ကျေးဇူးကမ္ဘာနှင့်အချိန်တန်ဖိုး
ရွှေအိုးကို တွေ့ရသလို
ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်မှာ သာယာမှု လောဘနဲ့ ကင်းမနေ နိုင်ဘူး၊ ဒါပေမယ့်
သာယာမှု လောဘကို ဣနြေ္ဒလုပ်ပြီး ရှောင် နိုင်ရင် တော်တယ်လို့ ဆိုရမှာပဲ၊ ဒီသံသရာအဆက်ဆက်က
ပါလာတဲ့ လောဘကို တရားနဲ့မှ မထိန်းရင် ပိုသည်ထက် ပိုသာ ဆိုးလာစရာ ရှိတယ်၊ လောဘအလိုကို
မလိုက်ကြနဲ့၊ လောဘအလိုကို လိုက်ရင် သံသရာမှာ မသက်သာဘူး၊ ကိုရင် တို့ကို ဘုန်းကြီးက
ဆုံးမနေတာ တက်သုတ်ရိုက် ဆုံးမနေခြင်း ဖြစ်တယ်။
အပြစ်ကိုပြ ပြောဆိုဆုံးမတတ်တဲ့
မိဘ, ဆရာသမား, မိတ်ဆွေများနဲ့ တွေ့ရတာဟာ ရွှေအိုးကို တွေ့ရတာနဲ့ တူတယ်၊ ဒီပုဂ္ဂိုလ်တွေဟာ
မိမိအတွက် ရွှေအိုးကို လက်ညှိုးထိုးပြ နေခြင်း ဖြစ်တယ်၊ ဒီလိုနေ, ဒီလိုသွား, ဒီလိုလာ,
ဒီလိုစား စသည်ဖြင့် ပြောဆိုဆုံးမနေတာကို လိုက်နာတဲ့ သူများမှာ သူ့အတွက် တစ်သက်တာ စားလို့
မကုန်နိုင်တဲ့ မသိုးထမင်း မသိုးဟင်း ဖြစ်တယ်၊ ဒီ ပစ္စုပ္ပန် တစ်သက်တာတွင်မက ဘဝသံသရာ အဆက်ဆက်
စားလို့ မကုန်တော့ဘူး။
လက်ပိုက် ကြည့်မနေကြနဲ့
ခုခေတ်လူတွေက ကိုယ့်သားသမီးကို
မြှောက်ပေးနေကြတယ်၊ လှလှပပ ပြင်ဆင်ပေးကြတယ်၊ ကလေးက ပြုံးတာကို မနောခွေ့ သဘောတွေ့နေကြတယ်၊
ဒီလိုသာ အမြဲလုပ်ပေးနေရင် ဒီ ကလေးဟာ သာယာတဲ့ လောကကို ရှာဖွေမလာပေဘူးလား၊ သာယာမှု လောကမှာ
နစ်မြုတ်လေလေ, ပျက်စီးခြင်းမက ပျက်စီးလေလေ ဖြစ်ရတာပဲ၊ ဒီလို ပျက်စီးလာတဲ့အခါကျတော့မှ
မျက်ရေခံ တောင်းပန်ရတဲ့ဘဝ ရောက်ရတာပဲ။
တပည့် သား သမီးတွေဟာ
သူတို့ဘဝကို သာယာတဲ့ လောကထဲမှာ မြှုပ်နှံချင်ကြတယ်၊ ဒါကို ဆရာမိဘ လုပ်သူ တွေက လက်ပိုက်ကြည့်နေလို့
မဖြစ်ဘူး၊ အိုးလုပ်သူဟာ မိမိ အိုးများ ကောင်းရန်အတွက် ကျနစွာ ထုခတ်ပေးရသလို ဆရာ မိဘများဟာလဲ
မိမိတို့ တပည့် သား သမီးများ ကောင်းစားရေး အတွက် ကျနစွာ အပြစ်ကိုပြ ဆုံးမကြရမယ်၊ ငါပြောဆို
ငေါက်ငမ်း ဆုံးမလိုက်တဲ့အတွက် သူတို့ စိတ်တွေများ
