Tuesday, October 30, 2012

သီတင်းကျွတ် လပြည့်နေ့ ပ၀ါရဏာမှ ပေးသော အတွေးများ



ပ၀ါရဏာမှ ပေးသော အတွေးများ

သီတင်းကျွတ်လပြည့် ပ၀ါရဏာနေ့မှာ သံဃာတော်များ ပ၀ါရဏာပြုကြရတယ်၊ ပ၀ါရဏာဆိုတာ ရဟန်းသံဃာအချင်းချင်း မိမိတို့မှာ အပြစ်တစ်စုံတစ်ရာတွေ့ရှိပါက ပြောပြကြဖို့ ဖိတ်မန်တဲ့သဘောပါ၊ အဲဒီလို ဖိတ်မန်လိုက်တဲ့အခါ အပြစ်ကို ပြောပြသူကလည်း မေတ္တာကရုဏာနဲ့ပြောပြ၊ အပြစ်ရှိသူကလည်း မိမိရဲ့အပြစ်ကို သိမြင်ပြီး အမှန်ပြုပြင် ကုစားဖို့ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတစ်ခုအဖြစ် မြတ်စွာဘုရား

လမ်းညွှန်ပညတ်ခဲ့တဲ့ လမ်ညွှန်ချက်နည်းကောင်းလေးတစ်ခုပါ၊

အခု သံဃာတွေပြုတဲ့ ပ၀ါရဏာနဲ့စပ်ပြီး တွေးမိတဲ့အတွေးလေးကို တဆင့်ပြန်လည်မျှဝေချင်လို့ပါ၊ တကယ်တော့ ဒီလမ်းညွှန်ချက်ကလေးဟာ အလွန်ကောင်းမွန်တဲ့ လမ်းညွှန်ချက်ကလေးဖြစ်လို့ ဒီပ၀ါရဏာပြုတဲ့သဘောလေးကို ရဟန်းတွေသာမက လူတွေလည်း လိုက်နာကျင့်သုံးရင် အများကြီးအကျိုးကျေးဇူးရှိမယ်လို့ တွေးမိတယ်ထင်လို့ တဆင့်မျှဝေလိုက်ပါတယ်။
ဒါပေမဲ့ ပ၀ါရဏာအကြောင်း မစခင် သီတင်းကျွတ်လနဲ့ပတ်သက်တဲ့ အထိမ်းအမှတ်နေ့များ ပွဲတော်နေ့များအကြောင်းကို ဗဟုသုတဖြစ်စေဖို့ ယခုအမေရိကန်မှာသီတင်းသုံးနေတော်မူသော ဆရာတော် အရှင်မဟောသဓပဏ္ဍိတ(ဝေဇယန္တာ) ရေးသားထားသော စာများကို မူရင်းအတိုင်း တင်ပြလိုက်ပါသည်၊ ဖတ်ကြည့်ပါ၊

သီတင်းကျွတ်နှင့် ပ၀ါရဏာပွဲ

ရှေးအခါ ˝သန်တူလ˝၊ ယခုအခါ ˝သီတင်းကျွတ်လ˝တွင် ဘာသာရေးနှင့် နှီးနွယ်သော ပွဲတော်များ ကျင်းပလေ့ရှိခဲ့ကြသည်။ ရှေးမင်းများ လက်ထက်မှ ယနေ့တိုင် ဆင်နွှဲလာခဲ့ရာ ˝မြန်မာ့ ရိုးရာ ယဉ်ကျေးမှု တရပ်˝ အနေဖြင့် တည်ရှိနေပေတော့သည်။


