အကြည်ညိုခံနိုင်ရေး
ဘာ့ကြောင့် ဘုန်းကြီးဝတ်
ကံတွေကို ကျေနပ်ကြရဲ့လား၊ ကျေနပ်စရာကောင်းတာက မိဘ, ဆရာ, ဘိုးဘွား, ဆွေမျိုး တွေနဲ့ ကောင်းကောင်းတွေ့ရမှ ကျေနပ်စရာ ကောင်းတာ၊
ကိုယ်တော်တို့ကတော့ ဘာမှ မတွေးကြဘူး၊ ကိုယ့်ကိုယ်ကိုလဲ တွေးပေးရတယ်၊ ဘုန်းကြီးဝတ်နေတာက
ဝတ်လို့ကောင်းလို့ မဟုတ်ဘူး၊ တကယ့်ကို ပါရမီတွေ ဖြည့်ချင်လို့, ကုသိုလ်တွေ ရချင်လို့,
မဂ်ဖိုလ်နိဗ္ဗာန် ရအောင်လို့, သူများထက် ထူးပြီး ဘုန်းကြီးဝတ်နေတာ၊
ရှေးကံ မကောင်းတာတွေ တွေ့ရတယ်၊ ခန္ဓာကိုယ်က ကိုယ်လုပ်ချင်သလို လိုက်လုပ်တာ
မဟုတ်ဘူး၊ ကံဆိုတာ ကိုယ်တစ်ယောက်တည်းနေတော့ မသိသာဘူး၊ အဟုတ် အများနဲ့ အလုပ် လုပ်တော့
သိသာတယ်။
သင်္ကန်းတွေကို တန်းပေါ်က
ဆွဲမချကြနဲ့၊ ရှေးက မဟာဂန္ဓာရုံဆရာတော်က မျက်စိ မမြင်ပေမယ့် သင်္ကန်း, သပိတ်တွေ နေပူထဲ
မထားကြရန် ခဏ ခဏ အမိန့်ရှိလေ့ ရှိတယ်၊ ကြောင့်ကြ ရှိတော်မူတယ်၊
ဘုရားရှင်ကို အရှင်သာရိပုတ္တရာကသိက္ခာ ပုဒ်တွေ ပညတ်ရန် အစောကြီး လျှောက်ထားတယ်၊
ဘုရားရှင် က အကြောင်းရှိမှ ပညတ်တော်မူမယ်လို့ အမိန့်ရှိတော်မူတယ်၊ ဒါကြောင့် သာသနာစင်ကြယ်ဖို့က
သိက္ခာပုဒ်တွေပါပဲ။
ဘုန်းကြီးမှာ တာဝန်တွေများပေမယ့်သာသနာတော်မှာ တော်မယ့်ပုဂ္ဂိုလ်တွေ ကိုပါ ရောထိန်းနေရတယ်၊ တချို့က ကြည့်ကောင်းတယ်၊
တချို့က ကြည့်လို့ မဟန်ဘူး၊ တော်တဲ့ ကိုယ်တော်တွေက မတော်တဲ့ ကိုယ်တော်တွေကို ရှောင်ပြီး
နေကြ၊
အကျင့်စာရိတ္တနဲ့ ပူဇော်ကြ၊ သဒ္ဓါတရားနဲ့ ပျော်အောင် နေနိုင်ရင် နေကြ၊ မနေနိုင်ရင်
ဒီကျောင်းတိုက်က ထွက်ရုံမက လူပါထွက်ကြ၊ အများစုက စာမေးပွဲလောက်နဲ့ ပြီးနေကြပြီး လူကြီးလုပ်ကြတာ၊
တကယ့် ပါဠိတော် တရားတော်တွေကို တော့ မသင်ကြဘူး၊
တပည့်တွေကိုလဲ ဒီလိုပဲ၊ ဆုံးမတဲ့နေရာ ကျတော့ လိုတယ်။
စိတ်ထားကောင်းကောင်းနဲ့
သာသနာပြုကြ
ကံဆိုတာ အထူး လုပ်နေရတာ
မဟုတ်ဘူး၊ နေ့တိုင်း မိမိတို့ ပြု လုပ်နေတာတွေဟာ
ကံချည်းပဲ၊ လူတွေက တွက်ပုံ ရှုံးကြတယ်၊ သူများ ကောင်းစားနေတာကို ကိုယ်က ဝင်မရှုပ်ရ ဘူး၊