ညစ် သွားလေမလားဆိုပြီး မဆုံးမပဲ မနေပါနဲ့၊ ကိုယ့်သားသမီးကို တကယ်ချစ်တယ်ဆိုရင် ဆုံးမကြရမယ်၊
အထုအခတ်ကောင်းမှ အိုးကောင်းနိုင်
အိုးကို
လုပ်တဲ့ အိုးလုပ်သမားဟာ ထုတတ်, ခတ်တတ်ရတယ်၊
မထုတတ် မခတ်တတ်ရင် စောင်းတဲ့ နေရာက စောင်း, ရွဲ့တဲ့နေရာက ရွဲ့နေတတ်တယ်၊ နောက်ဆုံး အိုးကွဲ ခြင်းသို့ ရောက်ရတယ်၊ ဒီအတိုင်းပဲ
ဆရာသမား မိဘစသူတွေ ကလဲ ကိုယ့်တပည့်သားသမီးကို ပြောဆိုဆုံးမတတ်ရတယ်၊ အဆုံးအမလွဲရင် တပည့်သားသမီးတွေဟာ
အပျက်လောကထဲ ရောက်သွားတယ်၊
တပည့် သားသမီးများ အပေါ်မှာ ဆုံးမ ကျွမ်းကျင်ဖို့လိုတဲ့ မိဘဆရာတွေဟာ ဗုဒ္ဓကျမ်းစာတွေနဲ့
နီတိ ကျမ်းတွေကို နိုင်နိုင်နင်းနင်း တတ်ကျွမ်းထားရမယ်၊ ဒါမှ ဆုံးမတဲ့နေရာမှာ ထက်မြက်မယ်၊
တချို့ တပည့်တွေဟာ ဆရာသမား စသည်က အပြစ်ပြ ဆုံးမကြတဲ့အခါ မခံယူတတ် ကြဘူး၊ အထုအရိုက်မခံတဲ့
အိုးလိုပဲ၊ အဲဒီလို မခံယူတတ်တဲ့ တပည့်တွေဟာ ဘယ်တော့မှ ကြီးပွားမှာ မဟုတ်ဘူး၊ ဆရာ မိဘ
စသည်တို့ကလဲ အထုအခတ်ကောင်းအောင် ထုကြ၊ တပည့်
သား သမီးတွေကလဲ လိုက်နာကြ။
ပညာရှိတို့တာဝန်
ဆရာသမားနဲ့ မိဘလုပ်သူများဟာ တပည့်သား သမီးများအပေါ် လိမ္မာအောင် သွန်သင်ဆုံးမ
နည်းပေးလမ်းပြကြတယ်၊ ဒီလို ကျေးဇူးရှင်တွေအပေါ်မှာ ကျေးဇူးသိခြင်းဟာ သာမန်လူပုဂ္ဂိုလ်တို့
ပြုနိုင် ခဲသော အလုပ်ဖြစ်တယ်၊ တကယ့်ပညာရှိတို့ရဲ့တာဝန်ကြီးသာ ဖြစ်တယ်၊ ဒါကြောင့် ကျေးဇူးကြီးမားလှတဲ့
ဆရာ မိဘများ အပေါ် တပည့်သားသမီးတွေဟာ ကျေးဇူးသိတတ်တဲ့ ပညာရှိ ဖြစ်ဖို့ အထူးလိုအပ်ပါတယ်။
လူတစ်ယောက်ရဲ့ အလေ့အလာ
ဝါသနာဟာ မိဘဆွေမျိုး ဆရာသမားစသော ပုဂ္ဂိုလ်တွေမှ ကူးစက်တတ်တယ်၊ ကူးစက် တဲ့ နေရာမှာလဲ
အကောင်းကူးစက်တာလဲ ရှိတယ်၊ အဆိုး ကူးစက်တာလဲ ရှိတယ်၊ အကောင်းကူးစက်ဖို့ အလွန်အရေး ကြီးတယ်၊
မိမိရဲ့ မိဘ ဆရာသမားတွေက ကောင်းနေမှ မိမိ အတွက်လဲ အကောင်းဖြစ်တယ်၊
ဓာတ်ဆိုတာ လိုက်တတ်တဲ့ အမျိုး ဖြစ်တယ်၊ ဒီလို ကူးစက်ပြီး ဓာတ်ဝင်လာခြင်းကို
