ဓမ္မဂုတ်= ဒါထက် ယနေ့ဟာ ကိုယ်တော်ရဲ့ (ခုနှစ်ဆယ်တနှစ်ပြည့်မွေးနေ့) မဟုတ်လား၊
ကိုယ်တော်က မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ဘာကုသိုလ်မှ အထူးမလုပ်ပဲကိုး။
တပည့်တော်= တပည့်တော်က မွေးနေ့အထိမ်းအမှတ်ပွဲလုပ်ရင် တပည့်တော်ရဲ့ ဒကာ
ဒကာမများက အလှူဒါနပြုကြပါလိမ့်မယ်၊ အဲဒီလို အပိုကုန်တာကို တပည့်တော်က
မူအားဖြင့် မလိုလားပါဘူး၊ အမြဲလှူနေကြတဲ့ ဆွမ်းဒါနကိုပင် ကျေးဇူးတင်လှပါပြီ၊
ဒါ့ကြောင့် မွေးနေ့အထိမ်းအမှတ်ပွဲ လုပ်လေ့မရှိပါဘူး။
ဓမ္မဂုတ်= ဒီလို အလှူဒါန အပိုပြုကြတော့ ကုသိုလ်အပိုရတာပဲမဟုတ်လား၊ ကိုယ်တော်က ကုသိုလ်
ရမှာကို ပိတ်ပင်ရာရောက်နေပါ့မယ်။
တပည့်တော်= တပည့်တော်တို့ရဲ့ မြန်မာလူမျိုး ဒကာ,ဒကာမတွေမှာ ဒါနကုသိုလ်မနဲပါဘူးဘုရား၊
သီလစစ်စစ်ကုသိုလ်နဲ့ ဘာဝနာစစ်စစ်ကုသိုလ်ကသာ နဲနေရှာကြတာပါ၊ တချို့လဲ
မွေးနေ့ဆိုပြီး ကြေညာတာကြောင့် မလွှဲသာလွှဲသာ ပြုရတဲ့ဒါနတွေပါ၊ အဲဒီဒါန-
ကတော့ ကုသိုလ်ရမှာမဟုတ်ပါဘူး၊ ပြီးတော့လဲ အရှင်ဘုရားကိုယ်တိုင် ဝိနည်းကို
စဉ်းစားပါဦး၊ လူတွေလှူအောင် ရည်ရွယ်ပြီးလုပ်ရင် ဝိညတ္တိမဖြစ်သော်လည်း
ပရိယာယ်သြဘာသနိမိတ် ပြုရာတော့ရောက်နေပါတယ်၊ ဒီလိုဆိုတော့ လှူသမျှ-
တွေဟာ ရဟန်းသာမဏေများ မသုံးကောင်းပါဘူး။
ဓမ္မဂုတ် = လူလဲမလာစေချင် အကုန်လဲပိုမခံစေချင်ရင် ကိုယ်တော့်ရှိတာကလေးကို လှူပြီး
မွေးနေ့ဒါနလုပ်ပါလား။
တပည့်တော် = တပည့်တော်ရှိတာကိုတော့ မွေးနေ့မှလှူနေဖို့ မလိုပါဘူး၊ နေ့စဉ် တပည့်တော်-
ဆိုင်ရာရော သံဃာ့ဆိုင်ရာရော နဝကမ္မဝတ္ထုတွေနဲ့ နံနက်ဆွမ်းစားကြဖို့ နေ့လဲ
ဟင်းချက်ဖို့ ဒါနဖြစ်နေပါတယ်၊ စာချဘုန်းကြီးများနဲ့ တချို့တာဝန်ဆောင်များ-
အတွက် သင်္ကန်းစသည်ကိုလဲ လိုတဲ့အခါ လှူနေရပါတယ်၊ ဒါကြောင့် မွေးနေ့-ကြမှ အထူးဒါနပြုဖို့လဲ မလိုပါဘူး၊ နေ့စဉ်ပြုတဲ့ဒါနနဲ့ မွေးနေ့ကြမှပြုတဲ့ဒါန ၂-မျိုး ယှဉ်ကြည့်ရင် နေ့စဉ်ဒါနက မသာပေဘူး လား၊
မွေးနေ့ဆိုတဲ့ စွဲလမ်းမှု-ဒါနမှာ တဏှာခြံရံနေလို့ သံသရာမှာ ကြာရှည်ဖို့ အထောက်အပံ့တောင်
ဖြစ်နိုင်ပါသေးတယ်၊ ထို့ပြင် သမ္မုတိ (ပညတ်) အားဖြင့်သာ "မွေးနေ့ သေနေ့" လို့ ခွဲရတာပါ၊
ပရမတ္ထအားဖြင့်တော့ ခဏတိုင်းမှာ ရုပ်တွေဟာ တခါတခါသေပြီး
တခါတခါ မွေးနေတာဖြစ်ပါတယ်၊ နာမ်က ဒါထက်မြန်ပါသေးတယ်၊
ဒါကြောင့်ပညတ်မွေးနေ့ကို ရှုတာထက် ပရမတ်မွေးနေ့ကို ရှုရတာက သာပြီး သဘာဝလဲကျ
ဝိပဿနာဘာဝနာလဲဖြစ်ပါတယ်၊
ဘုရားရှင်မှစ၍ အဂ္ဂသာဝက မဟာသာဝက ဘိက္ခု ဘိက္ခုနီများနဲ့တကွ ရှေးရှေးက သာသနာ့ဝန်ဆောင် ထိပ်ခေါင်တင် အရှင်မြတ်တွေ မွေးနေ့ အထိမ်းအမှတ် မပြုခဲ့ကြပါဘုရား။