တာဝတိံသာခေါ် မီးမြင့်မိုရ်ပွဲ

ဤသီတင်းကျွတ်လတွင် ဗုဒ္ဓမြတ်စွာသည် တာဝတိံသာနတ်ပြည်သို့ တ၀ါတွင်းလုံး ကြွ ရောက်၍ အဘိဓမ္မာတရားတော် ချီးမြှင့်ရာမှ ˝သင်္ကဿမြို့တော်˝သို့ ပြန်လည်ကြွ ရောက် တော်မူခဲ့သည်။ သင်္ကဿမြို့သို့ ဆိုက်ရောက်တော်မူလာချိန်မှာ သီတင်းကျွတ်လပြည့်ည မှောင်ရီပျိုးစ အချိန်ဖြစ်သည်။ မြို့သူမြို့ သားတို့သည် ဆီမီးထိန်ထိန် ညှိထွန်း၍ ဗုဒ္ဓမြတ်စွာကို လှိုက်လှဲဝမ်းသာ ကြိုဆို ဦးညွှတ်ခဲ့ကြသည်။ ဗုဒ္ဓ မြတ်စွာသည် ၀ဲ ယာ ငွေစောင်းတန်း ရွှေစောင်းတန်းတို့မှ နတ်ဒေ၀တာ များ ခြံရံလျက် အလယ် ပတ္တမြား စောင်းတန်းမှ ဆင်းသက်တော်မူလာခဲ့လေသည်။ ဤတာဝတိံသာနတ်ပြည်မှ ပြန်ကြွလာပုံကို ရည်မှန်း၍ ˝တာဝတိံသာပွဲ˝ ခေါ် ˝မီးမြင့်မိုရ်ပွဲ˝ ကို ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ တခမ်းတနား ဆင်နွှဲ လာခဲ့ကြခြင်း ဖြစ်သည်။

အဘိဓမ္မာ အခါတော်သဘင်

ဗုဒ္ဓမြတ်စွာသည် မယ်တော်ဖြစ်ခဲ့ဘူးသည့် သန္တုဿိတ နတ်သားကို အမှူးထား၍ အား လုံးသော နတ်ဗြဟ္မာတို့အား အဘိဓမ္မာတရား ဟောကြား တော်မူခဲ့သည်။ တ၀ါတွင်းလုံး ကျေးဇူးဆပ် ဒေသနာ ဟောကြား၍ ဤသီတင်းဝါလ ကျွတ်ချိန်တွင် လူ့ပြည်သို့ ပြန်လည် ကြွရောက်တော်မူခဲ့သည်။ ဤ အထိမ်းအမှတ်ဖြင့် သီတင်းကျွတ်လပြည့်နေ့တွင် ပဋ္ဌာန်းအစရှိသော အဘိဓမ္မာခုနစ်ကျမ်းကို စုပေါင်းညီညာ ပြိုင်တူ ရွတ်ဆိုကာဖြင့် ˝အဘိဓမ္မာ အခါတော်သဘင်˝ ကို ဆင်ယင်ကျင်းပကြသည်။ နှစ်စဉ်လည်း မြန်မာ့ အသံမှ အဘိဓမ္မာခုနစ်ကျမ်း ရွတ်ဖတ်ပူဇော်ကြပုံကို ထုတ်လွင့်ပေးခဲ့သည်။

ဝါကျွတ်ပူဇော် ကန်တော့ပွဲ

˝၀ါကျွတ်ပူဇော် ကန်တော့ပွဲ˝ မှာလည်း မြတ်ဗုဒ္ဓကို အားကျအတူယူ၍ ဖြစ်ပေါ်လာသော အစဉ်အလာကောင်းတခု ဖြစ်သည်။ မှန်ပါသည် - ဗုဒ္ဓမြတ်စွာသည် တ၀ါတွင်းလုံး တာဝတိံသာ နတ်ပြည် သို့ ကြွရောက်တော်မူ၍ မယ်တော်မိနတ်သားအား နို့ဖိုးဆပ် ဒေသနာ ဟောကြားတော် မူခဲ့ပါပေ၏။ ဤမြတ်ဗုဒ္ဓ၏ ကျေးဇူးရှင်တို့အပေါ် ကျေးဇူးတရားသိ၍ ကျေးဇူးဆပ်တော်မူပုံကို စံထားကာ ဗုဒ္ဓဘာသာဝင် တို့သည် ဤသီတင်းကျွတ် လပြည့်အခါတော်နေ့၌ ရဟန်းသံဃာတို့အား ပူဇော်ခြင်း၊ မိဘ ဆရာသမားနှင့် အသက်သိက္ခာ ဂုဏ်ဝါကြီးရင့်သူတို့ကို ကန်တော့ခြင်းဖြင့် ˝၀ါကျွတ်ပူဇော် ကန်တော့ပွဲ˝ ကို မြို့တိုင်း ရွာတိုင်း ပြုလုပ်လေ့ ရှိကြသည်။

