ဟိုတစ်နေ့က
ကျောင်းရှေ့ရှိ သရက်ပင်အောက်မှာ သီတင်းသုံးဖော်များနှင့် စကားပြောရင်း
ရှေးဆရာတော်ကြီးများရဲ့ ကြည်ညိုစရာကောင်းတဲ့ အကြောင်းလေးများကိုစပ်မိလို့
ပြောဖြစ်ခဲ့တယ်၊ အဲဒီအထဲမှာမှ အောက်ပါ အကြောင်းလေးကို ရွေးကောက်တင်ပြလိုက်ပါတယ်၊
တစ်နေ့သောညအခါမှာ တောရကျောင်း
တစ်ကျောင်းတွင် ရဟန်းတော်မျာွးက ဆရာတော်ကြီးကို ၀တ်ပြုနေကြပါ၏။
ဆရာတော်ကြီးကလည်း
ဤကဲ့သို့ ရဟန်းတော်များနှင့် ဆုံးစည်းခိုက်တွင် တရားဓမ္မနှင့် ပတ်သက်သည့် ဆုံးမမှုများ
ပေးတော်မူလေ့ရှိတတ်သည်။
အဲဒီအထဲ ဦးဇင်းတစ်ပါးက
" ဆရာတော် န၀ကမ္မ
မကိုင်ပဲ နိုင်ငံခြားတောင် ရောက်ဖူးပြီ ဆိုတော့ အလွန်ကံထူးတာပေါ့ဘုရား..
တပည့်တော်တို့တော့ဖြင့်…"
ယင်းဦးဇင်းက စကားကို
အဆုံးအထိမပြော သို့မဟုတ် သူပြောမည့် စကားကို အဆုံးအထိမပြောမိစေရန် အညတရာဒေ၀တာက
တားလေသလား၊ သို့.. ဘာကြောင့်လည်း ဆိုတာကို နားမလည်ပါ၊ နားမလည်သော်လည်း သူ့စကားကို
ဆရာတော်ကြီးရော ကျန်ရဟန်းငယ်များပါ နားလည်ကြပါသည်၊ သဘောပေါက်ကြပါသည်။
ယင်းသို့သောအခိုက်တွင်
" အင်း
မောင်ပဉ္ဇင်းက ပြောတော့ တို့လည်း ပြောရသေးတာပကွယ်" ဆိုပြီး အစချီကာ
အလွန်မှတ်သား အံ့သြဖွယ်ကောင်းသည့် အဖြစ်အပျက်တစ်ခုကို မိန့်တော်မူလိုက်ပါသည်။
အဖြစ်အပျက်က ဒီလိုကွဲ့
မောင်ပဉ္ဇင်းတို့ရဲ့
တို့များ
ငယ်ငယ်တုန်းကပေါ့…
ပခုက္ကူ ဟိုဘက်ကမ်း
ကူးဖို့အတွက် သင်္ကန်းလေးရုံ ဒုကုဋ်ကို ပခုံးပေါ်တင်၊ သပိတ်လွယ်ပြီး ယပ်ထမ်းကာ
ဘာယဉ်မှ မစီးပဲ ခြေချင်ခရီး သွားခဲ့တာ၊
ဟိုဘက်ကမ်းကိုကူးဖို့
ကူးတို့စက်လှေဆိပ်ရောက်တော့ ဒီလိုပဲ ရပ်နေတယ်။
ကူးတို့သမားက မေးပါတယ်
ဆရာတော် ဟိုဘက်ကမ်း ကူးမှာလားဘုရားတဲ့
ဟုတ်တယ် ဒကာ လို့
ဖြေလိုက်ပေမယ့်
ကြွတော်မူပါလို့
တစ်ခွန်းမှ မလျှောက်တော့ လှေပေါ်တက်မစီးပဲ
ကမ်းစပ်မှာပဲ နေပူကြဲကြဲ
ယပ်ကလေးနဲ့ကွယ်ပြီး ဒီအတိုင်းရပ်နေရတယ်၊
ကူးတို့က
နောက်တစ်ခေါက်လာပြန်လာပြီး ခရီးသည်တွေတင် ခုနလိုပဲမေးပြီး ထွက်သွားပြန်တယ်၊
