ဓမ္မဂုတ်။ ။ ကိုယ်တော် နဲနဲပါးပါး
သိတတ်တဲ့အရွယ်ရောက်တော့ ဆိုသေး-ကသေးလား။
တပည့်တော်။ ။ သိတတ်တဲ့ အရွယ်ရောက်တော့ မဆိုတော့
မကတော့ပါဘူး၊ ဘိုးက ကကြီး, ခကွေး ချပေး, ဘုရားရှိခိုး ချပေး လို့
လမ်းတမျိုးပြောင်း သွားပါတယ်၊ “ရွှေယုန်နဲ့ ရွှေကျား,သက်ကယ်ရိတ်သွားရောတဲ့” စသော
ပုံပြင်ကလေး ဘာကလေးများလဲ နားထောင်ချင်လာပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ဟာ ကံကောင်းချင်တော့
သူတော်ကောင်းလမ်းပြောင်းပေးမဲ့ ဘိုးနဲ့ အတူနေရတာဘဲနော်၊ အဲဒီတုန်းက
ပြင်မပေးရင်ကိုယ်တော်ဟာ အဆို,အက,ဝါသနာပါနေမှာဘဲ။
တပည့်တော်။ ။ တပည့်တော်နဲ့ စပ်ပြီး နောက်လဲ ဆရာ့ကံကောင်းလို့
လမ်းမှန်ရောက်တာတွေ အများဘဲ တွေ့ရပါလိမ့်မယ်၊ ဘာမဆို ရှေးကံဟာ မလွတ်နိုင်ပါဘူး၊
ဉာဏ်မရှိခင် ငယ်စဉ်အရွယ်မှာ ကံစီမံသမျှ ခံကြရပါတယ်၊ တပည့်တော် အတွက်တော့ လူကောင်းများတဲ့
အမျိုးမှာ ဖြစ်ရတာကိုက ပထမကံကောင်းခြင်းပါဘဲ။
ဓမ္မဂုတ်။ ။ ကိုယ်တော့်ဘိုးက လူကောင်းဖြစ်အောင်
လမ်းလွှဲပေးတာလဲ ကိုယ်တော်ရဲ့ ဒုတိယကံကောင်းခြင်းပေါ့။
တပည့်တော်။ ။ ဒီိလိုလဲ ဆိုနိုင်ပါတယ်၊
ဒါပေမဲ့-ကျန်းမာရေးတော့ ထိုခေတ်က မလိုက်စားတတ်ကြလို့ တပည့်တော်ငယ်ငယ်က
တော်တော်ချူချာပါသတဲ့၊ကိုယ်ခန္ဓာရဲ့ ကျန်းမာရေးကို ဂရုစိုက်ကြဟန် မတူပါဘူး။
တပည့်တော်။
။ကျန်းမာရေးသာမက,အချိုးအစားကျအောင်လဲ မပြုပြင်တတ်ကြပါဘူး၊ တပည့်တော်တို့
ကျမ်းစာထဲမှာတော့ ရုပ်ပြုပြင်တာရော စိတ်ပြုပြင်တာရော အပြည့်အစုံပါတာဘဲ ဘုရား။
ဓမ္မဂုတ်။ ။
ရုပ်ကိုဘယ်လိုပြုပြင်ပါတုန်း ကိုယ်တော်။
တပည့်တော်။
။ကလေးငယ်ငယ်မှာ ကိုယ်နံ့မကောင်း လျှင် ကောင်းအောင်နံ့သာရေ အကျဲကလေးနဲ့
လိမ်းပေးရ,ပွတ်ပေးရသတဲ့၊ အမိဝမ်းထဲအောင်းနေခဲ့ရတုန်းက ကုပ်ကုပ်ကလေး
နေခဲ့ရတာဖြစ်တော့ လက်ခြေကိုယ်အင်္ဂါတွေဟာ ဖြောင့်ဖြောင့်စန့်စန့် မရှိပါဘူး၊
ဒါ့ကြောင့် မိခင်က ခြေဆင်းပြီးတော့ ကလေးကို ပေါင်ပေါ်မှာ စန့်စန့်ကလေး
ထားပြီးလက်မောင်း,လက်ရုံး,ခြေသလုံး,ပေါင်တို့ကို ဆန့်တန်လျှင် ဆန့်ပေးရ,ဖိတန်လျှင်
ဖိပေးရပါသတဲ့၊ နှာခေါင်းကလေး ပုနေပြားနေလျှင် သာသာယာယာ ဆွဲဆန့်မြှင့်ပေးရပါတယ်၊
