Tuesday, October 16, 2012

လူ စွမ်း ကောင်း


လူစွမ်းကောင်းဆိုတာ

လူစွမ်းကောင်း-တဲ့ အားလုံး ကြားဖူးနားဝရှိနေတဲ့ စကားလေးပါ။ လူစွမ်းကောင်းနဲ့ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက် တွေကတော့ တစ်ဦးနဲ့တစ်ဦး တူချင်မှ တူမယ်။
အယူအဆ မတူညီမှုတွေကို တူအောင်ညှိဖို့ဆိုတာကလဲ အခက်သား။

သတ္တဝါ နှစ်ဦးဟာ အယူအဆ အတွေးခေါ်တူဖို့ ခက်ခဲတယ်။လို့ ကျမ်းဂန်တွေမှာ ဆိုထားတယ်မဟုတ်လား။ မတူ ညီတာကို အသာထား ယူစရာကို ယူထားဖို့သာ အရေးကြီးတယ် လို့ စာရေးသူ ထင်မြင်မိပါတယ်။

လူစွမ်းကောင်းဖြစ်ဖို့ ၁-အညွန့်တလူလူတက်နေရမယ်၊ ၂-စွမ်းဆောင်နိုင်ရမယ်၊ ၃-ကောင်းမြတ်ရမယ်-လို့ လူစွမ်းကောင်း ဆိုတဲ့ စကားကို ဖွင့်ဆိုချင်ပါတယ်။

♣♣ ၁။အညွန့်တလူလူတက်နေရမယ်

လူ့ဘဝမှာ အညွန့်တလူလူတက်အောင် ကြိုးစားစရာတွေ အများကြီးပါပဲ။  တစ်ချို့လူတွေက စီးပွားရေး ချူချာရင် လူရာမ ဝင်ဘူးဆိုပြီး စီးပွားရေး အညွန့်တလူလူတက်အောင် ပုရွက်ဆိပ် လို စုဆောင်းကြပါတယ်။ ခပ်ငယ်ငယ် ကျောင်းသားဘဝက သင်ခဲ့ဖူးတဲ့  ပုရွက်ဆိပ်နဲ့ နှံကောင်ပုံပြင်ထဲက ပုရွက်ဆိပ်လို့ပေါ့။

အဲဒီပုံပြင်ထဲမှာ နှံကောင်က ရ,ရ စားစားသမား၊ ပုရွက်ဆိပ် ကတော့ စုဆောင်း ရေးသမားပေါ့။ မိုးတွင်းလဲရောက်ရော နှံ ကောင်က စားစရာမရှိလို့ ဒုက္ခရောက်ချိန်မှာ ပုရွက်ဆိပ်ကတော့ အေးဆေးပါပဲ။ သူက အမြော်အမြင်ကြီးကြီးနဲ့ စုဆောင်းထားတာ တွေ ရှိတာကိုး။ လူ့လောကထဲမှာလည်း နှံကောင်လို လူစားတွေ ရှိသလို၊ ပုရွက်ဆိပ်လို လူတွေလည်း နည်းမှာမဟုတ်ပါဘူး။ စာ ဖတ်သူကော ဘယ်လို လူစားလဲ၊ နှံကောင်လိုလား?၊ ပုရွက်ဆိပ် လိုလား?။

ဘာပဲဖြစ်ဖြစ်ပါ။ ကိုယ့်ဘဝ သုည ဖြစ်မသွားအောင် စီးပွားရေး အညွန့်လူနေမှ ဖြစ်မယ်။ ဒီနေရာမှာ သုညဆိုတာ ရသင့်တဲ့ အခွင့်အရေးတွေ ဆိတ်သုဉ်းသွားတာကို ပြောတာပါ။ လူညွန့်တုံး သွားတယ်လို့ ပြောရတော့မှာပေါ့။ ဥစ္စာမွဲတေ ဆင်းရဲနေရင် အကျိုးအားလုံး ဆုံးရှုံးဆိတ်သုဉ်းသွားတယ်-လို့ စာဏကျနီတိက ဆိုပါတယ်။