ကထိန်သင်္ကန်း လှူဒါန်းပွဲ

ဗုဒ္ဓမြတ်စွာသည် ၀ါတွင်းသုံးလ (၀ါဆိုလပြည့်ကျော် ၁-ရက်နေ့ သီတင်းကျွတ်လပြည့်ကျော် ၁-ရက်နေ့ထိ) ၀ါဆို ၀ါကပ်တော်မူခဲ့ကြသော ရဟန်းတော်များအား ကထိန်သင်္ကန်း ခံယူခွင့်ကို အခွင့်ပြုတော် မူခဲ့သည်။ ထိုကြောင့် ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် သီတင်းကျွတ်လပြည့်မှ တန်ဆောင်မုန်းလပြည့်အထိ တလ အတွင်းတွင် ကာလဒါနအဖြစ် ကထိန်သင်္ကန်းလှူဒါန်းခွင့်ရကြသည်။ ထိုကထိန်သင်္ကန်း အလှူကို ဦးဦးဖျားဖျား ပြုလုပ်လိုသူ တို့သည် သီတင်းကျွတ်လပြည့်နေ့တွင် ˝ကထိန်သင်္ကန်း လှူဒါန်းပွဲ˝ ကို သူ့ထက်ငါ ဦး ပြုလုပ်လှူဒါန်းလေ့ရှိကြပေသည်။

ပ၀ါဏာပွဲ

အထက်ပါ ဘာသာယဉ်ကျေးမှုပွဲတော်များကို ဗုဒ္ဓဘာသာဝင် မြန်မာပြည်ဖွား တိုင်းရင်းသားတို့ သည် နှစ်စဉ်မြင်တွေ့နေကြရပေသည်။ ကိုယ်တိုင်လည်း ပါဝင်ပြုလုပ် ဆင်နွှဲခဲ့ကြသည်။ ထို့ကြောင့် သီတင်းကျွတ်ပွဲတော်အခါတွင် ခြိမ့်ခြိမ့်သဲ ပျော်ပွဲဆင်ခဲ့ကြရသည်ကို သတိတရ ရှိနေကြမည် မလွဲပေ။ သို့သော် - ˝ပ၀ါရဏာပွဲ˝ အကြောင်း သိသူကား နည်းလှပေမည်။ အဘယ့်ကြောင့်ဆိုသော် ဤ ˝သီတင်းကျွတ် ပ၀ါရဏာပွဲတော်˝ ကား ရဟန်းတော်များ လိုက်နာကျင့်သုံးရန် ဗုဒ္ဓချမှတ်ပေးခဲ့သော ကျင့်စဉ်၊ လုပ်ထုံးလုပ်ရပ် ဖြစ်သောကြောင့် ပါပေတည်း။