လိုက်မသွားရပြန်ဘူး၊ ဒီလိုနဲ့ နေ့လည်ကနေ အဲဒီမှာ ရပ်နေလိုက်တာ
ညနေနေတောင်ဝင်တော့မယ်ပေါ့၊
အဲဒီအချိန်ကူးတို့ သမားက
အရှင်ဘုရား ဟိုဘက်ကမ်းကြွမလို့လား ဘုရား
ဟုတ်တယ် ဒကာတော်
ကြွမယ်ဆိုတက်ပါဘုရား
အဲလိုလျှောက်လိုက်မှာ
တက်လိုက်သွားတယ်
လှေပေါ်ရောက်တော့ ဒကာကြီး
န၀ကမ္မမပါဘူးနော် မရရင် ပြန်ချထားခဲ့ပါ လို့ ပြောတော့
တစ်ပြားမှကို မပါတာလား
ဘုရား..တဲ့
ဟုတ်တယ် တစ်ပြားမှ
မပါဘူး.. ဒီလိုပဲ ဖြေလိုက်တယ်။
လှေသမားကျေနပ်သည်
မကျေနပ်သည်တော့ မသိပါ၊ နားထောင်နေသည့် ဦးဇင်းတပါးမှ ထပြီးလျှောက်လိုက်သည်၊
" ဆရာတော်
ငွေမကိုင်ဘူး လို့ မိန့်လိုက်ရော့ပေါ့" တဲ့။
ဤထောက်ကွက်ကလေးကြောင့်
နောက်လာနောက်သား ရဟန်းတော်များအတွက်
အဖိုးတန် ပတ္တမြားတစ်လုံ
ဆရာတော့် နုတ်ခမ်းတွင်းမှ ထွက်ပေါ်လာခဲ့ပါသည်။
" မောင် ပဉ္ဇင်း
ရဟန်းဆိုတာ အဲလို မပြောရဘူးကွဲ့၊ မပါမပါဘူးပဲ ပြောရမယ်၊ တစ်ချို့စကားလုံးတွေက
ကိုယ့်ကိုယ်ကို ချီးမြှောက်သလို ဖြစ်ပြီး တစ်ဖက်သားကို ကဲ့ရဲ့သလိုဖြစ်သွားတတ်တယ်၊
အဲသလို မပြောရဘူး မပြောရဘူးနော်.." တဲ့။
ရဟန်းတော်များလည်း
ဆရာတော့် အဆုံးအမကို မှန်ပါဘုရား ဟု နာခံရင်း ဆက်လက်နားထောင်နေကြပြန်သည်
အမှောင်ထုတွင်းဝယ် ဆရာတော့်အသံက လင်းလက်လာပြန်သည်။
"သည်လိုနဲ့
ပခုက္ကူဘက်ကနေ ပြန်လာတော့ ခုန လှေကူးတို့သမားက မှတ်မိတော့
ကြွပါဘုရားကြွပါ..ဆိုပြီး
ပင့်တော့တာ ဘာမှကို ပြောစရာမလိုတော့ဘူး" ဟုမိန့်တော်မူပါသည်၊
" အေး
သာသနာမှာနေရင် မောင်ပဉ္ဇင်းတို့ ၀ိနည်းကိုလည်း ဂရုစိုက်ရတယ်၊ သုတ္တန်ကိုလဲ
လက်မလွတ်တန်းကျင့်ရတယ် ကွဲ့"
ဆရာတော်နုတ်တော်မှ
ထွက်ပေါ်လာပြန်ပြီ အဖိုးဖြတ်မရသည့် ရတနာများစွာ ပမာ စကားရတနာများ
မှတ်သားလိုက်နာဖွယ် သြ၀ါဒ ရတနာများ။
" ဆိုပါစို့
မောင်ပဉ္ဇင်းတို့ မိဘဆွေမျိုးတို့ ဖိတ်မန်ထားသူတို့ဆီမှာ အပ်စပ်တဲ့ ပစ္စည်းတွေကို
ဘယ်လောက်တောင်းတောင်း အာပတ်မသင့်ဘူး ဒါဝိနည်းအလိုပေါ့၊ သို့သော်
