေးလူကြီးတွေရဲ့
အမှားဒုက္ခတွေကို ပုရွက်ဆိတ်အုံ ဒုတ်နဲ့ ဆွသလို ပွထ မလာပါစေနဲ့တော့၊ ကိုယ်တော်
ဘယ်အရွယ်ကျမှ ကျောင်းနေတုန်း။
တပည့်တော်။ ။ ၆ နှစ်ပြည့်ခါနီးမှာ နေရလို့ သိပ်မကြီးပါဘူး၊
ကျောင်းထားတဲ့ရက်က တပိုတွဲလပြည့်နေ့ နှမ်းမနဲထိုးကြတဲ့အခါ နှမ်းမနဲလှူရင်း
ကျောင်းအပ်တာပါဘဲ။
ဓမ္မဂုတ်။ ။ တခြားနေ့ရက်မှာ ကျောင်းအပ်ရင်
ဆွမ်းအုပ်ပါရမှာမို့ ကိုယ်တော့် ဘိုးက ချွေတာတဲ့သဘောနဲ့ ထိုရက်မှာ
ကျောင်းအပ်တာထင်တယ်။
တပည့်တော်။ ။ မလျှောက်တတ်ပါ ဘုရား, ဖြစ်ချင်လဲ
ဖြစ်နိုင်တာပါဘဲ၊ တပည့်တော်တို့အမျိုးက အများအားဖြင့် ချွေတာရေး
အားကြီးလွန်းပါတယ်။
ဓမ္မဂုတ်။ ။ ဟုတ်တယ်, ဟုတ်တယ်-ဇာတ်
အငြိမ့်လူပြက်တွေကတောင် “ဖြစ်လေရာ ဘဝသံသရာမှ သရိုင်ရွာရဲ့ ဆီပုလင်း
မဖြစ်ပါရစေနဲ့”လို့ ဆုတောင်းသတဲ့၊ လူပြက်တစ်ယောက်က (ဘာပြုလို့တုန်း) လို့ မေးတော့
“ဆီများများ မကျအောင် ဆီပုလင်းအပေါက်ကို လက်နဲ့ပိတ်-ပိတ်ပြီး ဟင်းအိုးအထက်မှာ
လှဲရမ်းတဲ့အခါ မူးလွန်းလို့”ဟု ပြက်လုံးထုတ်ကြသတဲ့။
တပည့်တော်။ ။ အဲဒီပြက်လုံးအတိုင်း မဟုတ်ပါဘုရား၊
အဲဒီခေတ်တုန်းက ဆီပုလင်းတောင် မသုံးသေးပါဘူး၊ ဆွေမျိုးများရဲ့ အိမ်တိုင်းမှာ
အများအားဖြင့် ပိုလို့ရောင်းဖို့ ဆီအိုးကြီး, အိမ်မှာ တစ်နှစ်လုံးသုံးဘို့
ဆီအိုးလတ်, မီးဖိုထဲမှာသုံးဘို့ ဆီအိုးငယ်ငယ်ကလေး၊ အဲဒီလို ၃ မျိုးထားကြပါတယ်၊
ဆီအိုးငယ်ငယ်ကလေးမှာ ဆီကုန်ရင် ဆီအိုးလက်ကဆီကို ယူပါတယ်၊ အဲဒီအိုးကလေးထဲမှာ ထန်းသီးအငယ်ကလေးကို
လုပ်ထားတဲ့ ဆီမှုတ်ပေါက်စ ကလေးရှိပါတယ်၊ အရွယ်ကတော့ လက်ညိုးနှင့် လက်မကွင်းထားတဲ့
လက်ကွင်းလောက်သာ ရှိပါတယ် ၊ အဲဒီမှုတ်ကလေးနဲ့ ယူပြီး ဟင်းအိုးထဲမှာ ထည့်တာဖြစ်တော့
ဘယ်အခါမှ ပိုလွန်မသွားနိုင်ပါဘူး၊ နံနက် အိပ်ယာထမှာ ကလေးတွေကို ဆီဆမ်းဆားဖြူး၊
ထမင်းကျွေးလျှင်၊ အဲဒီမှုတ်ကလေးကို ထမင်းထဲလှည့်ပတ် ဖိလိုက်တာပါဘဲ၊ ဆီကတော့ တစက် ၂