ပဋ္ဌာန်း အရာမှာ ပကတူပပစ္စည်းနဲ့ ကျေးဇူးပြုတယ်၊ မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်းများ
ဖြစ်ကြတဲ့ ကလျာဏမိတ္တများဟာ ကုသိုလ်ဘက်မှာ ကျေးဇူးပြုကြတယ်။
ဆရာသမားရဲ့ ဝီရိယရှိမှုကြောင့် မိမိလဲ ဝီရိယကောင်းလာမယ်၊ ဆရာကောင်း, သမားကောင်းနဲ့တွေ့ရန်
အရေးကြီးတယ်၊ တွေ့ရမှလဲ ဝီရိယ ကောင်းလာမယ်၊ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲ လုပ်ရတယ်၊ စွဲစွဲမြဲမြဲ
လုပ်မှလဲ အရာထင်တယ်၊ ဝိပဿနာ ဘာဝနာကို အားထုတ်တဲ့ နေရာမှာလဲ စွဲစွဲမြဲမြဲ ပိုင်ပိုင်နိုင်နိုင်
မြဲမြဲလုပ်မှလဲ အရာထင်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ပုဂ္ဂိုလ်တစ် ယောက်ရဲ့ အကောင်းဟာ ပုဂ္ဂိုလ်တစ်ယောက်မှ
ကူးစက် ကျေးဇူးပြုတာကတော့ အဖိုးမဖြတ်နိုင်တဲ့ ပတ္တမြားကို ရတာနဲ့ တူတယ်။
မျိုး ပြုတ်မစားနဲ့
ဒါကြောင့် ကိုရင်တို့ ကိုယ့်ကိုယ်ကို မျိုးပြုတ်မစားကြနဲ့၊ မျိုးပြုတ်စားတယ်ဆိုတာ
ဒီဘဝ ရတာလေးကို ဒီဘဝမှာ အာရုံကောင်းတာလေးတွေနဲ့ ခံစားလိုက်ရင် မျိုးပြုတ်စားရာ ရောက်တော့တာပဲ၊
ကိုရင်တို့ ဘဝတစ်ခုမှာ ... (၁) အမျိုးကို ကြည့်ရမယ်၊
(၂) အဆင်းအင်္ဂါကို ကြည့်ရမယ်၊
(၃) မိဘ ဆွေမျိုးကို ကြည့်ရမယ်၊
(၄) မိမိဉာဏ်ပညာကို ကြည့်ရမယ်၊
ကိုယ့်ကိုယ်ကို မျိုးထားပြီး နောက်ဘဝ သံသရာအတွက် အရှိန်ယူထားရတယ်။
လောကကြီးမှာ ဘုန်းကြီးရယ်, လူရယ်လို့ ဖြစ်လာရင် အလကားသက်သက် အချိန်မဖြုန်းသင့်ဘူး၊
ဘုန်းကြီးတော့ လမ်းလျှောက်တာတောင် စာပေများကို စဉ်းစားပြီး လျှောက်တယ်။
“ပက္ကာနံ-မှည့်ရင့်ကုန်သော၊
ပတ္တဖလာနံ-အရွက် အသီးတို့၏၊ ပတနံ-ကြွေကျခြင်း သည်၊ နိစံ္စ ယထာ-မြဲသကဲ့သို့၊ သတ္တာနံ-ဖြစ်ပေါ်လာသော
သတ္တဝါတို့၏၊ မရဏံ-သေခြင်း သည်၊ နိစံ္စ-မြဲ၏ဓတဲ့။
နေကလဲ ပူ, လေကလဲ တိုက်လို့
ရင့်ရော်မှည့်ဝင်းလာတဲ့ သစ်ရွက်လေးတွေဟာ မမြဲပုံ သင်္ခါရသဘောတရားကို ပြပြီး မြေပြင်ပေါ်
တစ်ဖျောက်ဖျောက် ကြွေကျနေသလို ရုပ်နာမ် သဘောတရားတွေဟာ ဖြစ်,ပျက်, ချုပ်ကွယ်ပြီးနေကြတယ်၊