ပ၀ါရဏာ မှာ ပါဠိစကားဖြစ်သည်။ ˝ဖိတ်ကြားခြင်း˝ ဟု အဓိပ္ပါယ်ရ၏။ ˝မြင်ရ၍၊ ကြားရ၍၊ သံသယဖြစ်၍ အပြစ်ရှိသည်ဟု ထင်မြင်ပါက ပြောဆို ဆုံးမတော်မူပါ˝ ဟု ရဟန်းတော် အချင်းချင်း ဖိတ်ကြားထားခြင်းကို ˝ပ၀ါရဏာ˝ ဟု ခေါ်ပါသည်။ ရဟန်းသံဃာတော်များအား အချင်းချင်း ဤသို့ ဖိတ်ကြားရန် ပညတ်တော်မူခဲ့ရခြင်း အကြောင်းကို အနည်းငယ် ချဲ့ပြပါဦးမည်။

ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိမြို့ဇေတ၀န်ကျောင်း၌ ၀ါကပ်တော်မူ၏။ ရဟန်း တော်တော်များများ လည်း ကျောင်းတိုက်တခုတည်းမှာ စုပေါင်း ၀ါကပ်ကြသည်။ ထိုရဟန်းတို့သည်˝အချင်းချင်း ညီညွတ်စွာ နေနိုင်ရေး၊ အငြင်းအခုန်ကင်းရေး၊ ချမ်းသာစွာ နေနိုင်ရေး˝ ဟူသော ဦးတည်ချက်ဖြင့် မူချ၍ သဘောတူ ကျင့်သုံးရန် ဆုံးဖြတ်ကြသည်။ ထိုဆုံးဖြတ်ချက်ကား - ˝အချင်းချင်း စကားမပြောရ၊ ၀စီပိတ်နေရမည်˝ ဟူ၏။

ဆွမ်းခံရာမှ အရင်ဆုံးပြန်လည် ရောက်ရှိ လာသူသည် ခြေဆေးရေ၊ ခြေဆေးအင်ပျဉ်၊ ခြေပွတ် အိုးခြမ်း တို့ကို ပြင်ဆင်ထားရမည်။ ဆွမ်းစားစရာ နေရာထိုင်ခင်း ခင်းကျင်းရမည်။ ပန်းကန် ခွက်ယောက်များ ဆေးကြောရမည်။ နေရာထိုင်ခင်း သိမ်းဆည်းရမည်။ သောက်ရေ သုံးရေအိုးများ နေထားတကျ ရှိစေ၍ ဆွမ်းစားကျောင်းကို တံမြက် လှည်း ရှင်းလင်းရမည်။ တစုံတဦးက သောက်ရေ သုံးရေ အိုးတို့၌ ရေမရှိသည်ကို တွေ့မြင်လျင် ဖြည့်လောင်းရမည်။ တဦးတည်း မနိုင်လျင် လက်အမူအရာဖြင့် အခြားရဟန်းတပါးကို ခေါ်၍ အကူ အညီယူရမည်။ ဘယ်နည်းနှင့်မျှ စကားပြောဆိုခြင်းကို မပြုရဟူသော ၀စီပိတ် စည်းကမ်းချက် များဖြင့် တ၀ါတွင်းလုံး နေထိုင်ကြလေသည်။

ထိုရဟန်းတော်များသည် သီတင်းဝါလ ကျွတ်သောအခါ ဗုဒ္ဓမြတ်စွာထံသွားရောက် ဖူးမြှော်ကန် တော့ကြလေ၏။ ဗုဒ္ဓမြတ်စွာသည် အာဂန္တုက ရဟန်းတော်များနှင့် ၀မ်းပန်းတသာ မေးမြန်းပြောဆိုလေ့ ရှိသည့်အတိုင်း - ˝ချစ်သားတို့ ချမ်းချမ်းသာသာ နေထိုင်ခဲ့ကြရပါရဲ့လား၊ တဦးနှင့် တဦး ခိုက်ရန်ငြင်းခုန်မှု ပြုခြင်း မရှိ ညီညွတ်စွာ နေထိုင်နိုင်ကြပါရဲ့လား˝ ဟုမေးမြန်း တော်မူသည်။ ထိုအခါ ရဟန်းတော်များက တ၀ါတွင်းလုံး သူတို့နေထိုင်ခဲ့ကြပုံကို လျှောက်ထား၍ ˝ချမ်းသာစွာ နေခဲ့ရပါကြောင်း˝ ပြန်ပြောင်း လျှောက် တင်ကြသည်။