စီးပွားရေးအညွန့်ကျိုးနေလို့ ပညာဆည်းပူးဖို့ အခွင့်အရေး စတဲ့ လူ့အခွင့်အရေးတွေ ဆိတ်သုဉ်းနေတဲ့သူတွေ ကိုယ့်ပတ်ဝန်း ကျင်မှာ ဒုနဲ့ဒေးပါပဲ။  အဲဒီအခွင့်အရေးတွေ ရဖို့အတွက် ဒါနရှင် တွေဖြစ်တဲ့ ဓနသခင်တွေကို မျှော်လင့်နေသူတွေလည်းအများကြီး ပဲလေ။

စည်းစိမ်တွေက ဉာဏ်မရှိတဲ့သူကို ပျက်စီးအောင် ဖျက်ဆီး ပစ်နိုင်တယ် တဲ့။ အသိတရားနဲ့ သတိထားဖို့ ရှင်တော်ဘုရားက ညွှန်ကြားတော်မူခဲ့ပါတယ်။
ပုရွက်ဆိပ်လိုစုဆောင်ပြီး စီးပွားရေးအညွန့်တလူလူတက် လာရင် မရမ်းကားမိအောင် ဉာဏ်ဘရိတ်နင်းဖို့လဲ လိုပါလိမ့်မယ်။ ဉာဏ်ဘရိတ်ကင်းနေရင်တော့ မြှူဆွယ်နေတဲ့ အာရုံလှလှလေး တွေရဲ့ ချောက်ထဲ ပြုတ်ကျပြီး ဘဝပါပျက်စီးသွားအောင် စည်းစိမ် တွေက ပို့ဆောင်နိုင်တယ် ဆိုတာလေး သတိပေးပါရစေ။

တစ်ချို့ကျတော့လည်း ပညာရေးနုံချာရင် လူအလယ်မှာ မတင့်တယ်ဘူးဆိုပြီး ပညာရေးမှာ အညွန့်တလူလူတက်အောင် ကြိုးစား ကြပြန်တယ်။ စာဏကျနီတိဆရာက ပညာမတတ်သူရဲ့ အသက်ရှင်ခြင်းဟာ သုညပါပဲ-တဲ့။

ဒီနေရာမှာ ဒီဂရီပညာ-လို့ခေါ်တဲ့ ရာထူးရရှိရေး ပညာနဲ့ အသက်မွေးဝမ်းကျောင်းပညာ-လို့ခေါ်တဲ့ အသက်မွေးမှု ချောင် လည်ရေး လုပ်ငန်းပညာရယ်လို့ နှစ်မျိုးခွဲခြားဖို့လိုပါတယ်။

လူ့အ ဆင့်အတန်းမီချင်သူဆိုရင် "အသက်မွေးမှု၊ တစ်ခုပညာ၊ ကိုယ်စီ ပါ"ဆိုတဲ့ စကားအတိုင်း အသက်မွေးဝမ်းကျောင်းပညာ တစ်ခုခုကို တော့ မသင်မဖြစ် သင်ရမှာပါ။  အတတ်ပညာ မတတ်ရင်တော့ "ပညာမရှိ, သူ၏ဝန်ထမ်း" ဆိုတဲ့ စကားနဲ့အညီ သူများရဲ့ အစေ အပါးဘဝနဲ့ "မသေရုံစား၊ မအားရုံနေ"ဆိုတာလို ဖြစ်သွား တတ်ပါတယ်။

"လူအမျိုးမျိုး နတ်အဖုံဖုံ"ဆိုတဲ့အတိုင်း တစ်ချို့က ဒီဂရီ ပညာကို ဆည်းပူးကြပြီး တစ်ချို့က အသက်မွေးဝမ်းကျောင်း ပညာကို လိုက်စားကြပါတယ်။ ဘယ်ပညာရေးပဲဖြစ်စေ အသိ အလိမ္မာမရှိဘဲ မိုက်ရူးရဲဆန်နေရင်တော့ ကိုယ့်အတတ်က ကိုယ့်ကို သတ်ဖြတ်ခြင်း ခံရနိုင်တယ်ဆိုတာကိုတော့ သတိထားရပါ လိမ့်မယ်။