ဝိပဿနာဘာဝနာလုပ်ငန်းဟာ စတင်အားထုတ်တဲ့နေရာမှာ တောင်ပေါ် တက်ရသလိုပဲ၊ အစပထမတော့
ခက်တယ်၊ တောင်ပေါ်ရောက်သွားတဲ့အခါ စိမ်းလမ်းစိုပြေနေတဲ့ သစ်ပင် တွေကို ကြည့်ရတဲ့အခါ
တောင်ပေါ်တက်လာခါစက မောလာ တာတွေဟာ အကုန်လုံးပျောက်ပြီး စိတ်ချမ်းသာ, ကိုယ်ချမ်းသာ ဖြစ်လာရသလို
တရားအလုပ် အားထုတ်တဲ့ ပုဂ္ဂိုလ်တွေဟာလဲ အဆင့်အတန်းအလိုက် စိတ်တွေဟာ တဖြည်းဖြည်း မြင့်တက်
လာရတယ်၊
ဒါကြောင့် ကိုရင်တို့ ဣနြေ္ဒကြီးကြီးမားမား ထား၊ စကား နည်းနည်းပါးပါး
ပြော၊ စိတ်ကို မြင့်မြင့်မတ်မတ် ထားကြ၊ မည်သည့် နေရာကိုမှ စွဲစွဲမြဲမြဲ စွဲလမ်းမှု မထားကြနဲ့။
လူတို့ဥပါဒါန် စွဲလမ်းခြင်း
ဘုန်းကြီးတို့ ရဟန္တာပုဂ္ဂိုလ်ကြီးတွေဟာ
ရုပ်နာမ်ခန္ဓာ တရားတွေကို တဏှာ ဒိဋ္ဌိတွေနဲ့ မစွဲလမ်းတော့ဘူး၊ သာမန် ပုထုဇဉ်တွေမှာ
တော့ လင်ရယ်, မယားရယ်လို့ ဖြစ်လာတဲ့အချိန်က စပြီး မရ သေးတဲ့ သားသမီးကို လှမ်းချစ်ကြတယ်၊
ဒါတွေဟာ မဟုတ် တာတွေကို စွဲလမ်းနေခြင်း ဖြစ်တယ်၊
မဟုတ်တာတွေကို စွဲလမ်းနေတာဟာ အရူးတွေပဲ၊ အရူးလို့ အခေါ်ခံရတဲ့ အရူး ကလဲ
သူ့ကိုယ်သူ အရူးလို့ မသိဘူး၊ အရူးမဟုတ်တဲ့ (အရူး အခေါ်မခံရတဲ့) သူများကလဲ သူတို့ကိုယ်
သူတို့ အရူးလို့ မသိကြဘူး။
လူတို့ရဲ့အသွင် မတူမျှ
ဒါကြောင့် ကိုရင်တို့ စွဲလမ်းမှု မထားကြနဲ့၊ မိမိတို့ရဲ့ စိတ်တွေကို စိတ္တ,
ဝီရိယ, ဝီမံသ ဆိုတဲ့ အဓိပတိတရား တပ်ထားကြ၊ ကိုယ် နှစ်သက်ရာတရားကို နှလုံးသွင်းကြ၊ ဘုန်းကြီး
ဒီလို ခိုင်းရ တာက ပုဂ္ဂိုလ်တွေဟာ တစ်ဦးနဲ့တစ်ဦး အသွင် မတူကြဘူး၊ ဒီတစ်ကျောင်းတိုက်လုံးဆိုတာ
မပြောနဲ့၊ တစ်အိမ်တည်းအတူ နေကြတဲ့သူတွေတောင် အသွင် မတူကြဘူး။
ရှေးတုန်းက ပုဏ္ဏားကြီးတစ်ယောက်ကို
ရှင်ဘုရင်က “ပုဏ္ဏားကြီး... ငါကိုယ်တော် အရှင်မြတ် ဆုတော် လာဘ်တော်များ ပေးသနားတော်မူမယ်၊
အလိုရှိရာ ဆုလာဘ်ကို တောင်း လော့” လို့ အမိန့်ချမှတ်လိုက်တဲ့အခါ ပုဏ္ဏားကြီးကလဲ “ကောင်းလှပါပြီ