လောဘကြီးရင် အရနည်းတယ်ဆိုတာလို ဒီမှာ ပြင်နေတာ အလကား ပြင်နေတာ မဟုတ်ဘူး၊ သာသနာကို ကြည့်ပြင်နေတာ၊
ဒီဘဝ အဆင့်မြင့်မြင့် အတန်း မြင့်မြင့် နေပေမယ့် ဝမ်းသာတာက တစ်ဖက်, စဉ်းစားတာက
တစ်ဖက်ပါ၊ သူများက လှူတာကို တို့က အောက်တန်းကနေ မသုံးရဘူး၊ တို့က မလှူနိုင်ပေမယ့် သူတို့
လှူတာထက် ကုသိုလ်ရပါတယ်၊
ဘာ့ကြောင့်လဲဆိုတော့ ဒီမှာက ဒါန သီလ သံယမ ဓမ္မဆိုတာတွေက သူတို့ထက် သာတယ်၊
ဒီဘဝ အဆင့်အတန်းမြင့်တာကို မကြည့်ရဘူး၊ ဟိုဘဝ လှမ်းကြည့်ရ တယ်၊ ကိုယ့်ပရိသတ်ကို ကြည့်ပြင်ကြ၊
သူများကို ကြောင့်ကြ စိုက်ပြီး ပြင်ပေးတော့ ကိုယ့်မှာလဲ ဒီဘဝ နောက်ဘဝပါ ပြင်ပေးပြီးသား
ဖြစ်ပြီး အကျိုးရတယ်။
ဒီကျောင်းတိုက်မှာ ကိုယ်ကျိုးကြည့်ပြီး
သူကျိုး မဆောင် ချင်ရင် မနေကြနဲ့၊ ပရဟိတသမားမှ တော်တယ်၊ အတ္တဟိတ သမားက မတော်ဘူး၊ သူကျိုးငဲ့နေလို့
အားမရရင် သွားကြ၊ ရောက်ပြီးသားအဆင့်က ဘုန်းကြီးကတော့ ပြန်လျှော့ပေးမှာ မဟုတ်ဘူး၊ ဝိနည်း
လေးလေးစားစားနဲ့ ကိုယ်ကျိုး, နောက် သူကျိုး တစ်ခါတည်း ပါလာရမယ်၊ သာသနာကြီးက မနည်း ကြိုးစားထားရတာ၊
စိတ်ကောင်းနှလုံးကောင်း ရှိရှိနဲ့ သာသနာ တော်ကြီးကို ပြုစုကြ။
အသစ်ကိုယ်တော်တွေ များလာရင် အဟောင်းကိုယ်တော် တွေက ရှေ့ဆောင်ရမယ်၊ လာမယ့်
သုဂတိ မဂ်ဖိုလ်နိဗ္ဗာန် ဦးတည်နေမှ ကောင်းတယ်၊ ဒါမှလဲ အလုပ်ဆိုတာ ပါဝင်မယ်၊ ဘုရားနဲ့ဆိုင်လာရင်
ကျက်သရေရှိမှ ကောင်းတယ်၊
ဘာမဆို ဒီမှာ သူများထက် သာအောင် လုပ်နေတာ၊ နောက်ဘဝ အောက်ကျ နောက်ကျ ဖြစ်ရင်
မကောင်းဘူး၊ ကိစ္စတစ်ခုမှာ ရေရှည်ကြည့်ပြီးမှ ပြီးမြောက်အောင်မြင်တယ်၊ သူများလှူတာ
တွေကို လောဘ မကြီးနဲ့, မသာယာကြနဲ့၊ ဒါတွေကို ကိုယ်က အောက်တန်းကနေ သုံးစွဲရာရောက်တယ်။
လူများတိုင်း မဖြစ်
ကိစ္စတစ်ခုဟာ နည်းနည်းလေးဆိုပြီး မလောက်မစားလုပ်ရင် များလာတော့ ကိစ္စကြီးလာတယ်၊
ကိုယ့်ဟာကိုယ် သတိ ကိုယ်စီထားကြ၊ ဘုန်းကြီး အုပ်ချုပ်ထားတာထဲမှာ ကိုယ်တော်တွေကလဲ ဝင်
အုပ်ချုပ်ကြ၊ အုပ်ချုပ်ခံရတဲ့ နေရာကချည်း မနေကြနဲ့၊ ဒါမှ နောက်အုပ်ချုပ်တတ်မယ်၊