စက်သာသာလောက်သာ ဆမ်းတာပါ။
ဓမ္မဂုတ်။ ။ ဒီလို စည်းကမ်းကြီးကြီးနဲ့
နှမြောလို့လဲ ရှေးလူကြီးတွေက “ငါတို့ အမျိုးမှာ လူမွဲမရှိဘူး”လို့
ကြွားကြဟန်တူတယ်။
တပည့်တော်။ ။ ဟုတ်လောက်ပါတယ်, တပည့်တော်တို့အမျိုးရဲ့ တစ်ဝမ်းကွဲနှင့်
အရင်းထဲမှာ တပည့်တော်ရဲ့ မိဘများဟာ ပစ္စည်းအညံ့ဆုံးလို့ ထင်ပါတယ်၊
ဘာ့ကြောင့်လဲဆိုတော့ စပါးထားတဲ့ကျီဟာ တပည့်တော်တို့ကျီက အငယ်ဆုံးပါ၊ စပါးတစ်ထောင်လောက်သာ
ဝင်ဆံ့နိုင်ပါတယ်၊ ဒါပေမယ့် လှည်း,နွား,ကျွဲ အစုံရှိတဲ့အပြင် အဖေစီးဘို့
မြင်းတစီးလဲ ရှိပါသေးတယ်၊ လယ်ယာလုပ်တဲ့အခါ စာရင်းငှါးတစ်ယောက် ကြီးကြီးလဲ
ထားလေ့ရှိပါတယ်,အဖေက သိပ်ပြီး အပင်ပန်းမခံပါဘူး။
ဓမ္မဂုတ်။ ။ ကိုယ်တော်တို့ရဲ့ ရှေးခေတ်အမျိုးက
နှမြောတာတော့ မှတ်တမ်းတင်လောက်ပါတယ်၊ အဲဒီလို နှမြောလောက်အောင် ပစ္စည်းရှိတာက
ဘာအကြောင်းလဲ။
တပည့်တော်။ ။ ဒီဟာလဲ လုံလောက်တဲ့အကြောင်း ရှိပါတယ်၊
သားနဲ့သ္မီးတို့ အိမ်ထောင်ကျတဲ့အခါမှာ ၂ယောက်လုံး ဆွေမျိုးချည်းဖြစ်တော့ ယောက္ခမမိဘတစ်အိမ်အိမ်မှာ
လူကြီးတွေနဲ့ အတူနေကြပါရတယ်, အိမ်ကလဲ နေလောက်အောင် ကျယ်ဝန်းပါတယ်, လူကြီးများက
ကျွေးထားပါတယ်၊ တချို့မှာ အဝတ်လဲ ဆင်တယ်, ဒီတော့ သူတို့ မင်္ဂလာဆောင်တုန်းက
လက်ဖွဲ့လိုက်ကြတဲ့ ငွေဟာသုံးစရာမလိုပါဘူး, စပါးဝယ်ကြပါတယ်၊ သီတင်းကျွတ်လျှင်
ကထိန်လဲခင်းနိုင်ကြပါတယ်, ကိုယ်ပိုင်စပါး တော်တော်များပြီး အိမ်ငယ်တစ်လုံးနဲ့
နေနိုင်သောက်မှ အိမ်ခွဲကြပါတယ်၊ အဲဒီလိုအိမ်ခွဲတော့လဲ မိဘများရဲ့ ဝင်းထဲမှာ
အိမ်ဆောက်ရတာဖြစ်တော့ လူကြီး များရဲ့
အအုပ်အထိန်း မကင်းပါဘူး။
ဓမ္မဂုတ်။ ။ လူကြီးများနဲ့ တဝင်းထဲနေရတော့
အဖေါ်အပေါင်း မကောင်းနဲ့လဲ မပေါင်းဖြစ်, ထိုအပေါ်အပေါင်း မကောင်းတာလဲ မလာကြ, ဒီတော့
အသောက်အစား အကစားဆိုတာလဲ မဖြစ်နိုင်၊ ဒါ့ကြောင့် ပစ္စည်းသာမက စာရိတ္တဘက်ကလဲ ထိန်းပြီးသာ
ဖြစ်သွားတာပေါ့နော်။