ဓမ္မပဒဋ္ဌကထာ သဋ္ဌိကူဋပေတဝတ္ထုမှာ ကျောက်စရစ်ပစ် အတတ်ပညာရှင်နှစ်ဦး အကြောင်းပါပါတယ်။ တစ်ဦးက သူ့ပညာကို မှန်မှန်ကန်ကန် အသုံးချခဲ့လို့ ရွာစားကြီး ဖြစ်သွား ပါတယ်။ ကျန်တစ်ဦးကတော့ သူတတ်တဲ့အတတ်ပညာကို အကြောင်းမဲ့ အစွမ်းပြမိလို့ အသေဆိုးနဲ့သေရပြီး ပြိတ္တာကြီးဖြစ် သွားရပါသတဲ့။ သူတတ်တဲ့ အတတ်ပညာက သူ့ရရှိတဲ့ လူဘဝကို အညွန့်ကျိုးစေခဲ့တာ၊ လူညွန့်တုံးစေခဲ့တာပါ။
တွေ့ကြုံနေရတဲ့ လက်တွေ့ဘဝထဲမှာလည်း ခေတ်ပညာ တတ်ချင်း တူညီပေမယ့် လိမ္မာတဲ့ ခေတ်ပညာတတ်က မိမိရဲ့တိုး တက်မှု, တိုင်းပြည်ရဲ့တိုးတက်မှုကို မှန်ကန်စွာ ဖန်တီးနိုင်ပြီး မလိမ္မာ တဲ့ ခေတ်ပညာတတ်ကတော့ သူတတ်သလောက် သူကိုယ်တိုင်နဲ့ သူတစ်ပါး မှောက်ဖို့အတွက်ပဲ အသုံးချတတ်ကြပါတယ်။
"ကိုယ်ပိုင်ဉာဏ်ကင်းမဲ့တဲ့ လူမိုက်တတ်သမျှ အတတ်ပညာ ဟာ သူ နစ်နာပျက်စီးဖို့ပါပဲ"ဆိုတဲ့ ဓမ္မပဒမှာ ဘုရားရှင်ဟော တော်မူတဲ့စကားတော်ကို အသိပွားလို့ သတိထားကြပါလို့ တိုက် တွန်းချင်ပါတယ်။

အရေးကြီးတာရှိသေးတယ်။ အဲဒါက 'ကျန်းမာရေး'ပါ ကျန်းမာရေးအညွန့်ကျိုးနေရင် ဘယ်မှာ လူရာဝင်တော့မလဲ။ ပြီး တော့ သူရှိသမျှ စီးပွားရေး သူသိသမျှ ပညာရေးအညွန့်တွေပါ ညှိုးနွမ်းချောက်သွေ့သွားနိုင်သလို နောက်ဆုံး အသက်ပါ ပျောက် သွားနိုင်ပါတယ်။ ကျန်းမာခြင်းဟာ အမြတ်ဆုံး လာဘ်တစ်ပါး မဟုတ်လား။

ဒါကြောင့် ကျန်းမာရေးအညွန့်လူနေအောင် "အသက်ဉာဏ် စောင့်၊ ဥစ္စာကံ စောင့်" ဆိုတဲ့စကားအတိုင်း အမှတ်တမဲ့ နေထိုင်မှု တွေ အမှတ်တမဲ့ စားသောက်မှုတွေကို ရှောင်ကြဉ်ပြီး သင့်လျော် တဲ့ နေထိုင်စားသောက်မှုနဲ့ ဆေးဝါး ဓာတ်စာတွေကို မှီဝဲဖို့လည်း အရေးကြီးပါတယ်။

လူ့ဘဝမှာ စီးပွားရေး, ပညာရေး, ကျန်းမာရေးတွေ အညွန့် လူနေဖို့ "လူ"ဆို့တဲ့ ပထမစာလုံးက ညွှန်ကြားနေတယ်လို့ တွေးမိ ပါတယ်။