ဤတွင် ဗုဒ္ဓမြတ်စွာသည် ရဟန်းတော်တို့ကို ကဲ့ရဲ့ ရှုံ့ချတော်မူသည်။ အပြစ်တင် တော်မူသည်။ ˝သင်တို့သည် ချမ်းချမ်းသာသာ မနေခဲ့ကြရပါဘဲ ချမ်းသာစွာ နေခဲ့ကြရပါသည်˝ ဟု ၀န်ခံကြသည်။ သင်တို့ ၏ ၀စီပိတ်အကျင့်သည် တောတွင်း တိရစ္ဆာန်တို့၏ နေထိုင်နည်းသာ ဖြစ်သည်။ သိုးတွေရဲ့ နေနည်း ထိုင်နည်းသာ ဖြစ်သည်။

ရန်သူအချင်းချင်းတို့၏ အမူအကျင့်နည်း တွေသာ ဖြစ်သည်။ (ရန်သူဖြစ်လျင် အချင်းချင်း မပြောနိုင်၊ မဆိုနိုင်ကြ။) သင်တို့သည် သာသနာ တော်ကို မကြည်ညိုသေးသူတို့အတွက် ကြည်ညိုလာရန်လည်းကောင်း၊ ကြည်ညိုပြီးသူတို့အတွက် ပိုမို၍ ကြည်ညိုသဒ္ဓါတက်စေရန်လည်းကောင်း မဖြစ်နိုင်ပေ˝ဟု ကဲ့ရဲ့ ရှုံ့ချတော်မူကာ - ˝သာသနာပ တိတ္ထိတွေ ကျင့်စဉ်ဖြစ်သည့် ဤ လူအ အကျင့်၊ ၀စီပိတ် အကျင့်ကို ကျင့်သုံးက ဒုက္ကဋ်အာပတ်သင့်စေ˝ ဟုသိက္ခာပုဒ် ပညတ်ပိတ်ပင်တော်မူခဲ့လေသည်။

ဗုဒ္ဓမြတ်စွာသည် ဤသိက္ခာပုဒ် ပညတ်တော်မူပြီးနောက် ၀ါကျွတ်ပြီးသော ရဟန်းတော်များအား အပြစ်မြင်က ကြားက ယုံမှားသံသယဖြစ်က ရေငုံနှုတ်ပိတ် (၀စီပိတ်) မနေဘဲ အချင်းချင်းပြောဆို ဆုံးမဖို့ ဖိတ်ကြားထားရန် ဆက်လက်မိန့်ကြားတော်မူခဲ့သည်။ ဤအချိန်အခါမှ စ၍ သီတင်းကျွတ် လပြည့်နေ့ရောက် တိုင်း ရဟန်းတော်များ၏ ˝ပ၀ါရဏာပွဲ˝သည် ပြုလုပ်မြဲဖြစ် လေသည်။ ထိုကြောင့် ရှေးပညာရှိတို့က -
˝မြတ်သံဃာလဲ၊ ဖိတ်ကြားမြဲ၊ ခြိမ့်သဲ ပ၀ါရဏာ˝ဟု မော်ကွန်းထိုးခဲ့ကြခြင်း ဖြစ်ပေ၏။