နဖူးမောက်နေလျှင် ဖိပေးရပါတယ်၊ နောက်စေ့ထွက်နေ ကောက်နေလျှင်လဲ ပြုပြင်ပေးရပါတယ်။
ဓမ္မဂုတ်။
။ကျမ်းစာက ကလေးနုနုကို ပြုပြင်ဘို့ သေသေချာချာ
ဆိုတယ်နော်,ယခု အမေတွေကတော့ ဒီလိုပြင်ပေးတာကို တွေ့ဘူးရဲ့လား။
ဆိုတယ်နော်,ယခု အမေတွေကတော့ ဒီလိုပြင်ပေးတာကို တွေ့ဘူးရဲ့လား။
တပည့်တော်။
။ယခု အမေတွေက ပြင်ရမှန်းလဲ မသိကြရှာပါဘူး, ဘာဘဲဖြစ်ဖြစ် ကံချည်းဘဲ
အောက်မေ့လိုက်တာပါဘဲ၊ ဘုရားရဲ့ ဉာဏ်ဝီရိယဖြင့် ပြုပြင်မှု ကြိုးစားမှုကို
အသားပေးတဲ့ဩဝါဒ ရှိပါလျက် ကံချည်းချထားတော့ ဘာသာလဲနာ လူမျိုးလဲ နာတာပေါ့ဘုရား။
ဓမ္မဂုတ်။ ။
ကံချည်း ပုံချရုံတွင် မကပါဘူး,သူတို့ရဲ့ ဉာဏ်မရှိတဲ့ဒဏ်ကို ကလေးနုနုတွေ
ခံကြရရှာပါသေးတယ်။
တပည့်တော်။
။မှန်ပါတယ်,
(၁)ကလေးနုနုအရွယ်မှာ အမေ့တို့ အထိန်းတို့က မချီတတ် မပွေ့တတ်နဲ့ တဖက်သတ် ချီပွေ့ထားတော့ နဂိုရ်ကောင်းတဲ့ ဦးခေါင်းကလေးတောင် ရွဲ့စောင်းသွားတတ်ပါတယ်။
(၂) ပခုံးပေါ်တင်ပြီးချီလို့ ပခုံးပေါ်မှာ ဖိထိနေတဲ့ ရင်ပတ်ကလေး ပြားချပ်နေတတ်ပါတယ်။
(၃) အမေ (အထိန်း) တို့ရဲ့ လက်၂ဖက်နဲ့ ကလေးရဲ့ ဂျိုင်းအောက်ကဘေး ၂ ဖက်ကို ကိုင်ကိုင်ထားတာများလို့ ရင်ပတ်ကလေးတွေဟာ မကားနိုင်ဘဲ သေးသွားတတ်ပါတယ်၊ ရင်ကလေးက ပြားပြီးသေးနေလျှင် အတွင်းမှာရှိတဲ့ နှလုံးအသည်း စသည်တို့လဲ ကျယ်ကျယ်ပြန့်ပြန့် ရင်ထဲမှာ တည်ရသလောက် မကောင်းဘူးပေါ့။
(၄) ပက်လက်ထားပြီးလက် ၂ ဖက်နှင့် ပွေ့တဲ့အခါမှာလဲ လက်တဖက်က တင်ပါးအထက်မှာ ထားပြီးပွေ့လို့ ကလေးဟာ ဖြောင့်ဖြောင့်ဖြူးဖြူးမရှိဘဲ ဖင်ကော့ကလေးဖြစ်သွားတတ်ပါတယ်။
(၅) သိပ်ပြီး မရပ်နိုင်ခင် “ရပ်နိုင်ပေ့ ရပ်နိုင်ပေ့”ဟု မြှောက်ပေးပြီး အရပ်သင်,အသွားသင်တဲ့အတွက် ခြေသလုံးလဲကောက်,ပေါင်လဲ ခွင်နေတတ်ပါတယ်။
(၆) ကလေးရဲ့အရိုးတွေ မမာခင် အမေ (အထိန်း) ကခါးထစ်ခွပြီး ချီလို့လဲပေါင်ကလေး ခြေသလုံးကလေး ခွင်တတ်ပါတယ်၊ ဒီထဲမှာ ခါးထစ်ခွစေတဲ့သူက ဝဝကြီးဆိုလျှင် သာ၍ဆိုးပါတယ်။

။ဟုတ်ပါကိုယ်တော်…စဉ်းစားမယ်ဆိုလျှင် သိစရာတွေ တယ်များပါလား,အမေတွေမသိတဲ့ဒဏ်ကို
ကလေးတွေ-တယ် ခံရတယ်နော်။