♣♣၂။ စွမ်းဆောင်နိုင်ရမယ်

လူတစ်ယောက်က အညွန့်တလူလူတက်နေအောင် ကြိုးစား ရသလို စွမ်းဆောင် နိုင်သူ ဖြစ်အောင်လည်း ကြိုးစားဖို့လိုပါလိမ့်မယ်။ ဒါမှ "လူစွမ်း" ဖြစ်မှာပါ။
လက်ညှိုးညွှန်ရာ စေစားနိုင်တဲ့ ရှင်ဘုရင်ကြီးပဲ ဖြစ်ဖြစ်၊ သုံးမကုန်, ဖြုန်းမကုန်တဲ့ မဟာသူဌေးကြီးပဲ ဖြစ်ဖြစ်၊ အရာရာကို သိစွမ်းနိုင်တဲ့ မဟာပညာကျော်ကြီးပဲ ဖြစ်ဖြစ်၊ လူသားကောင်းကျိုး မသယ်ပိုးသေးသရွေ့ ဘုရားရှေ့မှာတော့ "သုည"ပဲတဲ့။ ဖတ်ဖူးတဲ့ စာတစ်ပုဒ်ပါ။ လေးနက်တဲ့အဓိပ္ပာယ်နဲ့အတူ အတွေးချဲ့ဖို့ပါ တွန်းအားပေးနေ သလိုပါပဲ။

ဒီနေရာမှာ "သုည"ဆိုတာ ဘာမှ မဟုတ်သေးဘူး၊ ဘာအစွမ်းအစမှမရှိသေးဘူးလို့ ဆိုလိုတာပါ။ တစ်နည်းပြောရင် "စွမ်းနိုင်သူမဟုတ်သေးဘူး"လို့ ဆိုလိုက်တာပါပဲ။

ဟုတ်တယ်။ ဘာကောင်းကျိုးမှ မသယ်ပိုးသေးရင် စွမ်းနိုင်သူလို့ သတ်မှတ်မှာ မဟုတ်သလို, မကောင်းမှုတွေမှာ စွမ်းနေရင်လည်း"ရမ်းကားသူ"လို့ ကင်ပွန်းတပ်ပြီး အန္တရာယ်ရှိသည်လို့ ကြေငြာကြမှာ သေချာပါတယ်။

လူသားအားလုံးရဲ့ ကောင်းကျိုးကို အသာထားပါဦး၊ စီးပွား ရေးမှာ အညွန့်တလူလူတက်နေတဲ့သူတွေ ကိုယ့်မှာရှိတဲ့ ပစ္စည်း အင်အားနဲ့ ကိုယ်မြို့နယ်ရဲ့ ကောင်းကျိုးကို ဘယ်လောက် စွမ်းဆောင်နိုင်ခဲ့ပြီလဲ?၊ ကိုယ့်ရပ်ရွာရဲ့ ကောင်းကျိုးကိုကော ဘယ် လောက်အထိ စွမ်းဆောင်နိုင်ခဲ့ပြီလဲ?၊ ပညာရေးမှာ အညွန့်တလူ လူတက်နေသူတွေ ကရော ကိုယ်တတ်တဲ့ ပညာနဲ့ ကိုယ့်မြို့နယ်ရဲ့ ကောင်းကျိုး ကိုယ့်ရပ်ရွာရဲ့ကောင်းကျိုးကို ဘယ်လောက် စွမ်း ဆောင်ပြီးပြီလဲ?၊ စဉ်းစားကြဖို့ပါ။

ဪ ....
လူ့ပြည်လောက  လူ့ဘဝကား
အိုရ နာရ သေရဦးမည်  မှန်ပေသည်တည့်။
သို့တပြီးကား .....
သင်သေသွားသော်
သင်ဖွားသောမြေ  သင်တို့မြေသည်
အခြေတိုးမြှင့်  ကျန်ကောင်းသင့်၏။
သင်၏မျိုးသား  စာစကားလည်း
ကြီးပွားတက်မြင့်  ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ  စေတီသာနှင့်
သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက်  ကျန်စေသတည်း။ (ဇော်ဂျီ)

အထက်ပါ ဆရာဇော်ဂျီရဲ့ သင်သေသွားသော် ကဗျာလေး ကို အတွေးလေးနဲ့ ဖတ်ကြည့်စမ်းပါဗျာ။ 

ကိုယ်သေသွားရင် ဘာ တွေချန်ခဲ့မလဲ?၊ တစ်ခုခုလား?၊ ဒါမှ မဟုတ် "သုည" ပဲလား?။ အားလုံးကတော့ သေမှာသေချာတယ်နော။
ဒီမြေကြီးကို အမြဲနင်းနေတယ်၊ ဒီမြေကြီးနင်းခအတွက် လောကကောင်းကျိုး သယ်ပိုးသင့်တယ်။ ဟောဒီ လေကို အမြဲရှူ နေတယ်၊ လေရှူခအတွက် လောက ကောင်းကျိုး သယ်ပိုးသင့် တယ်တဲ့။ ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲက စာပုဒ်တစ်ခုပါ။

