Thursday, November 29, 2012

“မကြေးမုံတို့ ရွာ”



(၁)
ဖိုးလမင်းကြီး ထိန်ထိန်သာ
မကြေးမုံတို့ ရွာ။

ရွာနောက်ဖျားက မောင်းသံကြား
မကြေးမုံတို့ လား။
မကြေးမုံ မှုန်နွဲ့ နှောင်းငယ်
ပြောင်းရိုးအူ ဖြူနားဋောင်းနဲ့ 
မောင်းထောင်းသနဲ့  - ထောင်းသနဲ့ ။

(၂)
ဖိုးလမင်းကြီး တထိန်ထိန်
မကြေးမုံတို့ အိမ်။
အိမ်နောက်စင်နား ခြေသံကြား
ကာလသားတို့ လား။
ကာလသား လူမိုက်ခေါင်း
မကြေးမုံ မှုန်နွဲ့ နှောင်းကို
လာချောင်းသနဲ့  - ချောင်းသနဲ့ ။

(၃)
ဖိုးလမင်းကြီး ထိန်ထိန်ဝေ
မကြေးမုံတို့ မြေ။
မြစ်အစပ်နား ၊ အူသံကြား
တောခွေးအ တို့ လား။

တောခွေးအ အူသံညောင်း
မကြေးမုံ မှုန်နွဲ့ နှောင်းငယ်
သွေးကောင်းသနဲ့  - ကောင်းသနဲ့ ။
ဓားတောင်းသနဲ့  - တောင်းသနဲ့ ။

(၄)
ကိုရင်တို့ ရွာ ပြောင်းဖူးတော
စည်ဗြောသံ သာသလေလေ့။
စပါးဖျာ စာယက်တော့
ငှက်ခြောက်သံ သာသလေလေ့။
မကြေးမုံ ကြက်တောင်စည်းနဲ့ 
ထုပ်ဆီးသံ သာသလေလေ့။
ပဲစဉ်းငုံ နှမ်းပုံကြား
ဝါးသံက သာသလေလေ့။
နှမ်းပင်ကထောင် စည်းကြက်တောင်ဟေ့
ကိုရင်ကလှောင် ဘေးကပြောင်
နှမ်းပင်ခေါင်ဖျား ထိမလား။
သနပ်ခါးက ပါးကွက်ကျား
ပဲကြီးဟင်းလား ပဲဟင်းလား
ကစားသံ သာလေလေ့။
သာယာပါရဲ့ ရွာကလေး
လရောင်ကဖွေး ပန်းကမွှေး။

(၅)
ဂျက်ကလိန်ဂျောင်းဂျင်း ၊ ပြောင်းတတင်း
မောင်းနင်းနေတဲ့ မကြေးမုံ
အစိမ်းကွက်ဆန်း ၊ ဂျိမ်ရက္ကန်း
ချိန်းရက်မှန်းတဲ့ မကြေးမုံ။

ဘူးတစင်နွဲ့  ၊ ခူးချင်ရဲ့
အဖူးမြင်တဲ့ မကြေးမုံ။
ကိုင်းပင်အကြား ၊ ဗျိုင်းဝင်နား
ဗိုင်းငင်သွားတဲ့ မကြေးမုံ။
ထနောင်းပင်မိုး ၊ ချောင်းခွင်ရိုး
ခေါင်းတင်အိုးနဲ့  မကြေးမုံး။
နေ့ မှာယာခင်း ၊ ညခါတွင်း
ဝါပခြင်းနှင့် မကြေးမုံ။
သီချင်းတပုဒ် ၊ ထင်းတခုတ်
ယမင်းရုပ်ကလေး မကြေးမုံ။
မိဖဆုံးမ ၊ နှလုံးလှ
မမုန်းကြတဲ့ မကြေးမုံ။
အလိမ်မာကဲ ၊ ရွာဆွဲလဲ
နံ့ သာခဲကလေး မကြေးမုံ။
မကြေးမုံလာတဲ့လမ်း
မွှေးထုံတဲ့ပန်း။

(၆)
မကြေးမုံအရွယ်ရောက်
လူပျိုပေါက် တို့ ကိုရင်
ရှက်စိတ်တွေဝင်။
ယာခင်းကိုတင်
လှည်းယာဉ်က တပြေး။
လူကြီးတွေ စုံရာနဲ့ 
မင်္ဂလာခန်းဝင် နှင်းပါ့မယ်
ငြင်းပါနဲ့ လေး။

ဆီးချုံမှာ
မီးလှုံဖို့ မွှေး
ထန်းပင်မြစ်ကယ်နဲ့ 
ကြင်ချစ်သူ ကိုယ်ငွေ့ နွေး
မီးဖုတ်လို့ ကျွေး။
သရဖီ
တောဆီက ၀င်း
မကြေးမုံ ပန်းတဲ့ပန်း
လမ်းမကသင်း။
ကြေးနီတောင် အထက်နားက
မိုးသားကလေး မညို့ တညို
လေချိုကဖျန်း။
မကြေးမုံ ကောက်စိုက်သွား
အားတက်ဖွယ်လမ်း။
ယာထဲကိုဝင်
လယ်ပြင်သို့ သွား
သူ့ ရွာကို သူဖန်ဆင်း
ပျင်းပါ့မလား။

တင်မိုး
(၃-၈-၇၀ နေ့ မှာရေး၍ ၁၆-၁၂-၇၆ မှာပြီးသည်)
ပန်းချီ hnin lei phyu (13) years old
 
ဒီနေရာလေးကနေ ကူးယူတင်ပြလိုက်တာပါ။ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