ဘုန်းတော်ကြီးဘုရား၊ ကျွန်တော်မျိုး အိမ်ပြန် ပြီးကာမှ ဆုလာဘ်များ တောင်းပါ့မယ်”လို့
သံတော်ဦးတင်ပြီး ထွက်သွားတယ်။
အိမ်ရောက်တဲ့အခါ မယားနှင့်တကွ
သား ချွေးမ, ကျွန်မ ဖြစ်တဲ့ ခုဇ္ဇာတို့ကို ခေါ်ပြီး မျက်နှာစုံညီကြတဲ့အခါ ပုဏ္ဏား ကြီးက
ပြောတယ်၊ “တို့ဘုန်းတော်ကြီးဘုရားက ဆုလာဘ်များ ပေးသနားတော်မူမလို့တဲ့၊ သင်တို့တစ်တွေ
ဘာဆုလာဘ် အလိုရှိကြတယ်ဆိုတာ သိရအောင် လာပြီး တိုင်ပင်တာပဲ”လို့ ပြောတယ်၊
ဒီအခါ ပုဏ္ဏေးမက “သူများမေးတာတော့ ဟုတ်ပါပြီ၊ ရှင်ကကော ဘာဆုလာဘ်များကို
လိုချင်ပါသလဲ” လို့ မေးပြန်တယ်၊ “ငါကတော့ ရွာစားဆုကို ယူမယ်”လို့ ပုဏ္ဏား ကြီးက ပြန်ပြောတယ်၊
“ နို့...မင်းကကော ဘာဆုများ ယူမလဲ” လို့ ပုဏ္ဏားကြီးက မေးပြန်တယ်၊ ပုဏ္ဏေးမက “ကျွန်မတော့
နို့စားနွားမတစ်ရာဆိုရင် တော်ပါပြီ”လို့ ပြန်ပြောတယ်။
ဒါနဲ့ပုဏ္ဏားကြီးက”သားကကော ဘာဆုများ ယူမလဲ”လို့ သားဖြစ်သူကို မေးပြန်တယ်၊
ဒီတော့ သားဖြစ်သူကလဲ “ကျွန်တော်ကတော့ အာဇာနည်မြင်းကတဲ့ ယာဉ်ရထားကြီးကို လိုချင်ပါတယ်”လို့
ပြောတယ်၊ တစ်ခါ ချွေးမဘက်လှည့်ပြီး “ကဲ ချွေးမကကော ဘာယူမှာလဲ” လို့ မေးပြန်တယ်၊ “ကျွန်မကတော့
ပတ္တမြားနားတောင်းကို လိုချင်ပါတယ်” လို့ ပြောတယ်၊
အဲဒီလို တစ်ယောက်စီမေးပြီး ကျွန်မ ခုဇ္ဇာ ကျန်နေမှန်းသိလို့ “ခုဇ္ဇာ ..
သင်ကကော ဘာဆု ယူမလဲ” လို့ မေးတော့ ကျွန်မ ခုဇ္ဇာက ဘာပြန်ပြောသလဲဆိုတော့ “ကျွန်မတော့
ဘာရယ်လို့ မဟုတ်ပါဘူး၊ နေ့တိုင်း နေ့တိုင်း အားလုံးအတွက် မဆလာ ထောင်းရတာ ခက်နေလို့
ဆုံကောင်းကောင်းသာ လိုချင်ပါ တယ်”လို့ ပြောလိုက်တယ်။
ပုဏ္ဏားကြီးကလဲ ရှင်ဘုရင်ထံ
အခစားဝင်ပြီး အကျိုး အကြောင်း လျှောက်ထားတဲ့အခါ ဘုရင်ကြီးက ပြုံးတော်မူသတဲ့၊ ပြုံးတော်မူတာက ကျွန်မ ငရုတ်ဆုံ လိုချင်တဲ့ အကြောင်းက ပြုံးစရာ အကောင်းဆုံး
ဖြစ်နေလို့ပဲ။
ဘုန်းကြီးကျောင်းတိုက်မှာလဲ
နာနာဆန္ဒ, တစ်ဦးနဲ့တစ်ဦး လိုချင်တာချင်း မတူကြဘူး၊ ဘုန်းကြီးဘဝနေနေ, လူ့ဘဝ နေနေ ဂတိကောင်းဖို့ရာ
