ဘုန်းကြီး ငယ်ငယ်က
စဉ်းစားခဲ့ပုံ
ဟို ဘုန်းကြီး ခပ်ငယ်ငယ်တုန်းက စဉ်းစားတာ
တစခုရှိတယ်၊ ဒီ ဘုန်းကြီးဘဝနဲ့ လူ့ဘဝကို ဟိုနည်းနဲ့
စဉ်းစား, ဒီနည်းနဲ့ စဉ်းစား၊ အဲဒီလို စဉ်းစားတဲ့အထဲက တစ်နည်းစဉ်းစားတာ မကြာခင်ကမှ
ပေါ်လာတယ်၊ ဟို ရှေးတုန်းက ဒီ့ပြင်နည်းနဲ့ စဉ်းစားတာတွေသာ ပေါ်တယ်၊ ဟို တစ်နည်း စဉ်းစားတာက
သိပ်မကြာခင်တုန်းကမှ ပေါ်လာတယ်၊
ဘာစဉ်းစားမိခဲ့သလဲဆို တော့ "ငါဟာ သာသနာတော်မှာ
နေရကောင်းမလား၊ လူ့ဘောင် မှာ နေရကောင်းမလား၊ ဘယ်လို အနေနဲ့ နေမလဲ"လို့ စဉ်းစား
တုန်းက ဘာတစ်ခု ပေါ်လာတုန်းဆိုတော့ အဖြေကလေ "ကုသိုလ် များများရတဲ့ ဘဝကို ငါနေမယ်"။
ဆိုပါတော့ "အကယ်၍များ သူဌေးကြီးဖြစ်ပြီးတော့
သို့မဟုတ် ရှင်ဘုရင်ကြီးတွေ ဘာတွေ ဖြစ်ပြီးတော့ လှူနိုင်တယ်, ပေးနိုင်တယ်, ကမ်းနိုင်တယ်,
စောင့်ရှောက်နိုင်တယ်ဆိုရင် လူ့ဘောင် နေမယ်၊ ဟာ ဒီလိုမှ မဟုတ်ဘူး၊ ရဟန်းဘဝ နေမှ ပေးကမ်းနိုင်တယ်,
ပို့ချနိုင်တယ်, ဟောပြောနိုင်တယ်, ကုသိုလ်တွေ အများကြီး ရမယ်ဆိုရင် ရဟန်းဘဝ နေမယ်၊
အဲသလို ကုသိုလ်မရဘူးဆိုရင် နှစ်ဘဝစလုံး ငါ မကြိုက်ဘူး၊ ကုသိုလ်ရတဲ့ဘဝဟာ ငါနေဖို့ ဘဝ
ပါပဲ" လို့ အဲဒီတုန်းက အကယ်၍များပေါ့လေ ပေးလို့, ကမ်းလို့ မကုန်နိုင်လောက်အောင်
ပေးနေတယ်ဆိုလို့ရှိရင် မကုန်နိုင်ဆိုတာ နဂိုက မကုန်နိုင်ဘူး မဟုတ်ပေမယ်လို့ မိမိရဲ့
အလုပ်အကိုင်နဲ့ မကုန်နိုင်လောက် အောင်ကို ပေါတယ်ဆိုလို့ရှိရင် မှန်မှန် နေ့တိုင်း
ပေးပြီးတော့ ပျော်ပျော်ကြီး အဲဒီလိုပဲ နေမှာပါ၊
ဒါ့ကြောင့် အားလုံးပုဂ္ဂိုလ်တွေ, ဟော ယခုလူတွေ,
လူ ဘက်ကနေပြီးသကာလ လူကုသိုလ်တွေ အများကြီးပြုကြ၊ ဒကာ ဘက်က နေပြီးသကာလ ဒကာကုသိုလ်တွေ
အများကြီး ပြုကြ၊ သာသနာကို အများကြီး ပြုကြ၊
မရှိဆင်းရဲတဲ့ သူတွေကို ကိုယ့် အောက် လူတွေကို ညှာကြ၊ ဒီလိုဆိုရင် ဘဝနောက်နှောင်းမှာ
ကောင်းထက် ကောင်းဖို့ရန် တီထွင်တာပေါ့လို့ -
"တထာဝိဓံ - သို့ကလိုဂုဏ်အင်, စုံလင်ပေသည့်,
ပညာရှိ အပေါင်း, သူတော်ကောင်းကို၊ သပ္ပုရိသံ - ဘဝနောင်နှောင်း, ကောင်းထက်ကောင်းမည့်,
လမ်းကြောင်းတီထွင်, သူတော်စင် ဟူ၍၊ ဝဒန္တိ-ဘုရားစသား, ပုဂ္ဂိုလ်များက, လေးစားကြည်ဖြူ,
ချီးမွမ်းတော်မူကြလေသတည်း"။
လက်လှမ်းမှီလျက်သားနဲ့ မလိုက် မရှိရ
ဒီတော့ တရားဆိုတဲ့ဥစ္စာလေ ဘုန်းကြီးက ကိုယ်လက်လှမ်းမီတဲ့