သုတ္တန်အနေနဲ့ကြည့်တော့ လိုတာထက် ပိုတောင်းခွင့် မရှိဘူး၊ လိုတာထက် ပိုတောင်းရင်
အပ္ပိစ္ဆတာဂုဏ်ပျက်တယ် မောင်ပဉ္စင်းတို့. ဒီလို ဟိုဘက်အစွန်း ဒီဘက်အစွန်း မလွတ်အောင်
လိုက်နာကျင့်သုံးကြကွဲ့ ဒါမှ သာသနာတော်မှ တင့်တယ်သူများ ဖြစ်မယ်"
ဆရာတော် စကားအဆုံးတွင်
အားလုံး ရင်တွင်မှာ ၀မ်းသာပီတိလှိုင်းများ တအိအိ ခံစားနေကြသည်၊ အမှောင်တွင်းမှာ
ယင်းပီတိများကြောင့် လင်းလက်တဲ့ တက်ကြွလန်းဆန်းသည့် ကိုယ်ကာယများကို အချင်းချင်း
မှန်းဆကြည့်မိကြမည်ဖြစ်သည်။
သရက်ပင်အောက်မှ မိမိရဲ့
သူငယ်ချင်း သီးတင်းသုံးဖော်များလည်း အပြုံးပန်းတွေ ဝေနေကြပါသည်၊ ပြီးတော့
အဲဒီဆရာတော်ရှိသေးသလားလို့ သူတို့က မေးပါတယ်။
"မရှိတော့ပါဘုရား"
လို့ ပြန်လည်ဖြေပေးလိုက်တော့ သူတို့ရဲ့ အပြုံးမျက်နှာလေးတွေ ညှိုးငယ်သွားသဖြင့်
စိတ်မကောင်းဖြစ်မိလိုက်မိသေးသည်။
မည်သူမဆို ဤလို သီလသမာဓိ
သိက္ခာ ပြည့်စုံသည့် ဆရာတော်သမားတော်ကြီးများကို လွန်တော်မူသွားမှာ နှမျှောကြပါ၏၊
မြတ်စွာဘုရားနှင့် ရဟန္တာ အရှင်မြတ်အားလုံးကို ယခုအချိန်ထိ ကြည်ညိုစွာ အားရစွာ
ဖူးမျှော်ချင်ကြပါ၏၊ သို့သော်….မရပါချေ၊ ဤသည်မှာလည်း ဓမ္မတာပင်မဟုတ်ပါလား…။
သို့သော် မြတ်ဗုဒ္ဓနှင့်
ထိုသာဝကများ ရှိသည်မရှိသည်က အရေးမကြီးပါ၊ အရေးကြီးသည်မှာ ယင်းတို့၏ အဆုံးအမများကို
နှလုံးသားတွင် ကိန်းဝပ်နေဖို့ပင်မဟုတ်လား။
ယခုတော့ဖြင့်
ကျွန်ုပ်တို့မှာ ယင်းသူတော်ကောင်းတို့ နှလုံးသားမှ အံထွက်လာသည့်
အဖိုးအနဂ္ဃထိုက်သည့် အဆုံးအမရတနာတို့ကို မသုံးစွဲချင်၊ သုံးစွဲရကောင်းမှန်းပင်မသိ၍
သီလလည်း မချမ်းသာကြပါ၊ သမာဓိလည်း ဆင်းရဲကြနေပါ၏၊ ပညာလည်း မွဲနေကြပါ၏။ ဤစကားဖြင့်
ကျွန်ုပ်တော့ဖြင့် ကျွန်ုပ်ပေါင်ကို ခပ်ဖွဖွလေး ထောင်လိုက်ပါသတည်း..။
မှတ်ချက် ။ ။ ဤအကြောင်းအရာကို
မည်သည့်ရည်ရွယ်ချက်နှင့်မျှ တင်ပြသည်မဟုတ်ပါ၊ ဆရာတော်ကြီးများ၏ သီလသမာဓိပညာအားကို
ကြည်ညိုစေရန်သာ ရည်ရွယ်ရင်းဖြစ်ပါသည်။ အမှားပါက သည်းခံခွင့်လွတ်စေချင်ပါသည်။