ဆရာ။ ။ ဆရာက တပည့်တို့ကို "နမော တဿ ဘဂဝတော" လို့ ရွတ်-ရွတ်ပြီး ဘုရားကို ကန့်တော့ ကြပါလို့ မကြာခဏ တိုက်တွန်း ရတာဟာ အကြောင်းအမျိုးမျိုး ရှိတယ်။
ကလေးများကို မိကောင်း ဖခင်သားသမီး ပီပီ လိမ္မာစေချင်လို့လဲ တိုက်တွန်းတယ်၊ ရှိခိုးထိုက်တဲ့သူကို ရှိခိုးရတဲ့ အကျိုးဟာ ခုဘဝရော နောက်ဘဝရော အလွန်ကြီးတယ်၊
အဲဒီ အကျိုးများကို ကလေးများ ရစေချင်လို့လဲ တိုက်တွန်းတယ်၊
ရှိခိုးရတဲ့အကျိုးဟာ ခုဘဝရော နောက်ဘဝရော အလွန်ကြီးတယ်၊ အဲဒီ အကျိုးများကို ကလေးများ ရစေချင်လို့လဲ တိုက်တွန်းတယ်၊ ရှိခိုး၍ အကျိုးရပုံကို ဆရာဖတ်ပြမယ်, နားထောင်ကြ။
♣ တစ်ကြိမ်ရှိခိုး၍ အကျိုးရသော အမျိုးသားအကြောင်း။
ဤကမ္ဘာမှ ပြန်၍ရေတွက်သည်ရှိသော် ကိုးဆယ်တစ်ကမ္ဘာထက်၌ "ဝိပဿီ" မည်တော်မူသော မြတ်စွာဘုရား ဖြစ်တော်မူခဲ့လေသည်၊ ထို မြတ်စွာဘုရားသည် ရွှေအဆင်းကဲ့သို့ ဝါဝင်းသောအဆင်း ရှိသည်ဖြစ်၍ အလွန်လှပတင့်တယ်တော်မူတယ်၊
တစ်နေ့သောအခါ ဆွမ်းခံကြွတော်မူလာသော ဘုရားရှင်ကို အမျိုးသားတစ်ယောက်သည် အလွန်ကြည်ညိုသောစိတ်ဖြင့် လက်အုပ်ချီလိုက်လေသည်၊ ထို အမျိုးကောင်းသားသည် ထို ဘဝမှစ၍ ငါတို့ဘုရားလက်ထက်တော်တိုင်
တစ်ကြိမ်တစ်ခါမျှ မဖြစ်ရဘဲ လူ့ဘဝ နတ်ဗြဟ္မာဘဝတို့၌သာ ဖြစ်ခဲ့ရလေသည်၊
ငါတို့ဘုရား လက်ထက်တော်ဝယ် စည်းစိမ်ဥစ္စာ ကြွယ်ဝသောအမျိုး၌ ဖြစ်၍ အရွယ်ရောက်သောအခါ ရဟန်းပြုပြီးလျှင် မကြာမီတွင် ရဟန္တာအဖြစ်သို့ ရောက်၍ "ဧကဉ္စလိယမထေရ်" ဟူသော အမည်အားဖြင့် ထင်ရှား လေသည်၊[သုဘူတိဝဂ်, ဧကဉ္ဇလိယထေရ အပါန်ပါဠိတော်။]
ဆရာ။ ။စိတ်ပါလက်ပါ လက်အုပ်တစ်ကြိမ် ချီလိုက်ရုံနှင့် ဆင်းရဲ ဒုက္ခရောက်သော (ဒုဂ္ဂတိ) ဘဝ တို့၌ မဖြစ်ခဲ့ရဘဲ ဘဝကောင်းမှာချည်းဖြစ်၍ နောက်ဆုံး၌ ရဟန္တာကြီးဖြစ်ပြီး နိဗ္ဗာန်ထိအောင် အကျိုး ရသောကြောင့် ဆရာက တပည့်တို့ကို ဘုရားရှိခိုးကြပါလို့ မကြာခဏ တိုက်တွန်းရခြင်း ဖြစ်တယ်၊
ဒါ့ကြောင့် ကလေးများ မပျင်းကြဘဲ အချိန်ကျရင် စိတ်ပါလက်ပါ ရှိခိုး ကန်တော့ကြနော်။
တပည့်များ။ ။ဟုတ်ကဲ့ ဆရာ, စိတ်ပါလက်ပါ ရှိခိုး ကန်တော့ပါ့မယ်။
♣ ရှိခိုးဝပ်ချနည်း။
ဆရာ။ ။တစ်ကြိမ်ရှိခိုးလို့ အကျိုးရတဲ့အကြောင်းနားလည်ကြ
ဆရာ။ ။လက်အုပ်ဆိုတာ လက်ဖဝါးနှစ်ဖက်ကို ငှက်ပျောဖူးကလေးများလို ခတ်ခုံးခုံးတားပြီး အုပ်ထားရတယ်၊ (လုပ်ပြပါ။) အဲ, ဟုတ်ပြီ၊…အားလုံး "လက်အုပ်" လုပ်ကြကွဲ့။
ဆရာ။ ။"ချီ" ဆိုတာ အထက်ကို မြှောက်ချီတာပဲ၊ ကိုင်း…မောင်ခွေးက လက်အုပ်ကို နဖူး ရောက်အောင် မြှောက်ချီ လိုက်စမ်းကွဲ့၊ အဲ, ဟုတ်ပြီ၊…အားလုံး ချီကြကွဲ့။