အသေးစိတ် ရှေ့ကို တိုးပေးပါ၊ သာသနာမှာက ကျဲကျဲတောက်တောက်ဆိုရင် လူတွေ
အနေ နဲ့လဲ ကြည်ညိုစရာ မကောင်းဘူး၊ သာသနာလဲ မစိုပြည်ဘူး၊ ဒီလို အစုအဝေးကြီးနဲ့ နေဖို့ကလဲ
မလွယ်ပါဘူး၊ ဝိနည်းနဲ့ အစုအဝေးနဲ့ ငြိမ်သက် ညီညွတ်မှ ကြီးပွားတယ်၊ တစ်ပါး ကောင်း နှစ်ပါးကောင်းကတော့
ရှိကြပါတယ်၊ အများကောင်း ကျတော့ လူများတိုင်းဖြစ်တာ မဟုတ်ဘူး။
ကံအကျိုးပေး
ကိုရင်တို့ ဦးပဉ္စင်းတို့ နေနိုင်သရွေ့ ကုသိုလ်စိတ်နဲ့ နေကြ၊ နေရာတိုင်းမှာ
အကျိုးပေးက မတူကြဘူး၊ အကျိုးပေးကွဲတာက ယုံကြည်မှု, မယုံကြည်မှု အပေါ်မှာ တည်တယ်၊ သတ္တိထက်ရင်
ထက်သလို၊ ညံ့ရင် ညံ့သလို အကျိုးပေးတာ၊ ဒီအထဲကမှ ကံကောင်း, မကောင်း ဆိုတာ ခွဲထွက်လာတယ်၊
အကုသိုလ်ကံပေးတဲ့အခါကာလ, ဂတိ, ဥပဓိ, ပယောဂ ဒီလေးပါးစုံမှ အကျိုးပေးတယ်၊
ဆရာတွေ, မိဘတွေ, ဆွေမျိုးတွေ တွေ့တယ်ဆိုတာ ကံ, ဥာဏ်, ဝီရိယ, ပယောဂပဲ၊ ဆရာစတဲ့ ညွှန်ပြတဲ့သူမတွေ့ရင်တစ်လျှောက်လုံး
လွဲမှားပြီး အားလုံး ကျန်ရစ်တာပဲ၊ ဟိုသွား ဒီသွား မသွားကြဘဲ ကျပ်ကျပ်တည်းတည်း နေရတာက
သူတော်ကောင်းတွေ အတွက် မကျပ်ဘူး၊ အပြစ်လို့ မယူဆဘူး၊ မသူတော်တွေ အတွက်သာ ကျပ်တာ၊ ကောင်းတဲ့သူတွေက
ဒီလို လုပ်မှ, နေမှ ချမ်းသာတာ၊ မသူတော်တွေက ဆင်းရဲတယ်၊
သီလ စင်ကြယ်ရင် အဝိပ္ပဋိသာရ နှလုံး မသာမယာ မဖြစ်ရဘူး၊ နှလုံးမသာမယာ မဖြစ်မှ
သမာဓိရတယ်၊ သမာဓိရတော့ ကိုယ် စိတ် ငြိမ်းအေးပြီး ပေါ့ပေါ့ပါးပါးနဲ့ အကျိုးတွေ အများကြီး
ရတယ်၊ တရားအသားကျပြီး စိတ်ဝင်စားနေပြီးသူက ဘယ်မှ မသွားချင်ဘူး၊ သွားလိုက်ရင် သမာဓိ
မရဘူး၊ သမာဓိ ရမှ စာသင်တဲ့နေရာမှာ တတ်လွယ်တာ။
လူတွေ ကြည်ညိုတာကို ဝတ္တရားကျေအောင်
နေပါ၊ ကုသိုလ်ရချင်တဲ့ စိတ်နဲ့ နေကြ၊ ကိုယ့်ကိုယ်ကို စောင့်စည်းပေး ကြ၊ စိတ်ကောင်းဆိုတာက
ဝိနည်းလေးစားတာကို ပြောတာ၊ အနေအထိုင် အပြောအဆိုနဲ့လဲ ကြည်ညိုခံနိုင်ရမယ်၊
ပခုက္ကူ တုန်းက ဘုန်းကြီးကို ဒါယိကာမကြီး ဒေါ်သက်စုဆိုတာ သူများထက် ထူးပြီးကြည်ညိုတယ်၊
ဘုန်းကြီးက စဉ်းစားတယ်၊ ငါ့မှာ တရားထူးမှ မရှိဘဲနဲ့ သူများထက် ထူးပြီး အကြည်ညို မခံနိုင်ဘူးလို့