မလွယ်ဘူး၊ မိမိတို့ရဲ့ မျက်စိများဟာ ပစ္စုပ္ပန်တွင် မစူးစိုက်ဘဲ ဘဝသံသရာအထိ စူးစိုက်ထားကြ၊
“မစားရ အရှင်း, စားရ ဆီထမင်း” ဆိုတာလို ဘုန်းကြီးဘဝ မနေရရင်လဲ ရှင်းရှင်း, နေရလဲ သူတော်ကောင်းပဲ
လုပ်မယ်လို့ မိမိတို့ရဲ့ စိတ်ဓာတ်တွေကို ခိုင်မြဲအောင် ထားကြ။
သာသနာတော်ကို
မူရင်းလိုက်ကြ
ဗုဒ္ဓမြတ်စွာ သာသနာတော်မှာ
မူရင်းကို လိုက်ကြရတယ်၊ အဖျားအနားလိုက်ရင် အကျိုးရတဲ့အခါ အဖျားအနားပဲ အကျိုးရမယ်၊ သတ္တဝါတွေက
ဝတ်ကောင်းစားလှ ဝတ်စားရရင် ချမ်းသာတယ်လို့ ထင်ကြတယ်၊ အကောင်းတွေချည်း ဝတ် စားနေရင်
လောဘမူသောမနဿ ဖြစ်တယ်၊
ဒီအကောင်း တွေက ခဏသာ ကောင်းတာ၊ တာရှည်ကျတော့မကောင်းဘူး၊ ကောင်းကောင်း
ဝတ်စားနေသူများမှာ တရားသဖြင့် အလုပ် လုပ်သူတွေလဲ ရှိတယ်၊ မတရားသဖြင့် အလုပ် လုပ်သူတွေလဲ
ရှိတယ်၊ မတရားတဲ့ သူတွေအတွက်တော့ သံသရာမှာ
ဘယ်တော့မှ မကောင်းဘူး။
လောကမှာ လောကီချမ်းသာတွေဟာ
အဆာများများ ခပ်ရတယ်၊ ဥပမာ-ဟင်းတစ်ခွက် ကောင်းဖို့ရန်အတွက် အဆာများများ ခပ်ရသလို ထို့အတူပဲ
အိမ်ကောင်းယာကောင်း အဝတ်ကောင်း အစားကောင်း ရဖို့ရန်အတွက် အဆာများများ ခပ်ရတယ်၊ တယ်ပြီးတော့
တွက်ပုံ ရှုံးကြတယ်။
အနိစ္စ, ဒုက္ခ, အနတ္တ ရှုတယ်ဆိုတာ
ဝိပဿနာကို ဆိုလိုတယ်၊ ရုပ် နာမ် နှစ်ပါးကို ရှုရတယ်၊ ပညတ်ကို ရှုလို့ မရဘူး၊ ရဦးတော့
မှန်ကန်သော ရှုနည်း မဟုတ်ဘူး၊ သာသနာမှာ အကျင့်မရှိရင် ကျဆင်းသွားမှာပဲ၊ အချိန်တွေကို
အလဟဿ မကုန်သင့်ဘူး။
အချိန်ရဲ့ တန်ဖိုးကို
နားလည်ကြရမယ်၊ လွတ်တဲ့အချိန် တွေကို ပြန်ပြီး
တမ်းတနေတာဟာ စိတ်ပင်ပန်းရုံသာ ရှိတယ်၊ ကဲ... ကိုရင်တို့ ကောင်းကောင်းနေကြ၊ သီလကို လုံခြုံအောင်
ထိန်းကြ၊ ကိုယ်နဲ့ စပ်လို့ ရောက်လာတဲ့ ကိုရင်လေးတွေကို ပြုပြင်ပေးကြ၊ ကိုယ့်စကား နားမထောင်ရင်
မထားကြနဲ့၊ သူတော်ကောင်း မဟုတ်တဲ့ လူတွေကို မမွေးကြနဲ့၊ ကဲ ... သွားကြ။
ဓမ္မဗျူဟာ
အတွဲ(၁၉)၊ အမှတ်(၂)
(၁၉၈၀၊ ဧပြီလ)