တရား ဟောပေးရင် လိုက်တာကို သဘော ကျတယ်၊ နာပြီးတော့
ကိုယ်လက်လှမ်းမီရက်သားနဲ့ မလိုက်ဘူး
ဆိုရင် ဒီသူတော်ကောင်းလက္ခဏာ
အလိုလို ချွတ်ယွင်းသွားတယ်၊ ကိုယ့်ကိုယ်တိုင်က မလိုက်ကို မလိုက်နိုင်အောင် မြင့်နေတဲ့
တရား မို့ မလိုက်ဘူးဆိုရင်တော့ ဒါကတော့ အပြစ် မပြောသာပါဘူး၊
ယခု ဘုန်းကြီးပြောတဲ့ တရားက လိုက်နိုင်တဲ့တရား,
အဲဒီ လိုက် နိုင်တဲ့တရားကို ပြောပါလျက်နဲ့ မလိုက်ဘူးဆိုလို့ရှိရင် ဒီအင်္ဂါနဲ့ ချွတ်ယွင်းသွားပြီး
အလိုလို ကိုယ့်ကိုယ်ကို အထင်သေးစရာ ဖြစ် ပြီးတော့ သေခါနီးကျတော့ အင်မတန် ကြောက်ကြောက်လန့်လန့်
ဖြစ်ပါလိမ့်မယ်၊ မိမိ လိုက်နိုင်လောက်တဲ့ တရားကို ဟောတဲ့ဥစ္စာကို နေရာတိုင်းမှာ သူ့အဆင့်အတန်းနဲ့
ကြည့်ပြီးတော့ လိုက်လိုက် လိုက်လိုက်သွားတယ်ဆိုလို့ရှိရင် "ငါဟာ သူတော်ကောင်းပဲ၊
ဟို ဘဝမှာ ဒီ့ထက်မြင့်မှာပဲ"လို့ အဲသလို စိတ်ထဲက ဆုံးဖြတ်ချက် ချနိုင်တာဖြစ်တော့
သေရမှာလဲ မကြောက်ပါဘူး။
နိဂုံးချုပ် တိုက်တွန်းချက်
အဲဒါကြောင့် မိမိတို့
တစ်ဘဝသံသရာမှာ နိဗ္ဗာန် မျက်မှောက် မပြုနိုင်သရွေ့ သွားရအုံး မှာဖြစ်တော့ ယခုနှယ်က
သူတော်ကောင်း စစ်စစ်ဖြစ်အောင်ဟာလေ ဒါနကို ပြုတော့လဲ ရိုးရိုးသားသား ဖြောင့်ဖြောင့်မတ်မတ်
ပြုကြ၊ ငါးပါးသီလက စပြီးတော့ သီလကို လဲပဲ စွမ်းနိုင်သမျှ ထိန်းကြ, သိမ်းကြ၊ ယခုခေတ်ဟာ
ဘာဝနာကိုလဲ ဘာဝနာကိုလဲ အားလုံး ဟောပြောပြီးတော့ ဆုံးမ နေကြတဲ့ ခေတ်ဖြစ်တော့ ဘာဝနာလဲပဲ
မကြာခဏ သတိရလို့၊
ဟုတ်တယ်, ဒီခန္ဓာကိုယ်ကြီးဟာ မမြဲဘူးနော်၊
တဖြည်းဖြည်း အို လာပြီ၊ ဒီခန္ဓာကိုယ်ကြီး အိုလာတာဟာ ဘာလို့ အိုသလဲ၊ အိုတာ ဟာ သေဖို့ရာ
အိုတာပဲ၊ တဖြည်းဖြည်း သေမှာပဲ၊ "အနိစ္စခန္ဓာ
ကိုယ်ကြီး၊ ဒီခန္ဓာကိုယ်ကြီးဟာ
ငါက မအိုချင်ဘဲနဲ့ အိုနေတဲ့, အစိုးမရတဲ့, အနှစ်သာရ
မရှိတဲ့ ခန္ဓာကိုယ်ကြီး၊ ဒီခန္ဓာကိုယ် ကြီးဟာ ငါက မသေချင်ဘဲ သေရအုံးမယ်၊ ငါ့
အလို မလိုက်နိုင်တဲ့ အနှစ်သာရ မရှိတဲ့ အနတ္တခန္ဓာကိုယ်ကြီး၊"
အဲသလို စိတ်ထဲက တွေးပြီးတော့ ဒီခန္ဓာကိုယ်ထဲက အဆီအနှစ် ဖြစ်တဲ့ ပါရမီတွေကို ငါ
ထုတ်ယူလိုက်မယ်၊ ဒီခန္ဓာကိုယ်ထဲက အဆီအနှစ်ဖြစ်တဲ့ ဝိပဿနာဉာဏ်တွေ ငါ ထုတ်ယူလိုက်မယ်၊
ဒီခန္ဓာကိုယ်ထဲက ဘဝသံသရာမှာ အဆုံးသတ်မယ့် မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်း အကောင်းဆုံးဖြစ်တဲ့
