လူ့လောကပတ်ဝန်းကျင်၌ လူမှုရေးအသင်းအဖွဲ့,
ဘာသာရေးအသင်းအဖွဲ့စသည်ဖြင့် အသင်းဝင်များ စုစည်း၍ လူမှုရေး, ဘာသာသာသနာရေးစသော လုပ်ငန်းများကို
ဆောင်ရွက်နေကြသော အဖွဲ့အစည်းအမျိုးမျိုးကို
တွေ့မြင်ကြရမည်ဖြစ်သည်၊
လူအဖွဲ့အစည်းရှိနေသမျှ လူမှုရေးအသင်းအဖွဲ့များ
ရှိနေမည်ဖြစ်သည်၊ သာသနာ တော်တည်ရှိနေသမျှ ဘာသာရေးအသင်းအဖွဲ့များ တည်ရှိနေမည်ဖြစ်သည်၊
ကြီးကြီးငယ်ငယ် အသွယ်သွယ်သော စာသင်တိုက်များ, ကမ္မဋ္ဌာန်းရိပ်သာများသည် ဘာသာရေးအသင်းအဖွဲ့တစ်မျိုးပင်
ဖြစ်၏။
အဖွဲ့အစည်းတစ်ခုကို စတင်ဖွဲ့စည်းစဉ်က စိတ်စေတနာကောင်းဖြင့် ဖွဲ့စည်း လုပ်ကိုင်ခဲ့ကြခြင်း
ဖြစ်သည်၊ သို့သော် အများစုနှင့်နေလျှင် "အစုရှိလျှင် အမှုရှိစမြဲ" ဖြစ်၍ နှစ်ပရိစ္ဆေဒကြာလာသည်နှင့်အမျှ
အဖွဲ့အစည်းအတွင်း စိတ်အနှောက်အယှက်ဖြစ်စရာ ပေါက်ပေါက်ကြားကြားအမှုကြီးငယ်များ ဖြစ်ပေါ်တတ်စမြဲ
ဖြစ်၏၊
ဥုးဆောင်ဖြေရှင်းမှုပေးမည့်သူတို့အတွက် ကျေးဇူးတော်ရှင် ဘာသာဋီကာဆရာတော်ကြီး၏ လမ်းညွှန်ချက်
အဆိုအမိန့်တစ်ရပ်ရှိ၏၊ ထိုအဆိုအမိန့်မှာ-
"သူလို
ကိုယ်လို ဖြစ်သလိုနေမည်ဆိုလျှင် ဘယ်လိုနေနေ ကိစ္စမရှိဘူး၊ ခေါင်းဆောင်လုပ်မည့် သူ ဆိုလျှင်တော့
ငယ်စဉ်ကထဲက ဖြူစင်အောင် နေရတယ်၊ ဖြူစင်အောင်နေဆိုတာ စိတ်နေစိတ်ထားလဲ ဖြူစင်ရတယ်၊ ကိုယ်ကျင့်စာရိတ္တလဲ
ဖြူစင်ရတယ်၊ ဒါမှ ကိုယ့်ဥုးဆောင်မှုဟာ အောင်မြင်မှုရရှိပြီး အကျိုး ဖြစ်ထွန်းမယ်" ဟူ၍ ဖြစ်သည်။
မှန်ပါသည်၊ ဥုးဆောင်မည့်သူက ဖြူစင်မှ ပဂ္ဂဟ,
နိဂ္ဂဟ ညီမျှအောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်၊ ပဂ္ဂဟ, နိဂ္ဂဟ ညီမျှအောင် လုပ်ဆောင်နိုင်မှလည်း
မိမိကိုင်တွယ်ဖြေရှင်းသမျှ အောင်မြင်ပြီး အထက်အောက်အဆင်ပြေကာ ကိုယ်စိတ်၂ပါးချမ်းသာမှု
ရမည်ဖြစ်သည်၊ ပဂ္ဂဟ, နိဂ္ဂဟ ညီမျှအောင် လုပ်ဆောင်နိုင်ရန်မှာ တပည့်မွေးခြင်း, ဆရာမွေးခြင်းကို
ရှောင်ရှားရမည် ဖြစ်သည်။
ဘုတလင်နယ်တွင် သုသာန်ဓုတင်ဆောင်ပြီး တစ်ပါးတည်းနေကာ