ဆက်ပြီးတွေးကြည့်မိတယ်။ ဒီရွာမှာ နေတယ်၊ ဒီရွာရဲ့ ကောင်းကျိုးကို သယ်ပိုးသင့်တယ်။ ဒီမြို့မှာ နေတယ်၊ ဒီမြို့ရဲ့ ကောင်းကျိုးကို သယ်ပိုးသင့်တယ်။ ...နေတယ်... သယ်ပိုးသင့်တယ်......။ တွေးကြည့်ပါတော့ဗျာ..။

ကိုယ့်မှာရှိတဲ့ ကိုယ်အား, ဉာဏ်အား, ပစ္စည်းအားတွေနဲ့ အများလှအောင် စွမ်းအားရှိတုန်းလေး စွမ်းဆောင်ကြဖို့ တိုက်တွန်း ချင်ပါတယ်။ အဲဒီလိုမှ မစွမ်းဆောင်ရင်  ကိုယ့်နောက်ကို သုညပဲ ပါသွားပြီး ကိုယ်နောက်ကွယ်မှာလည်း သုညပဲကျန်ခဲ့မှာသေချာ နေပါပြီ။

ကိုယ်နောက်မှာရော ကိုယ့်နောက်ကိုပါ တစ်ခုခုကျန်ခဲ့ဖို့နဲ့ တစ်ခုခုပါသွားနိုင်ဖို့ လူသားအကျိုးတွေရဲ့ကောင်းကျိုး တစ်မျိုးမျိုးကိုတော့ စွမ်းဆောင်နိုင်သူဖြစ်အောင် ကြိုးပမ်းဆောင် ရွက်ပါလို့ "စွမ်း"ဆိုတဲ့ ဒုတိယစာလုံးလေးက တွန်းအားပေးနေ သလို ခံစား တွေးတောမိပါတယ်။

♣♣ ၃။ ကောင်းမြတ်ရမယ်

 "ကောင်း"ဆိုတာနဲ့ပတ်သက်လို့ နှစ်သက်ဖွယ်သော၊ မွန် မြတ်သော၊ သန့်စင်သောစသဖြင့် မြန်မာအဘိဓာန်မှာ ဖွင့်ဆိုထားတာ တွေ့ရပါတယ်။ စာရေးသူကတော့ "လူစွမ်းကောင်း" စကား မှာပါတဲ့ "ကောင်း"ဆိုတဲ့ စကားလုံးကို မွန်မြတ်သော အဓိပ္ပာယ်ကိုဆောင်တဲ့ "ကောင်းမြတ်ရမယ်"လို့ ဖွင့်ဆိုလိုက်ပါတယ်။ စိတ်ဓာတ် ကောင်းမြတ်တာကို အဓိကရည်ရွယ်ချင်တာပါ။

စိတ်ဓာတ်မွန်မြတ်မှုမရှိရင် ပိုနေအောင်ပစ္စည်းတွေ ရှိနေ ပေမယ့် လိုနေသူတွေကို ဖြည့်မပေးနိုင်ဘူး။ ပညာတွေ မြင့်မားနေ ပေမယ့် နိမ့်ပါးနေသူတွေကို မဖြန့်ဝေနိုင်ဘူး။ အာဏာပါဝါတွေ ကြီးကျယ်နေပေမယ့် သိမ်ငယ်သူတွေကို မညှာတာနိုင်ဘူး။

ယုတ်မာတဲ့ စိတ်ဓာတ်တွေရှိနေရင်တော့ ပိုဆိုးတာပေါ့။ "ဘယ်သူသေသေ ငတေမာပြီးရော" ဆိုပြီး ရှိတဲ့စည်းစိမ်ဥစ္စာ, တတ်သမျှ အတတ်ပညာ, ကြီးကျယ်တဲ့ အာဏာပါဝါတွေကို ခုတုံးလုပ်ပြီး အတ္တ အဆိပ်တွေနဲ့ လူတွေကို ဒုက္ခပေးနေတော့မှာပါ။