ကိုယ့်ကိုယ်ကို အထင်မကြီးအောင် သတိနဲ့ နေရတယ်၊ သူများ ထင်သလို ကိုယ်က ဟုတ်ချင်မှ ဟုတ်မှာ၊
လူတစ်ယောက်ကို အရမ်း အထင်မကြီးကြနဲ့၊ ကောင်းတဲ့သူ ဆိုတာ မကောင်းတဲ့သူနဲ့ မရောရဘူး။
သာသနာတော်တစ်ရပ်လုံး ကောင်းစေချင်
သာသနာတော်ကို မှီခိုရမှ လူသူတွေလဲ အကျိုးရမယ်၊ ဒါနပြုကြတဲ့ သူတွေဟာ ကိုယ့်သဒ္ဓါတရားနဲ့ ပြုကြပါ၊ အခြားသူက တိုက်တွန်းလို့ ပြုရတာကတော့ တကယ်
အစစ်အမှန် မဟုတ်ပါဘူး၊ ဘုန်းကြီးက ဒီကျောင်းတိုက် ကောင်းစားရေး မဟုတ်ပါဘူး၊ ဘုရားသာသနာမှာ
အားလုံး ကောင်းစားစေချင်တယ်၊
နောက်ပြီးတော့ ကောင်းတာ မကောင်းတာကို
ဝါဒဖြန့်နေစရာ မလိုပါဘူး၊ တချို့က ကျောင်းတိုက်ခွဲဖို့ လျှောက်ထားကြတယ်၊ ဘုန်းကြီး
ကျောင်း တိုက်ခွဲဖို့ ဆိုတာလဲ နည်းနည်းခွဲလို့ မရပါဘူး၊ ဥပမာ - ကျောက်ပန်းတောင်းမှာ
ခွဲချင်တယ်ဆိုရင် များများလေးမှ ဟန်ကျမယ်၊ ဘာကြောင့်လဲဆိုတော့ အများစုနဲ့ ရောသွားရင်
ဒီက နည်းနေတာနဲ့ ဒီလိုပဲ ရောပါသွားတာပဲ၊ သူများကို လွှမ်းမိုးချင်လို့တော့ မဟုတ်ပါဘူး။
လူတွေ ဥပုသ်စောင့်နေတဲ့အခါ စကား စုစုများမနေကြနဲ့၊ အိမ်မှာ နေတော့လဲ စကား
နေ့တိုင်း ပြောနေကြတယ်၊ ဥပုသ် စောင်တဲ့အခါမှာ ကိုယ့်တရားလေးကို နှလုံးသွင်းနေမှပေါ့၊
စကားတွေ တောင်ပြော မြောက်ပြော မပြောကြပါနဲ့၊ ကိုယ့် ကိုယ်ကို အရည်အချင်းရှိအောင် လုပ်ကြပါ။
ကိုယ့်ကိုယ်ကို ပြုပြင်ပေးကြ
ဘုန်းကြီးသာ လူဆိုရင်
ထိပ်တန်းကနေမှာပါ၊ ဘာပြုလို့ သင်္ကန်းဝတ်ရသလဲဆိုတော့ အများ သိစေချင်လို့ပါ၊ ဘုန်းကြီးဝတ်မှ
ကျွတ်တမ်း ဝင်ကြတာ မဟုတ်ပါဘူး၊ လူဝတ်ကြောင်ဘဝနဲ့နေပြီး သီလ စောင့်နေရင်လဲ ကောင်းပါတယ်၊
လူ့ဘောင်ရောက်ပေမယ့် အားမငယ်ကြပါနဲ့၊ လူမှာ ငါးပါးသီလနဲ့ နေရင် အကောင်းဆုံး ပါပဲ၊ သူများကို
အားမကိုးကြပါနဲ့၊ ကိုယ့်ကိုယ်ကိုသာ ပြင်ပေး ပါ၊ ကိုယ်က ကောင်းနေရင် ကိုယ့်သားချင်း
နီးစပ်ရာများကိုပါ ပြင်ပေးကြပါ။
ကျန်းမာရေး ဂရုစိုက်
ဝိနည်းလေးစားကြပါ၊ လေးစားရင်တင့်တယ်ပါတယ်၊ သူများကို
စာပို့ချပြီး ရပ်ရွာမှာ သာသနာပြုပေးကြ၊