တပည့်တော်။
။မှန်ပါတယ်ဘုရား…တေမိဇာတ် အဋ္ဌကထာမှာ
(၁) နို့တိုက်မည့် အထိန်းရွေးပုံကို ပြထားပါတယ်၊ နို့တွဲကျတဲ မိန်းမရဲ့ နို့ကို စို့ရရင် နို့က ဖိထားလို့ နှာခေါင်းပိနေ (ပုနေ) တတ်ပါသတဲ့။
(၂) အရပ်ရှည်တဲ့ မိန်းမရဲ့ နို့ကို စို့ရရင် ရင်ခွင်ထဲနေတဲ့ ကလေးက နို့တံမှီအောင် ကြိုးစားရလို့ လည်ပင်းရှည်နေတတ်ပါသတဲ့။
(၃) ပိန်တဲ့မိန်းမရဲ့နို့ကို ရင်ခွင်ထဲမှာနေပြီး စို့ရရင် နို့ထိန်းရဲ့ အရိုးတွေကြောင့်ပေါင်နာပါသတဲ့၊ ဝလွန်းတဲ့မိန်းမရဲ့နို့ကို စို့ရလျှင် ခြေခွင်နေတတ်ပါသတဲ့။

။ကျမ်းစာက တယ်သေချာတယ်နော်။
တပည့်တော်။ ။ သေချာတာပေါ့ဘုရား,လူတွေက အသိဉာဏ်ကို
တန်ဘိုးမထားတတ်လို့,အသိဉာဏ်ပေးတဲ့ကျမ်းစာ ကိုယ်ကျင့်ကို
တန်ဘိုးမထားတတ်လို့,ကိုယ်ကျင့်ပေးတဲ့ ကျမ်းစာကို မကြည့် မရှုကြတာပါ၊
ဒီလိုကျမ်းစာရဲ့ အသေးစိတ် ပြုပြင်ဘွယ်တွေကို သိရင်တော့ ကလေးနုနုကလေးကို ခြေမဆန့် လက်မဆန့်သာအောင် ပွေ့ထားခြင်း,စောင်ကိုလုပ်ထားတဲ့စောင်ပုခက်မှာ ထားပြီး ကွေးနေအောင် သိပ်ခြင်းဟာလဲ မဖြောင့်စရာအကြောင်း ဖြစ်မှာပါဘဲ,ကောင်းတာကတော့ မိခင် (အထိန်း) တို့က ကြာကြာကြီး ပွေ့ပိုက်မထားဘဲ လက်ခြေ ဆန့်သာအောင် သစ်သားပုခက်-ကြိမ်ပုခက် ကျယ်ကျယ်မှာ ထားခြင်း,သိပ်ခြင်းဟာ ကောင်းမယ်ထင်ပါတယ်၊ အအေးမိလောက်အောင် ပုခက်ကိုလဲ သိပ်လွှဲဘို့မသင့်ပါဘူး,အပေါ်က အဝတ်ကလေးအုပ်ပြီး သာသာကလေး လွှဲသင့်ပါတယ်။

။ငယ်ငယ်က ပြုပြင်ပေးတတ်ကြမယ်ဆိုရင် မြန်မာလူမျိုးတွေ သိပ်အရုပ်ဆိုးသူ
ရှိမှာမဟုတ်ပါဘူး၊ ယခုတော့ ကျန်းမာရေးကို ဂရုမစိုက်ဘဲ ပစ်စလက်ခတ် ထားကြလို့
ကလေးအများဟာ မထွားမကျိုင်း မျက်စိမျက်နှာ မလှ,ပုံပန်းမကျဘဲ ရှိရတဲ့အပြင်,ဖုံတွေထဲ
ပစ်ထားလို့ နှပ်တွဲလဲနှင့် သူငယ်နာရောဂါ စွဲပြီး မဲမဲ ပိန်ပိန်ကလေးတွေ ဖြစ်ကြရတာဟာ
လူမျိုးအတွက် နာတယ်ကိုယ်တော်။
တပည့်တော်။
။မှန်ပါတယ် ဘုရား,လူမျိုးတိုင်းမှာ အပြုအပြင်ကောင်းရင် မလှသော်လဲ ပုံပန်းကျကျတော့
ဖြစ်နိုင်ပါတယ်။
ဓမ္မဂုတ်။
။ရှေးကရော ယခုရောပါဘဲ,မြန်မာလူမျိုး အများစုဟာ အစားအသောက်ကို ဖြစ်သလို