အကျင့်စခန်းပေါက်မြောက်သည်ဟု ကျော်ကြားသော ဆရာတော်ကြီးတစ်ပါးရှိခဲ့ဘူး၏၊ ထိုဆရာတော်ထံ
အနယ်အရပ်ရပ်မှ သွားရောက်ဖူးမြော်သူများ အလွန်များ၏၊ ဖူးမြော်ကြသူများတွင် လူဒကာ ဒကာမများပါသလို
ရှင်ရဟန်းများလည်း ပါ၏၊
တစ်နေ့သောအခါ ဖူးမြော်ရောက်လာကြသော အာဂန္တုရဟန်းတော်များက
"ဆရာတော်.. တပည့်တော်တို့ ချမ်းသာစွာ
နေထိုင်နေရေးအတွက် ဩဝါဒ ချီးမြှင့်တော်မူပါဘုရား"ဟု လျှောက်ထားကြ၏၊
ထိုအခါ ဆရာတော်က "အရှင်ဘုရားတို! ချမ်းသာချင်လျှင်
တပည့်မမွေးနှင့်၊ ဆရာမမွေးနှင့်"ဟု တိုတိုတုတ်တုတ်ဩဝါဒပေးတော်မူ၏။
ထိုဩဝါဒသည် တိုသော်လည်း အလွန်အနှစ် အသားပြည့်သော
ဩဝါဒ ဖြစ်သည်၊ ပရိသတ်နှင့်နေလျှင် ဆရာလည်းရှိသလို တပည့်လည်း ရှိမည်သာ၊ ဆရာတပည့်အချင်းချင်း ဆက်ဆံရေးမှာ အဂတိမပါဖို့ကို
ဆိုလိုဟန် တူပါသည်၊
အဂတိပါလာလျှင် ဆရာရော တပည့်ပါ အကုသိုလ်တရားများ၏
လွမ်းမိုးခြယ်လှယ်မှုကို ခံကြရသူများ ဖြစ်သွားတော့၏၊ ထိုအဂတိအကုသိုလ်တရားသည် တစ်နေ့မဟုတ်တစ်နေ့မှာ အုပ်ချုပ်ရေးယန္တရားကို
ထိခိုက်စေပြီး စိတ်မချမ်းမြေ့ဖွယ်ရာများကို ဖြစ်ပွားစေ၏၊ သံသရာ၌လည်း ဆိုးကျိုးကိုသာ
ဖြစ်ပွားစေ၏။
အခါတစ်ပါးဝယ် ဗုဒ္ဓမြတ်စွာသည် "အနန္တေဝါသိကမိဒံ
ဘိက္ခဝေ ဗြဟ္မစရိယံ ဝုဿတိ အနာစရိယကံ။ သန္တေဝါသိကော ဘိက္ခဝေ ဘိက္ခု သာစရိယကော ဒုက္ခံ န ဖာသု
ဝိဟရတိ=ရဟန်းတို့! အတွင်းတပည့်မွေးခြင်း, ဆရာတင်ခြင်းကင်းသော အကျင့်မြတ်ကို ကျင့်သုံးအပ်၏၊
ရဟန်းတို့! အတွင်းတပည့်မွေးခြင်း, ဆရာတင်ခြင်းရှိသူမှာ ဆင်းရဲစွာ နေရတတ်၏၊ ချမ်းသာစွာ မနေရ"ဟု မိန့်တော်မူ၏။(သံ-၃ç
၃၄၉)
"အန္တေ ဝသတီတိ အန္တေဝါသိကော"ဟူသော
ဝိဂြိုဟ်အရ အနီးနေတပည့်ကို အန္တေဝါသိကဟု ဆိုရ၏၊ အကုသိုလ်ကိလေသာတရားသည်လည်း စိတ်အတွင်း၌
ကိန်းဝပ်ဖြစ်ပွားသောကြောင့် သဒိသူပစာရ ဥပမာတဒ္ဓိတ် အားဖြင့် "အန္တေဝါသိက"မည်၏၊
"သဟ+အန္တေဝါသိကေန ယော ဝတ္တတီတိ သန္တေဝါသိကော"ဟူသော ဝိဂြိုဟ်အရ အကုသိုလ်ကိလေသာတရားများ
စိတ်တွင်း ကိန်းဝပ်ဖြစ်ပွားခြင်းရှိသူကို "သန္တေဝါသိက}}ဟု ဆိုရသည်၊