ပ၀ါရဏာ ပြုလုပ်ပုံ အစီအစဉ်

ကျောင်းတိုက်ရှိ သံဃာအားလုံး သိမ်ထဲတွင် စုရုံးနေရာယူကြရသည်။ သံဃာအားလုံးစုံသော အခါ သွက်လက်ချက်ချာသော ရဟန်းတပါးပါးက သံဃာအားလုံးကို အသိပေး လျှောက်ထားရ၏။ ˝အရှင်ဘုရား တို့ --- သံဃာတော်သည် တပည့်တော်၏ စကားကို နားစိုက်တော်မူပါ၊ ယနေ့ ပ၀ါရဏာ ပြုရမည့်နေ့ဖြစ်ပါ သည်၊ သံဃာတော်များ ညီလျှင် ပ၀ါရဏာ ပြုကြပါစို့˝။ ဤသို့ သံဃာအားလုံးအား အသိပေးပြီသော အခါ မထေရ်ကြီး (သံဃာပရိသတ်တွင် အကြီးဆုံးပုဂ္ဂိုလ်၊ သို့မဟုတ် ကျောင်းထိုင်ပုဂ္ဂိုလ်) ကစ၍ ဆောင့်ကြောင့် ထိုင်ကာ လက်အုပ်ချီမိုးလျက် သိမ်အတွင်းရှိ သံဃာ အားလုံး ကြားသိအောင် ဖိတ်ကြား လျှောက်ထားရပါသည်။

˝ငါရှင်တို့ - - - မြင်းခြင်း၊ ကြားခြင်း၊ သံသယဖြစ်ခြင်း (သုံးမျိုး)ဖြင့် သံဃာအား ဖိတ်ကြားပါ၏။ တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် မထိန်မချန် အမှန်အတိုင်း ပြောဆို ဆုံးမကြပါ။ မိမိအပြစ်ကို သိမြင်ရလျှင် ကုစားပါမည်˝ ဟုသုံးကြိမ်တိုင်တိုင် လျှောက်ထား ရလေသည်။ ထို့နောက်ဝါစဉ်အလိုက် သံဃာအားလုံး အငယ်ဆုံးရဟန်းအထိ လျှောက်ထားရလေ၏။ ဤကား ရဟန်းတော်များ သိမ်အတွင်း သဘော တူညီ စည်းဝေး၍ ပ၀ါရဏာပြုလုပ်ရပုံဖြစ်ပါသည်။ ရဟန်းတော်များ သည် အချင်းချင်း ဤသို့ဖိတ်ကြားထားသဖြင့် တစုံတရာ အပြစ်မြင်တွေ့ရလျှင် အချင်းချင်း ပြောဆိုညွှန်ပြ ခြင်းဖြင့် ပြုပြင်ထိန်းသိမ်းနိုင်ကြပေသည်။

ဗုဒ္ဓမြတ်စွာ ချမှတ်ပေးခဲ့သည့် ဤကျင့်စဉ်သည် နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်ခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် ˝ခေတ်မီဆဲ˝ဖြစ်သည်။ မှန်ပေသည်။ ဗုဒ္ဓမြတ်စွာသည် ˝သာသနာတော် စည်ပင်သန့်ရှင်းရေး၊ ရဟန်းတော်များ ကိုယ်ကျင့်ကောင်းရေး˝ အတွက်ဝေဖန်ရေးကို အားပေးခဲ့သည်။ အမှန်အတိုင်းပြောဆိုနိုင် ရေးကို အစဉ်တံခါးဖွင့်ပေးခဲ့သည်။

ချွတ်ချော်မှားယွင်းနေမှုများ မြင်နေပါလျက်၊ သိနေပါလျက် ပြောခွင့်၊ ဆိုခွင့်မရှိ၊ အ အကြီးလို နှုတ်ပိတ် နှုတ်ဆိတ်နေရခြင်းမျိုးကို လိုလားတော်မမူချေ၊ မိမိမှာ ချွတ်ယွင်းချက် အပြစ်တစုံတရာ ရှိနေလျင် အမြန် အမှန်အတိုင်း ပြုပြင်နိုင်ရေးကိုလည်းကောင်း၊ ချွတ်ယွင်းချက် အမှားများ တွေ့မြင်နေရလျှင် စိတ်သဘောထား ကြီးမားစွာဖြင့် မဆိုင်းမတွ ထောက်ပြ နိုင်ရေးကိုလည်းကောင်း လမ်းဖွင့်ပေးတော်မူခဲ့လေသည်။