စားသောက်နေကြတာလဲ သနားစရာဖြစ်နေတာဘဲ ကိုယ်တော်။
တပည့်တော်။
။မှန်ပါတယ်ဘုရား,ရှေးတုန်းက မိုဃ်းကောင်းတော့ မြက်ပေါပါတယ်၊ နွားတွေမွေးပြီး
ကလေးတွေ နွားနို့ တိုက်ပေးရလျှင် ထွားထွားကျိုင်းကျိုင်း ဖြစ်နိုင်ပါတယ်၊
တပည့်တော်တို့အိမ်မှာ “ဘော်ဖြူမ”ဆိုတဲ့ နွားမတကောင်ရှိပါတယ်,သူမွေးထားတဲ့အခါတော့
နွားနို့သောက်ရပါတယ်၊ဒါပေမဲ့-တကောင်ထဲဆိုတော့ အမြဲမသောက်ရဘူးပေါ့,၃-၄ကောင်ဆိုလဲ
တတ်နိုင်သားနဲ့ မမွေးကြဘူး၊ နွားမတွေမွေးပြီး မြက်ပေါတဲ့နေရာမှာ အဖက်ပေးပြီး
မွေးထားရင် နွားနို့လဲ မပြတ်အောင် သောက်ရမယ်,နွားကလေးတွေလဲ တိုးလာမယ်။
ဓမ္မဂုတ်။
။ရှေးခေတ်က ဟင်းသီး ဟင်းရွက်ကိုလဲ စနစ်တကျ ကြော်ချက်မစားတတ်ကြဘူး,ခရမ်းချဉ်သီးတို့
ဗူးသီး ဗူးရွက်တို့,ကြက်ဟင်းခါးသီး,ကန်ဇွန်းရွက်တို့ဆိုတာ တောရွာမှာ
စိုက်လို့ရပါတယ်,များများစားပေးရင် ကျန်းမားရေ ကောင်းနိုင်ပါတယ်။
တပည့်တော်။
။ခေတ်အလိုက်ဆိုတော့ နားမလည်ရှာကြဘူးပေါ့ဘုရား၊ ရှေက ကံကောင်းတာတော့ ရှိပါတယ်၊
မိဘတွေရဲ့ သွေးသားက ယခုအများစုထက် သန့်ရှင်းပါတယ်၊ ပီးတော့ စားရတဲ့ဆန်ကလဲ
မောင်းထောင်း ဆန်ဆိုတော့ ဖွဲနုတွေ အများကြီးကျန်သေးလို့ အားရှိအောင်
တတ်နိုင်ပါသေးတယ်၊ ဒါကြောင့် ရှေးက ဘိုးဘွားတွေ ကျန်းမာရေးလဲကောင်းကြ,အသက်လဲ
ရှည်ကြပါတယ်၊ ဘိုးတို့ခေတ်က သရိုင်သားတွေဟာ အရပ်လဲ မနိမ့်ပါဘူး,အသံကြီးတွေကလဲ
တချို့များ ဟိန်းနေပါတယ်၊ မန္တလေး မဟာဝိသုဒ္ဓါရုံဆရာတော်ကြီးရဲ့
နောက်လိုက်ကိုယ်တော်များက ပြောကြပါတယ် “သရိုင်သားကြီးတွေဟာ လူကောင်ကြီးတွေလဲ
ကြီးမားတယ်,အသံတွေကလဲ ကြီးကျယ်တယ်”လို့။
ဓမ္မဂုတ်။
။ဟုတ်ပါရဲ့ သူတို့ကကျန်းမာရေး နားမလည်ပေမဲ့ ကံကကျန်းမာအောင် စီမံလိုက်သလို
ဖြစနေတာဘဲ၊ မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီးလဲ ဓါတ်ပုံကြည့်ရတာ ကြီးကြီးမားမား ကြီး
ပါဘဲ။
တပည့်တော်။
။ရှေးက လူကြီးတွေက ထွေထွေရာရာလဲ စားလေ့မရှိပါဘူး ပဲလှော်တို့ ထန်းလျက်တို့
ထန်းရည်ချိုတို့ နွေအခါ မန်ကျည်းဖျော်ရည်တို့ စားကြသောက်ကြတာဘဲ,ထမင်းလဲ နေ့လည်စာ
စားတတ်ကြပါတယ်,ဒီအခါ ပဲလှော်ဆီဆမ်းနဲ့လဲ စားကြ ထန်းလျက်နဲ့လဲ စားကြပါတယ်။