တပည့်တော်။ ။ မှန်ပါတယ်-အသုံးအစွဲမှာလဲ လူကြီးတွေနဲ့ အတူနေ
အတူစား ဖြစ်တုန်းက လက်ထပ်သင် ပြီးဖြစ်လို့ စနစ်တကျနေပါတယ်၊ ဒီလိုနေရင်းက တဖြေးဖြေး
စပါးများလာတဲ့အချိန်မှာ တဖက်ဖက်က အမွေရပြန်တော့ သာပြီး အားရှိသွားပါတယ်၊
တချို့တော့ စပါးသာ ပိုပြီးလှောင်ပါတယ်၊ အိမ်တော့ ကြီးကြီးကျယ်ကျယ် မဆောက်သေးပါဘူး,
စပါးကျီနဲ့ တွဲပြီးနေကြပါတယ်၊ "ဥုးသာရ" ဆိုတဲ့ ဦးကြီးတယောက်ဟာ ပထမဆုံး
အမြတ်တော်ခွန် ကောက်တဲ့စနစ် ပေါ်လာတော့ အမြတ်တော်ခွန်ပေးရပါတယ်၊ စပါးကျီနဲ့
တွဲနေတုန်းဖြစ်တော့ အမြတ်တော်ဝန်ထောက်က ကိစ္စရှိ၍ နာမည်မမှတ်တဲ့အခါ
"ဘယ်သူတဲ့ဗျာ, အိမ်မရှိတဲ့လူကြီးဟာလေ" စပြောပါသတဲ့။
ဓမ္မဂုတ်။ ။ ဟုတ်ပါရဲ့ ကိုယ်တော်တို့အမျိုးက
စီးပွားရှာရေးတော့ နာမည်ရတဲ့ အမျိုးပါဘဲ။
တပည့်တော်။ ။ မှန်ပါတယ်, ဒုတိယကမ္ဘာစစ်ဖြစ်တော့ တဝမ်းကွဲ
အမျိုးတွေရဲ့ စီးပွားဟာ အတော်မြင့်နေပါပြီ၊ ဦးလေးတစ်ယောက်ဟာ စပါးရောင်းယင်း
ငွေစက္ကူတွေသိမ်းယင်းနဲ့ ဝက်လက်မှာ ဗုံးချတော့ ပါသွားရှာပါတယ်၊ ဒီလို အမေ့ဘက်က်အမျိုးတွေ
စီးပွားတက်နေချိန်မှာ အမေက ပစ္စည်းအညံ့ဆုံးအချိန် ရောက်နေတော့ အမေဟာပိုပြီး
စိတ်မကောင်းဖြစ်ရှာပါတယ်။
ဓမ္မဂုတ်။ ။ ဘာလို့ ကိုယ်တော့်မိဘက စီးပွားညံ့ရသလဲ။
တပည့်တော်။ ။ ဒီကိစ္စကို နောက်မှ ပြောပါရစေဘုရား, နဲနဲ
ကျယ်ဝန်းလှပါတယ်၊ တပည့်တော်ကျောင်းနေစအချိန်မှာ အမျိုးထုံးစံအတိုင်း
သားရှင်လုပ်နိုင်ကြတာဖြစ်တော့ တပည့်တော်ငယ်စဉ်က မမွဲကြသေးပါဘူး။
ဓမ္မဂုတ်။ ။ ကိုယ်တော်ကျောင်းနေတာရှင်ပြုပြီး
နောက်တစ်နှစ် တပိုတွဲလပြည့်နေ့ဆိုတော့ ၆ နှစ်ပြည့်လုပြီနော်။
တပည့်တော်။ ။ မှန်ပါတယ်, ၆ နှစ်ပြည့်ဖို့ရန် (၁၄) ရက်သာလိုပါတော့တယ်၊
ကျောင်းနေစ အခါမှာ ဘိုးက စိတ်မချလို့နေ့တိုင်းလိုက်ပို့ပါသေးတယ်။
ဓမ္မဂုတ် ။ ။
ကျောင်းနဲ့ ရွာနဲ့က ဝေးလို့လား။
♣♣ တစ်ဘဝသံသရာ စာအုပ်မှ ပူဇော်ပါသည်။