ဗုဒ္ဓမြတ်စွာသည် ဤကဲ့သို့ ရဟန်းတော်များ အချင်းချင်း ဖိတ်ကြားခြင်းဖြင့် -

(၁) အညမညာနုလောမ = အချင်းချင်း ပြောခွင့် ဆိုခွင့် ရှိခြင်း။

(၂) အာပတ္တိ၀ုဋ္ဌာန = အမှားကို အမြန်ဆုံး ပြုပြင်နိုင်ခြင်း။

(၃) ၀ိနယပုရေက္ခာရ = ကိုယ်ကျင့်တရား မြင့်မားရေး ဦးတည်ခြင်း ဆိုသည့် အကျိုး ၃ - မျိုးဖြစ်ထွန်း ရရှိနိုင်မည် ဖြစ်ကြောင်း အတိအလင်း မိန့်ကြားခဲ့ပေ၏။

ဗုဒ္ဓမြတ်စွာ၏ ဤပ၀ါရဏာ ကျင့်စဉ်သည် ပုဂ္ဂိုလ် အချင်းချင်းသာ မဟုတ်၊ အဖွဲ့အစည်းများ၊ နိုင်ငံအုပ်ချုပ်သူများပါ လိုက်နာကျင့်သုံးရမည့် နည်းလမ်းကောင်းများဖြစ်ပါသည်။ လောကတွင် ˝မမှားသော ရှေ့နေ၊ မသေသော ဆေးသမား˝ မရှိနိုင်ချေ။ အမြှော်အမြင်ရှိသူ ပညာရှင်တို့၏ ညွန်ပြချက်၊ ဝေဖန်ချက်၊ မရယူဘဲ ˝ငါ့လှေ ငါထိုး၊ ပဂိုးရောက်ရောက်၊ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်˝ ဟု ငါထင်ရာ ငါသဘော ငါတကော ကောနေပါလျှင် ပျက်စီးဆုံးရှုံးခြင်း၊ နစ်နာခြင်းများဖြင့် ရင်ဆိုင်ရမည်မလွဲပေ။ ဤသို့ ˝ငါတကော ကောနေသူများ˝ကို မြတ်ဗုဒ္ဓက ဆန့်ကျင်ဟန့်တားတော်မူခဲ့၏။ ˝အပြစ်မြင်လျှင် အချင်းချင်းပြောဆို ညွှန်ပြခြင်း၊ အမှားများကို ပြုပြင်သွားခြင်းဖြင့်သာ ငါဘုရား၏ ပရိသတ်သည် ကြီးပွါး ချမ်းသာနိုင်သည်၊ ညီညွတ်သော အစည်း အရုံးသာ အငြင်းအခုန် ခိုက်ရန်ကင်း၍ ချမ်းသာခြင်း သုခကို ရရှိနိုင်သည်˝ ဟု မိန့်ကြား တော်မူခဲ့သည်။ (၀ိနည်းပါဠိတော်)။

တခါက အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် အမှတ်တမဲ့ဖြစ်၍ သင်္ကန်းစ တဖက် လျှော့ကျ နေလေ၏။ ထိုအခါ ရှင်သာမဏေ ငယ်လေးတပါးက ˝အရှင်ဘုရား - - - အရှင်ဘုရားရဲ့ သင်္ကန်းစ မညီမညာ ဖြစ်နေပါတယ်˝ ဟု ထောက်ပြခဲ့သည်။ ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်သည် ˝မလောက်လေး မလောက်စား ကိုရင်လေးက ငါ့ကို ပြောရပါမည်လား˝ ဟု အမှတ်ထားတော်မမူပေ။ သင်္ကန်းကို ညီညာစွာ ပြင်ကိုင်ပြီး ˝ဆရာ - - - ဒီအတိုင်း ဟုတ်ပါပြီလား˝ ဟု တလေးတစား မိန့်ကြားတော် မူခဲ့သည်။ ဤသည်မှာ ဗုဒ္ဓချမှတ်ပေးထားသည့် (ပ၀ါရဏာ) ကျင့်စဉ်ကြောင့် ရှင်ငယ်လေးပင် အမှားကို ထောက်ပြရဲခြင်း၊ ထောက်ပြနိုင်ခြင်းဖြစ်သည်။