ဥစ္စာရှင်တွေက ဥစ္စာနဲ့၊ ပညာရှင်တွေကလည်း ပညာနဲ့၊ အာဏာရှင်တွေက အာဏာနဲ့ ကိုယ့်မြို့နယ် ကိုယ့်ဒေသကို တိုး တက်စည်ပင်အောင် စိတ်ကောင်းမွေးပြီး ဆောင်ရွက်ကြမယ်ဆိုရင် သာယာဖွံ့ဖြိုးတဲ့ ထိပ်တန်းစာရင်းဝင် မြို့နယ်, ရပ်ရွာဒေသ တစ်ခု ဖြစ်သွားနိုင်ပါတယ်။

ကိုယ့်မိသားစု, ကိုယ့်ရပ်ရွာ, ကိုယ့်မြို့နယ်မှာ ရာထူးမဲ့သူ တွေနဲ့ ရာထူးနဲ့သူတွေ၊ ဥစ္စာရှားပါးသူတွေနဲ့ ဥစ္စာများပြားသူတွေ၊ ပညာသင်တွေနဲ့ ပညာရှင်တွေ အချင်းချင်း အမုန်းတရားတွေ အာဃာတတွေ မာန်မာနတွေ အတ္တတွေကိုယ်စီနဲ့ဆိုရင်တော့ ကျန်းမာရေး စီးပွားရေး လူမှုရေးစတဲ့အရေးတွေ သာယာဖွံ့ဖြိုး နိုင်ပါ့မလား?။ စဉ်းစားမိပါတယ်။

 အားလုံး အမုန်းတရားတွေ အာဃာတတွေ မာန်မာနတွေ အတ္တတွေ မနာလိုစိတ်တွေကို မြေမြှုပ်သင်္ဂြိုဟ်လိုက်ပြီး နွေးထွေမှု စာနာမှု ရှိုင်းပင်းမှုစတဲ့ ကောင်းမြတ်တဲ့ စိတ်ဓာတ်တွေ ကိုယ်စီနဲ့ ကိုယ့်ရပ်ရွာ ကိုယ့်မြို့နယ် ကိုယ့်တိုင်းပြည်ရဲ့ ကောင်းကျိုး တွေကို သယ်ပိုးနိုင်ဖို့ "ကောင်း"ဆိုတဲ့ တတိယစာလုံးလေးက ညွှန်ပြနေတယ်လို့ တွေးမိပါတယ်။

လူစွမ်းကောင်းဖြစ်ဖို့ အဓိကသော့ချက်ဟာ စိတ်ထား ကောင်းမြတ်မှုပဲဆိုရင် မှားမယ်မထင်ပါဘူး။ စိတ်ထားမြင့်မြတ်မှ အညွန့်တလူလူတက်နေတဲ့ စီးပွားရေး ပညာရေးတွေကို အများ အကျိုးအတွက် စွမ်းဆောင်နိုင်မှာပါ။
ကောင်းမြတ်တဲ့စိတ်ထားတွေနဲ့ ကိုယ့်ရပ်ရွာ ကိုယ့်မြို့နယ် ကိုယ့်တိုင်းပြည်ရဲ့ ကောင်းကျိုးကို စွမ်းဆောင်နိုင်ကြတဲ့ လူစွမ်း ကောင်းများများပေါ်ထွက်နိုင်ပါစေလို့ ဆုမွန်ချွေလိုက်ပါတယ်။


♣♣ (မှတ်ချက်) သီတဂူဆရာတော်၏ (၇၅)နှစ်အထိမ်းအမှတ် ဗုဒ္ဓအသံတွင် မိုးမြေအမည်ဖြင့် ပူဇော် ဖော်ပြခဲ့သော ဆောင်းပါဖြစ်ပါသည်။ တွေးမိသလို ရေးမိခြင်းသာဖြစ်ပါသည်၊ အမှားများ လိုအပ်ချက်များ ရှိနေသေးသည်ကို သည်းခံခွင့်လွတ်နိုင်ကြမည်ဟု မျှော်လင့်ပါတယ်။
 

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