"အာစရတိ သမုဒါစရတီတိ အာစရိယော"ဟူသော
ဝိဂြိုဟ်အရ တပည့်အပေါ် လွှမ်းမိုးခြယ်လှယ်နိုင်သော ဆရာကို "အာစရိယ" ဟု ခေါ်၏၊
အကုသိုလ်ကိလေသာတရားသည်လည်း မိမိဖြစ်ရာပုဂ္ဂိုလ်ကို လွှမ်းမိုးခြယ် လှယ်တတ်သောကြောင့်
သဒိသူပစာရ ဥပမာတဒ္ဓိတ်အားဖြင့် "အာစရိယ" မည်၏၊ "သဟ+ အာစရိယေန ယော ဝတ္တတီတိ
သာစရိယကော" ဟူသော ဝိဂြိုဟ်အရ လွှမ်းမိုးခြယ်လှယ်တတ်သော အကုသိုလ်ကိလေသာတရားရှိသူကို
"သာစရိယက"ဟု ဆိုရသည်။
အချုပ်အားဖြင့် အတွင်း၌ အကုသိုလ်ကိလေသာတရားဖြစ်ပွားနေသူကို အတွင်းလူတပည့်မွေးသူဟု
ခေါ်၍ အကုသိုလ်ကိလေသာတရားများ၏ လွှမ်းမိုးခြယ်လှယ်ခြင်း
ခံရသူကို ဆရာမွေးသူဟု ခေါ်ရ၏၊
မည်သည့်အဖွဲ့ အစည်းဖြစ်စေ ဆရာနှင့်တပည့်,
အထက်နှင့်အောက် ဆက်ဆံရေးမှာ အဂတိကင်းစင်လျှင် အကုသိုလ် ကိလေသာများ ဖြစ်ခွင့် လွှမ်းမိုးခွင့်ရတော့မည်မဟုတ်၊
နှလုံးသားဝယ် အကုသိုလ်ကိလေသာတရားဟူသော အတွင်းတပည့်မွေးမှုကင်း၍ အကုသိုလ်ကိလေသာတရားကို
ဆရာတင်မှုကင်းမှသာ အောင်မြင်သော လူမှုရေး အဖွဲ့အစည်း, ဘာသာရေးအဖွဲ့အစည်း တစ်ရပ်ဖြစ်ကာ
လောကသာသနာအား ကျေးဇူးများ၍ ပစ္စုပ္ပန်သံသရာ အတွက်
စိတ်အေးဖွယ် ဖြစ်နိုင်သည်။
ထိုကြောင့် အဂတိအကုသိုလ် ကိလေသာတရားဟူသော
ဆရာတပည့်များ ဖြစ်ခွင့်, လွှမ်းမိုးခြယ်လှယ်ခွင့် မရအောင် စိတ်နေစိတ်ထားနှင့် ကိုယ်ကျင့်စာရိတ္တ ဖြူစင်အောင်
အားထုတ်အပ်၏၊ ဂန္ဓာရုံဘုံကျော်တောရ ဆရာတော်ကား အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်မှာ စာပေများ ပို့ချစဉ်ကပင်
သူ့အားနည်းချက်ကို ထောက်ပြဖို့ အမြဲတမ်းဖိတ်ခေါ်ကာ စိတ်နေစိတ်ထားနှင့် ကိုယ်ကျင့်စာရိတ္တကို
ဖြူစင်အောင် ကြိုးစားပြုပြင်သော ဆရာတော် တစ်ပါးဖြစ်ကြောင်း ဤစာရေးသူ၏နှလုံးသားဝယ် စွဲထင်လျက်
ရှိ၏၊ ယခုလည်း ထိုအတိုင်းပင် ရှိမည်ဟု ယုံကြည်ပါသည်။
ကျေးဇူးရှင်ဖြစ်တော်မူသော ဘဒ္ဒန္တသုဇနာဘိဝံသ၊ (မဟာဂန္ဓာရုံကျောင်းတိုက်) ၏ ဆောင်းပါးကို မူရင်းအတိုင်း တင်ပြလိုက်ပါသည်။