ဓမ္မဂုတ်။
။အဲဒီလို သရည်စာကို ထွေထွေရာရာ မစားတာကလဲ ကျန်းမာရေးပါဘဲ,ခုတော့ကိုယ်တော်
စားလိုက်ကြတဲ့ အစာတွေ အမျိုးအမျိုးဘဲ၊ ပီးတော့ တွေ့ကရကို မကြာခဏ စားတော့ ဝမ်းမီးကလဲ
ချက်နိုင်မှာ မဟုတ်ပါဘူး၊ စားတဲ့မုန့်တွေထဲမှာလဲ ဆေးအမျိုးမျိုး
အနံ့အမျိုးမျိုးပါဘဲ။
တပည့်တော်။
။မှန်ပါတယ်-ခုလူတွေက ခေတ်မှီတယ်ဆိုပြီး ကျန်းမာရေး လိုက်စားကြ,ကျန်းမာရေး ဆေးတွေ
စားကြပေမဲ့ သူတို့ရဲ့ အပျော်အပါး လိုက်စားမှုက ဆေးစားတာနဲ့ မကာမိပါဘူး,သူတို့ရဲ့ သွေးသားလဲ
တော်တော်များများဘဲ သန့်ရှင်းမယ်မဟုတ်ပါဘူး,သား သ္မီးတွေက ကျန်းမာရေး ညံ့ဘို့ရန်
အဖေ အမေထဲမှာ အခြေခံပါလာစရာ ရှိပါတယ်။
ဓမ္မဂုတ်။
။ဆေးဝါးဘက်က အသိအမြင် တိုးတက်လာတာတော့ အမှန်ပါဘဲ၊ ဒါပေမဲ့-ထိုဆေးဝါးကို လူအများစု
သုံးစွဲနိုင်ဘို့က အတော်ကြိုးစားရပါလိမ့်ဥုးမယ်။
တပည့်တော်။
။မှန်ပါတယ်ဘုရား,ဆေးဝါးကောင်းတွေကို သုံးနိုင်တဲ့လူ,အစားအသောက်ကို သတိထားပြီး
စားတတ်တဲ့လူများအတွက်ကတော့ ယခုခေတ်ဟာ မဆိုးပါဘူး၊ ဒါပေမဲ့-အများစုက
ဆေးဝါးကောင်းကို မသုံးနိုင်တဲ့အပြင် အများစားနေကျ စက်ကြိတ်ဆန်တွေက အဖြူလွန်ပြီး
အာဟာရဓာတ် (ဖွဲနု)နည်းပါသောကြောင့် အသွေးအသား အဖြစ်နည်းစရာ ဖြစ်နေပါတယ်။
ဓမ္မဂုတ်။
။ဟုတ်ပါရဲ့ “အသီး,အရွက်,သားငါးတွေမှာ အားရှိနိုင်တဲ့ ဓာတ်တွေပါတယ်”လို့ ဆိုပေမဲ့
အသီးအရွက်ကိုလဲ မချက်တတ်,သားငါးကိုလဲ များများမစားနိုင်တဲ့ လူတွေအတွက်
ဆေးဝါးကောင်းလဲ မသုံးရ၊ သားငယ် သ္မီးငယ်တွေ ကြီးထွားလာဘို့အတွက်
နိုင်ငံခေါင်းဆောင်တွေ ပါစပ်နဲ့ မန်းမှုတ်နေရုံဖြင့် မတိုးတက်နိုင်ပါဘူး။
တပည့်တော်။
။ဗုဒ္ဓမြတ်စွာက ယခုအခါ ဆုတ်ကပ်လို့ မိန့်တော်မူပေမဲ့ ကိုယ်ကျင့်တရား ဆုတ်တာကိုသာ
ရည်ရွယ်ပြီး မိန့်တော်မူလိုရင်း ဖြစ်ပါတယ်၊ အသက်ရှည်ဘို့အတွက်မှာတော့ “ဥတု
ရေမြေနှင့် အစာသာ ပဓာနဖြစ်တယ်”လို့ ကျမ်းစာတို့က ဆိုပါတယ်၊ (ဥတုဘောဇန ဝသေန ဟိအာယု
ယာယတိပိ ဝဍ္ဎတိပိ=ဥတုဘောဇဉ်ကြောင့် အသက်သည် ဆုတ်လဲဆုတ်နိုင်,တိုးလဲ တိုးနိုင်၏၊
(သုတ်မဟာဝဂ္ဂ,မဟာမဓာနသုတ္တဋ္ဌကထာ)။