ဤသို့ အချင်းချင်းပြုပြင် ထိန်းသိမ်း၍ လာခဲ့ကြခြင်းကြောင့် ˝ထေရ၀ါဒ ရဟန်းတော်များ˝ ကို ယနေ့တွေ့မြင်နေရသေးခြင်း ဖြစ်သည်။ တခြားတပါးသော ဘာသာဝင်တို့၏ ထိုးနှက်ချက်၊ ဗုဒ္ဓဘာသာဝင် မဟုတ်သော မင်းဆိုး မင်းညစ်တို့၏ အဓမ္မနှိမ်နင်း တိုက်ဖျက်ချက်တို့၏ ဒဏ်ကား မသေးငယ်လှ၊ ခေတ် အဆက်ဆက် ထေရ၀ါဒ ရဟန်းတော်များ အလူးအလိမ့်ခံခဲ့ကြရသည်။ သို့သော်ရှိသမျှ အင်အား၊ ရှိသမျှ စွမ်းအားဖြင့် ထေရ၀ါဒ ကျင့်စဉ်ကို ဗုဒ္ဓအလိုတော်ကျအတိုင်း မြဲမြဲ ဆုပ်ကိုင်လာခဲ့ကြသောကြောင့်သာ ဗုဒ္ဓမြတ်စွာသာသနာသည် ယနေ့တိုင် ˝ဗေဒါပျံ အံကိုခဲ၊ ပန်းပန် လျက်ပဲ˝ ဟု ဆိုရမလို ဖြစ်သည်။

˝တစုံတရာသော အမှားအယွင်း တွေ့မြင် ကြားသိ သံသယရှိပါက ပြောဆိုပါ၊ မိမိအမှားကို တွေ့ရလျှင် အမှန်ရောက်အောင် ပြင်ပါမည်˝ ဟူသော ဤဖိတ်မံချက်ဖြင့် ရဟန်းတော်များ အချင်းချင်း တံခါးဖွင့်ဝါဒ ကျင့်သုံး၍ သာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက် တော်မူလာခဲ့ကြပေသည်။ ဗုဒ္ဓချမှတ် တော် မူခဲ့သည့် ဤကျင့်စဉ်အတိုင်း ဗုဒ္ဓဘာသာဝင်တို့ တသွေမတိမ်း လိုက်နာကြမည်ဆိုပါလျင် နိုင်လို မင်းထက် မတရားနှိပ်စက်ခြင်း၊ အချင်းချင်းသတ်ဖြတ်ခြင်းများ ရှိတော့မည် မဟုတ်ပေ။ အချင်းချင်း သွေးစည်း ညီညွတ်၍ သာယာဝပြောသော လောကသစ်ကို ဖန်တီးနိုင်ကြပေလိမ့်မည်။
ဤကျင့်စဉ်မှ ကျွန်ုပ်တို့ သွေဖီကြလျှင်ကား -----

အရှင်မဟောသဓပဏ္ဍိတ
(၁၉၉၄ ခုနှစ်၊ အောက်တိုလထုတ်၊ လောကချမ်းသာ စာစောင်မှ)

ပ၀ါရဏာမှ ပေးသော အတွေးများကို ဆက်လက်ဖော်ပြပါမည်၊

အရှင်သုဝီရ (မဟာဂန္ဓာရုံ) ၏ ပို့စ်ကို ပြန်လည်ဝေငှပါသည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