ဆရာ။ ။ဒီလို မြှောက်ချီထားတော့ လက်အုပ်ကလေးက ခေါင်းပေါ်မှ "မိုး" မနေဘူးလားဟေ့။
တပည့်များ။ ။မိုးနေပါတယ် ဆရာ။
ဆရာ။ ။အေး အေး, အဲဒီလို "လက်အုပ်ချီမိုး" နေတာကို "ရှိခိုး"တယ်လို့ ခေါ်ရတယ်၊ ရှိခိုးပြီး နှုတ်က ရွတ်ဆိုနေတာကို "ကန်တော့" တယ်လို့ ခေါ်ကြတယ်။
ဆရာ။ ။လက်အုပ်မိုးနေရာက အဲဒီ လက်အုပ်ကိုအောက်သို့ချ၊ ချလိုက်တဲ့အခါ များသောအားဖြင့် ဝပ်ပြီး ချကြသောကြောင့် "ဝပ်+ချ" လို့ခေါ်တယ်။
ဆရာ။ ။ဝပ်ချတဲ့အခါလဲ ကျကျနန ချမယ်ဆိုတော့-
(၁) ဆောင့်ကြောင့်ထိုင်ပြီး လက်အုပ်ချီထား။
(၂) အောက်ငုံ့ပြီး ဒူးဆစ်နှစ်ဖက်ကို ကြမ်းပေါ်မှာ ထိစေ။
(၃) လက်နှစ်ဖက်ကို ကြမ်းပေါ်မှာ အပြားလိုက် ထိစေ။
(၄) အဲဒီ ထိနေသောလက်နှစ်ဖက်ကို ရှေ့တိုးပေးပြီး နဖူးကို လက်နှစ်ဖက် အကြားမှာ ထား။
(၅) တတောင် နှစ်ဖက်လဲ ကြမ်းပေါ်မှာ ထိပေစေ။
(၆) (က) ခြေဖျား နှစ်ဖက် ကြမ်းပေါ်မှာ တည်,
(ခ) ဒူး နှစ်ဖက်လဲ ကြမ်းပေါ်မှာ တည်,
(ဂ) တတောင် နှစ်ဖက်လဲ ကြမ်းပေါ်မှာ တည်,
(ဃ) လက် နှစ်ဖက်လဲ ကြမ်းပေါ်မှာ တည်,
(င) နဖူးလဲ ကြမ်းပေါ်မှာ တည်,
ဤသို့ ငါးမျိုးလုံး ကြမ်းပေါ်(ဖျာပေါ်စသည်) မှာ တည်နေတာကို "ပဉ္စပတိဋ္ဌိတဝန္ဒနာ" (တည်ခြင်း ငါးမျိုးရှိသော ဝပ်ချခြင်း)လို့ ခေါ်တယ်၊ [ဆရာ့ကိုယ်တိုင် ဝပ်ချပြပါ၊ မိန်းကလေးများကိုတော့ ဆောင့်ကြောင့် အထိုင်မခိုင်းဘဲ ဝပ်ချပါစေ။]
ဆရာ။ ။ဒီလို တည်ခြင်းငါးပါးဖြင့် ဝပ်ချဖို့တာဝန်ကတော့ စေတီတော် ရုပ်ပွားတော်ကို ဖြည်းဖြည်း သက်သာ ကန်တော့တဲ့ နေရာမျိုး, ရဟန်းသံဃာတော်များနှင့် အေးအေးဆေးဆေးတွေ့ရတဲ့ နေရာမျိုး,
တမင်သက်သက် ကန်တော့သွားတဲ့ နေရာမျိုး, မိမိအိမ်သို့ ကြွလာတဲ့အခါမျိုးသာ ဖြစ်တယ်၊
စေတီ ပုထိုး များကို လှည့်လည်ကြည့်ရှု ပူဇော်တဲ့အခါ, ရထားသင်္ဘောစသည်သွား၍ ရဟန်းသံဃာကို ကြိုဆိုလိုက်ပို့ တဲ့အခါ ကြည်ညိုလောက်သော ရဟန်းသံဃာတော်ကို လမ်းခရီးတွေ့တဲ့ အခါမျိုးတော့ ဝပ်ချနေဖို့ မလိုပါဘူး၊ လက်အုပ်ချီ၍ဖြစ်စေ, ဦးခေါင်းညွတ်၍ ဖြစ်စေ ရိုသေတဲ့အမူအရာ ပြလိုက်ရင် တော်လောက်ပါပြီ၊
မြေကြီးပေါ်မှာ ထိုင်ပြီး ဝပ်ချရတာလဲ အမြင်မတော်လှဘူး၊ မထိုင်ဘဲ မတ်မတ်ရပ်ပြီး လက်အုပ်ချီလိုက်ရင် တော်လောက်ပြီ၊ ကဲ ကဲ,
လက်အုပ်ချီမိုး ရှိခိုးကန်တော့ ဝပ်ချနည်း များကို နားလည်ကြပြီ၊ နေရာ ဌာနကြည့်ပြီး အကျင့် လုပ်ကြနော်။
♣♣ မဟာဂန္ဓာရုံဆရာတော်၏ ဗုဒ္ဓဘာသာလက်စွဲ မှ ♣♣