ပါရမီကုသိုလ်တွေကို ငါ ရအောင် ကြိုးစားလိုက်မယ်။
အနှစ်သာရ မရှိတဲ့ ခန္ဓာကိုယ်ထဲက အနှစ်သာရရှိတဲ့
ပါရမီ ကုသိုလ်တွေကို ငါ ထုတ်ယူလိုက်မယ်၊ ငါ့ရှိတဲ့ ဥစ္စာတွေက ဘယ် လိုပဲ ငါက သိမ်းသိမ်း
တဖြည်းဖြည်း ကုန်ခမ်းရမယ့် ဥစ္စာတွေပဲ၊ အနှစ်သာရ မရှိတဲ့ ဥစ္စာတွေထဲက အနှစ်သာရရှိတဲ့
ပါရမီကုသိုလ် တွေ, မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း ကောင်းမြတ်သော တရား တွေကို ငါ ထုတ်ယူသောအားဖြင့်
ငါ လှူလိုက်မယ်, တန်းလိုက်မယ်, ပေးလိုက်မယ်, ကမ်းလိုက်မယ်, မရှိဆင်းရဲသူတွေ ညှာတာ လိုက်မယ်,
စောင့်ရှောက်လိုက်မယ်၊
ငါ အနှစ်သာရဖြစ်တဲ့ ပါရမီ တရားတွေကို အနှစ်သာရမရှိတဲ့
ဥစ္စာထဲက ထုတ်ယူလိုက်မယ်၊ ဟော တယ် စိတ်ထဲကလေ သူတော်ကောင်းလက္ခဏာနဲ့ ညီညီ စဉ်းစားမယ်ဆိုလို့ရှိရင်
ကောင်းတဲ့ ဝိပဿနာတရားတွေဟာ ရနေ ပြီး အမြဲမရှိတဲ့ ခန္ဓာကိုယ်ထဲက မြဲတဲ့ နိဗ္ဗာန်ကို ငါ
မြန်မြန်ရအောင်
ထုတ်ယူလိုက်မယ်၊
အမြဲမရှိတဲ့ ဒီခန္ဓာကိုယ်ထဲက မြဲတဲ့နိဗ္ဗာန်ကို မြန်မြန်ရောက်အောင် ငါ ထုတ်ယူလိုက်မယ်၊
ယခု ပြောရင်း ဆိုရင်း စဉ်းစားရင်းပဲ တစ်အိုထဲ
အိုနေတဲ့, သေဖို့ရန် ရှေးရှုနေတဲ့, ဆင်းရဲတဲ့ ဒီခန္ဓာကိုယ်ထဲက သုခအစစ်ဖြစ်တဲ့ နိဗ္ဗာန်ကို
မြန်မြန် ရရာရကြောင်း ကောင်းမှုပါရမီကို ထုတ်ယူလိုက်မယ်၊ အနှစ်သာရ မရှိတဲ့, ယခု ငါက
မအိုချင်ဘဲနဲ့ သူကအိုနေတဲ့အတွက် ငါ့အလို မလိုက်တဲ့ မအိုသင့်ပဲနဲ့ အိုနေသည့်အတွက်ကြောင့်
မခိုင်မြဲတဲ့ အနတ္တဖြစ်တဲ့ ဒီခန္ဓာကိုယ်ထဲက အနှစ်သာရ မရှိတဲ့, ငါ့အလို မလိုက်မပါနိုင်တဲ့
ဒီခန္ဓာကိုယ်ထဲက အနှစ်သာရဖြစ်တဲ့ ပါရမီ ကောင်းမှုကုသိုလ်တွေကို ထုတ်ယူလိုက်မယ်လို့ ….
အဲသလို သူတော် ကောင်းပီပီ ဝိပဿနာဉာဏ်နဲ့လေ
အနိစ္စ ဒုက္ခ အနတ္တ ဒီခန္ဓာ ကိုယ်ကြီးကို တင်ပြီးသကာလ, ဝိပဿနာကောင်းမှုများ ကြိုးစား ပြီးတော့
သူတော်ကောင်းစစ်စစ်ကို အခြေခံပြီးသကာလ ဘဝ နောက်နှောင်း ကောင်းပြီးသကာလ ရုပ်နာမ် အဆုံးသတ်ကို
မိမိ မျက်မှောက်ပြုနိုင်အောင်, နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်အောင်, ယခုနှယ်က ထိပ်တန်းသူတော်ကောင်းဖြစ်အောင်
ကိုယ်စီကိုယ်ငှ ကြိုးစားနိုင်ကြစေကုန်သတည်း။
သူတော်ကောင်းလက္ခဏာတရားတော်
ပြီးပြီ။