ကိုယ်တိုင်ကလဲ သူတော် ကောင်းဘက်ကို ရှေးရှုနေပါ၊ တောကျောင်း ထိုင်တော့ ဘာလုပ်နေမလဲ၊
အလုပ်မရှိ နှမ်းခင်းစောင့်ရမယ်၊ ကျန်းမာရေးကို ဂရုစိုက်ပါ၊ ဓာတ်မသွားရင် ခေါင်းမူးတတ်တယ်၊
ကျန်းမာရေး ကို နားလည်ပါ၊ “ပူ, ခါး၊ အေး, ခါး၊ ငန်ငြား, အဇ္ဈတ်၊ ချဉ်, စပ်, ဗာဟီ ပျက်ပထဝီတည်း”။
ရပ်ရွာသာသနာ ပြုပြင်ပေးကြ
တောကျောင်းတွေမှာ ဘုန်းကြီးသာ
ပြုပြင်ရရင် ကျောင်းသားတွေ သျှောင်ထုံးပယ်ပြီး ဗိုလ်ကေနဲ့ နေရ မကောင်းလားလို့ တွေးမိတယ်၊
ဘာပြုလို့လဲဆိုတော့ ပေါ့လဲ ပေါ့သေး၊ ကျန်းမာရေးလဲ ကောင်းသေးနော်၊ ခေါင်းတုံးနဲ့ကတော့မကောင်းဘူးထင်တယ်၊
ပြီးတော့ ကျောင်းသားတွေ စာအံတဲ့အခါ ဝပ်မအံစေနဲ့၊
ထိုင်ခုံကြမ်းလေး ရှိရမယ်၊ ကျောင်းက ပြန်ရင်လဲ တိုးတိုးလေး ဆရာ ဘုန်းကြီးက
မှာလိုက်၊ မင်းအဖေ ထန်းရည်ç အရက် မသောက်စေနဲ့လို့ မှာပေး၊ ဆင်းရဲတဲ့
ကလေးတွေကို နေ့ မအားရင် ညကို ခေါ်သင်ပေးရမယ်၊ နောက် မင်းအမေကို သန့်သန့်ရှင်းရှင်းနဲ့
ကောင်းကောင်းနေပါစေ၊ တော်တော်ကြာ မင်းအဖေက စိတ်ဆိုးပြီး နောက်ဆက်သွား လိမ့်မယ်လို့
ဒီလို ပြုပြင်ပေးရတယ်။
ချောချင်လှချင် ရုပ်ကို ပြင်
ဘုန်းကြီးထံ ဒကာတစ်ယောက်
ရောက်လာတယ်၊ ပစ္စည်းတော့ ရှိပါရဲ့၊ ခေါင်းပေါင်းကို တဘက်နဲ့ ပေါင်းထားတယ်၊ ဘုန်းကြီးက
ပြောလိုက်တယ်၊ “ဒကာရာ ... မြို့လာတယ်ဆိုရင် ဦးထုပ်နဲ့ သက္ကလပ်နဲ့ လာရတယ်” လို့ အစစအရာရာ
ပြောပြလိုက်တယ်၊ နောက်တစ်ခေါက် လာတော့ ဟန်ကျပန်ကျ ဖြစ်လို့၊
ဒါကြောင့် ကလေးတွေလဲ သီလစောင့်ရမယ့်နေရာမှာ စောင့်လို့၊ ဝေယျာဝစ္စ လုပ်ရမယ့်
နေရာမှာ လုပ်လို့၊ စာအံရမယ့် နေရာမှာ အံလို့၊ ကျောင်းဘုန်းကြီးကလဲ ညကျရင် ဒကာ ဒကာမတွေကို
မေတ္တာပို့လို့ နေရတယ်၊ ဒါမှလဲ ဩဇာ ရှိမယ်၊ အဝတ်အစား အနေအထိုင်က အစ ပြုပြင်ပေးရတယ်၊
တို့ ဒီကျောင်း ရောက်လာခါစက ကိုယ်တော်လေးတွေ သိပ်ဟန်ကျပန်ကျ မရှိလှဘူး၊
ဟော ဒီက အစစ အရာရာ ပြုပြင်ပေးလိုက်တော့ ချောလှမလာဘူးလား၊ အစစ အရာရာ တိုးတက်လာတယ်။
ဓမ္မဗျူဟာ
အတွဲ(၁၉)၊ အမှတ်(၃)
(၁၉၈၀၊ မေလ)
