၁။ ဘုရားရှင်က
"ကျန်းမာခြင်းသည် အကောင်းဆုံးလာဘ်" လို့ ဟောတော်မူတယ်၊
ဒီစကားတော်ကို အမြဲ သတိထားပြီး လိုက်နာထိုက်တယ်၊
တစ်စုံတစ်ခု ရောဂါဖြစ်လို့ မကျန်းမာတဲ့အခါ ဘယ်လောက်ပင် ဥစ္စာလာဘ်တွေ
ရနေသော်လဲ
ဘာမှ သာယာ စရာ မဖြစ်တော့ဘူး၊
ကိုယ်လုပ်ချင်တဲ့ ကုသိုလ်ရေးကိုလဲ မလုပ်နိုင် တော့ဘူး၊ ရောဂါကင်း၍
ကျန်းမာခြင်းရှိနေယင်တော့ ဘယ်လို နေရ နေရ, ဘယ်လို စားရ စားရ စိတ်ချမ်းသာတာဘဲ,
ကုသိုလ်လဲ ပြုနိုင်တာဘဲ။
၂။ ကျန်းမာဖို့ အတွက်လဲ "အသက်ကို ဉာဏ်စောင့်" လို့ ပြောလေ့ရှိကြတယ်၊
ဘယ်အစာဟာ ဘယ်အခါမှာ မစားရဘူး၊
ငါနဲ့ ဘယ်အစာဟာ မတဲ့တတ်ဘူး၊
ဒီလိုသိတဲ့ဉာဏ်ရှိမှ, သင့်မြတ်တဲ့ အစာကိုလဲ ရွေးချယ်ပြီး စားတတ်တဲ့
ဉာဏ်ရှိမှ ကျန်းမာပြီး အသက်ရှည်တယ်၊
မသင့်တဲ့အစာကိုတော့ စားချင်ပေမယ့် အဆိတ်လို သဘောထားပြီး ရှောင်နိုင်အောင်
ရှောင်ရတယ်၊ မသင့်တဲ့အစာကိုစားယင် ရောဂါတစ်မျိုးမျိုးဖြစ်နိုင်တယ်၊ ဒါ့ကြောင့်
"အစားမတော် တစ်လုပ်, အသွားမတော် တစ်မုဟုတ်" လို့ ရှေး လူကြီးများက
သတိပေးထားကြတယ်။
အသွားမတော်တာနဲ့စပ်ပြီး
အနေအထိုင်မှာလဲ အအေးမိအောင်, အပူမိအောင် နေထိုင်ယင် ဘေးတွေ့ တတ်တယ်, ရောဂါဖြစ်တတ်တာဘဲ၊
ဒါ့ကြောင့် = ကျန်းမာရေး ကောင်းအောင် အသိဉာဏ်လဲ အရာရာမှာ ရှိရတယ်၊
သတိလဲ ကိစ္စတိုင်းမှာ ရှိရတယ်။
၎။ ကျန်းမာရေးနဲ့စပ်ပြီး
ဘုရားရှင်က စိတ်ကျန်းမာရေးကိုလဲ အရေးတကြီး ဟောတော်မူတယ်၊ လောဘကြီးမှု, ဒေါသကြီးမှု,
မာန်မာနကြီးမှု, မနာလိုဝန်တို (ဣဿာ မစ္ဆရိယ)ကြီးမှုတွေဟာ စိတ်မချမ်းသာဖို့ဖြစ်လာတဲ့
စိတ်ရောဂါတွေဘဲ၊
စိတ်ကျန်းမာ ချမ်းသာအောင် လောဘလဲမကြီးရ, ဒေါသစသော မကောင်းမှု တွေလဲ
မကြီးရဘူး၊ (နည်းနည်းပါးပါးဆိုတာတော့ မကင်းနိုင်ဘူးပေါ့)။
၅။ စိတ်ကျန်းမာ ချမ်းသာအောင်
ဘုရားကို သတိရနေ, သတ္တဝါတွေကို မေတ္တာပို့နေ, ကောင်းသော ကုသိုလ်ရေးကို တွေး နေ
ပြုလုပ်နေရတယ်၊
လောဘ ဒေါသ ပြင်းပြင်းဖြစ်လာယင် စိတ်မှာရောဂါဖြစ်တယ်လို့ သိပြီး
အမြန်ဆုံးပြေပျောက်အောင် သတိထားလိုက်ရတယ်၊
ဒီလို သတိရသည်နှင့်တစ်ပြိုင်နက် စိတ်ရောဂါ သက်သာသွားတာဘဲ။
၆။ အချုပ်မှာတော့
ကျန်းမာရေး၂-မျိုးရှိတယ်၊ ကိုယ် ကျန်းမာမှု စိတ်ကျန်းမာမှုတဲ့,
၂-မျိုးလုံးကောင်းအောင် အသိ
အလိမ္မာဉာဏ်ရှိရတယ်၊
နေရာတိုင်း သတိရှိရတယ်၊ စားလဲ သတိ, သွားလဲ သတိ, စကားပြောလဲ သတိ၊
"ယနေ့စားတဲ့အစာဟာ နက်ဖြန်အစာကျေပြီး ဓာတ်သွားရမှ,
ထိုအစာကို ကောင်းတယ်လို့ ချီးမွမ်းရမယ်"လို့
ကျန်းစာက ဆိုတယ်။ (မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြ၀ါဒမှ)
